Windows 10 Myanmar Phonetic order စာရိုက်နည်း
Windows 8 & 10 တို့မှာ မြန်မာစာ ယူနီကုဒ်အတွတ် မူရင်းဖောင့်ဖြစ်တဲ့ Myanmar Text နဲ့ Myanmar Phonetic order Keyboard ဆိုတဲ့ လက်ကွက်တို့ပါဝင်ပြီးသားပါ။
Windows 10 နောက်ဆုံးဗားရှင်းမှာဆိုရင် Myanmar visual order Keyboard ဆိုတဲ့လက်ကွက်တစ်မျိုးပါ ပါဝင်လာပါပြီ။
Myanmar Phonetic order က မြန်မာစာအသံထွက်အတိုင်း ရိုက်ရတဲ့လက်ကွက်ပါ။သဝေထိုးကို နောက်ကရိုက်ရတဲ့ လက်ကွက်ပါ။
Myanmar Visual order ကတော့ လက်နှိပ်စက်အတိုင်းရိုက်ရတဲ့ လက်ကွက်ပါ။သဝေထိုးကို ရှေ့ကရိုက်ရတဲ့ လက်ကွက်ပါ။
အခုပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Myanmar Phonetic order ရဲ့စာစီစာရိုက် လက်ကွက်စနစ်အကြောင်းပါ။
လက်ကွက်ကို အောက်မှာဖော်ပြပေးထားပါတယ်၊။
အရင်ဆုံးပြောပြချင်တဲ့ အချက်တစ်ချက်က မြန်မာစာရေးထုံးမှာ
သင်ပုန်းကြီး နည်းစနစ်ရှိပါတယ်။ မြန်မာစာစာလုံးပေါင်း သတ်ပုံအစီအစဉ်အရ ဗျည်း၊ ဗျည်းတွဲ၊ သရ၊ အသတ် လို့အကျဉ်းအားဖြင့် ပြောရပါမယ်။မြန်မာစာယူနီကုဒ်က သင်ပုန်းကြီးနည်းစနစ်အတိုင်း ကွန်ပျူတာမှာ သိမ်းဆည်းပေးတာပါ။ငယ်ငယ်တုန်းက စာသင်ကျောင်းတွေမှာ သဝေထိုးကိုအရင်ရွတ်ဆိုပြီး သင်ယူခဲ့ရတဲ့အတွတ်
သဝေထိုးကို အရင်ရိုက်ရမယ်လို့ ထင်နေကြတာပါ။တကယ်တမ်း သဝေထိုးဆိုတာ သရ ဖြစ်လို့ ဗျည်း၊ဗျည်းတွဲ ရိုက်ပြီးမှ သဝေထိုးကို ရိုက်ရမှာပါ။အဲ့ဒါကြောင့် Myanmar Phonetic order ဟာ သဝေထိုးကို နောက်မှရိုက်ရတဲ့ စနစ်ဖြစ်နေတာပါ။ဒါ့အပြင် သင်ပုန်းကြီးစနစ်အတိုင်း ရိုက်ရတာဖြစ်လို့ ဗျည်း ဗျည်းတွဲ သရ တွေကို သိထားဖို့လိုပါတယ်။
(၁) ဗျည်း
ဗျည်းဆိုတာကတော့ ကကြီး မှအ အထိလို့မှတ်ယူနိုင်ပါတယ်။
(၂) ဗျည်းတွဲ
ဗျည်းတွဲ တွေကတော့
-ယပင့် (ျ)
-ရရစ် (ြ)
-ဝဆွဲ (ွ)
-ဟထိုး (ှ) တို့ဖြစ်ပါတယ်။အလွယ်နည်းနဲ့ ပင့် ရစ် ဆွဲ ထိုး လို့မှတ်ထားပါ။
စာရိုက်တဲ့နေရာမှာ ယပင့် နဲ့ ရရစ် နှစ်မျိုးပါရင် ယပင့် ကိုအရင်ရိုက်ရပါလိမ့်မယ်၊။
(၃) သရ
သရ တွေကတော့
-မောက်ချ/ဝိုက်ချ (ါ/ာ)
-လုံးကြီးတင် (ိ)
-လုံးကြီးတင်ဆံခတ် (ီ)
-တစ်ချောင်းငင် (ု)
-နှစ်ချောင်းငင် (ူ)
-သဝေထိုး (ေ)
-နောက်ပစ် (ဲ)
-သဝေထိုး မောက်ချ/သဝေထိုး ဝိုက်ချ (ေါ/ော)
-သေးသေးတင် (ံ)
-လုံကြီးတင် တစ်ချောင်းငင် (ို)
ဗျည်းတွဲ သရ တွေကိုအစဉ်လိုက် အတိုင်းရိုက်ရပါတယ်။
ဘယ်လိုမျိုးတွေလဲဆိုတာကိုတော့ အောက်မှာရှင်းပြပေးပါမယ်။
– ရွှေ ကိုရိုက်မယ်ဆိုရင် { ရကောက် + ဝဆွဲ + ဟထိုး + သဝေထိုး }
{ ဗျည်း + ဗျည်းတွဲ + ဗျည်းတွဲ + သရ }ဆိုတဲ့ သင်ပုန်းကြီးစနစ်အတိုင်း ရိုက်ရတာဖြစ်ပါတယ်။
ဒီနေရာမှာ ရကောက် ဟထိုး ရိုက်ပြီးမှ ဝဆွဲကို ရိုက်လို့မရပါဘူး။
ဗျည်းတွဲအစဉ်မှာ ဝဆွဲ ပြီးမှ ဟထိုး လာတာပါ။
– မြို့ ကိုရိုက်မယ်ဆိုရင် { မ + ရရစ် + လုံးကြီးတင် + တစ်ချောင်းငင် + အောက်မြစ် }{ ဗျည်း + ဗျည်းတွဲ + သရ + သံပြောင်းပြသင်္ကေတ }
ဒီနေရာမှာ သရ တွေဖြစ်တဲ့ လုံကြီးတင် တစ်ချောင်းငင် တို့ကို အစဉ်လိုက်ပဲရိုက်ရမှာပါ။
မြွှာ ဆိုရင်လည်း { မ + ရရစ် + ဝဆွဲ + ဟထိုး + ရေးချ } { ဗျည်း + ဗျည်းတွဲ + ဗျည်းတွဲ + ဗျည်းတွဲ + သရ }
မြေ ဆိုရင် { မ + ြ + ေ } { ဗျည်း + ဗျည်းတွဲ + သရ }
မေ = ( မ + ေ ){ ဗျည်း + သရ }
မွှေး = ( မ + ွ + ှ + ေ + း ){ ဗျည်း + ဗျည်းတွဲ + ဗျည်းတွဲ + သရ }
ကျွေး = ( က + ျ + ွ + ေ + း ){ ဗျည်း + ဗျည်းတွဲ + ဗျည်းတွဲ + သရ }
မွေ = ( မ + ွ + ေ ){ ဗျည်း + ဗျည်းတွဲ + သရ }
(၄) ပါဌ်ဆင့်
ပါဌ်ဆင့်ရေးတဲ့နေရာမှာတော့ ဝိရာမ ကိုအသတ် နေရာတွင်ထည့်ရပါတယ်။
စန္ဒာ ရေးမယ်ဆိုရင် { စ + န + ္ + ဒ + ာ }
္ ကိုရိုက်ဖို့အတွတ် (Shift+f) ကိုနှိပ်ပေးရပါမယ်။
(၅) ကင်းစီး
ကင်းစီးဆိုတာကတော့ ငသတ်ရဲ့ ပါဌ်ဆင့်ပုံစံတစ်မျိုးပါ။ဒါပေမယ့် ကင်းစီးက နောက်ကလာသည့်အက္ခရာပေါ်မှာနေပါတယ်။
မင်္ဂလာ ရေးမယ်ဆိုရင် { မ + င + ် + ္ + ဂ + လ + ာ }
ခြုံ = ( ခ + ြ + ု + ံ )
မြှင့် = ( မ + ြ + ှ + င + ် + ့ )
သင်္ဘော = ( သ + င + ် + ္ + ဘ + ေ +ာ )
လိမ္မော် = ( လ + ိ + မ + ္ +မ + ေ + ာ + ် )
ငြှိုး = ( င + ြ + ှ + ိ + ု +း )
ဥက္ကဋ္ဌ = ( ဥ + က +် + က + ဋ +် + ဌ )
ဘဏ်ဍာ = ( ဘ + ဏ +် + ဍ +ာ )