မြန်မာစာနှင့် ပါဠိ (၂)
“အရင်တစ်ပတ်က စကားစရင်းနဲ့ မြန်မာစာ အရေးအသား မပေါ်ပေါက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ပါဠိစကားကိုအသုံးပြုနေပြီဆိုတဲ့အကြောင်းပြောခဲ့တာ မှတ်မိလား”
“မှတ်မိပါတယ် ဆရာ”
“အခုမြန်မာစကားနဲ့ပါဠိစကား ဆက်သွယ်ပုံ အကြောင်း ပြောမယ်ဆိုတော့ အဲဒီအကြောင်းက စရင်ကောင်းမယ် ထင်လို့လေ။ မြန်မာစာအရေး အသားမပေါ်ခင် ပျူလူမျိုးတွေ ထင်ထင်ရှားရှား ရှိနေတဲ့ သရေခေတ္တရာခေတ်ကတည်းက ဗုဒ္ဓ သာသနာရောက်နေပြီဆိုတာ သရေခေတ္တရာ တစ်ဝိုက်မှာရှိတဲ့ ဘုရားပုထိုးတွေ၊ စာအရေးအသား အထောက်အထားတွေက သက်သေပြနေတယ် မဟုတ်လား”
“ဟုတ်ပါတယ်ဆရာ။ သရေခေတ္တရာက ဘောဘောကြီးဘုရားတို့၊ ဘဲဘဲဘုရားတို့ ခုအထိ အထင်အရှား ရှိနေတာပဲ”
“ဒီနေရာမှာ ပါဠိဘာသာစကားကိုအသုံးပြုနေပြီဆိုတဲ့အထောက်အထားတစ်ခုအကြောင်း ပြောရအောင်”
“ဟုတ်ကဲ့ပါ”
“မင်း ဒီစာအုပ် နှစ်အုပ် လေ့လာဖူးသလား”
“ကြည့်ပါရစေဆရာ…‘ပျူစာ ခင်ဘရွှေပေချပ် လေ့လာချက်’ ရယ်၊ ‘ပျူစာခင်ဘရွှေပေချပ် ဓာတ်ပုံများ’ ရယ်၊ ဒီစာအုပ်တွေ ခုမှတွေ့ဖူးပါတယ် ဆရာ”
“ဒီစာအုပ်တွေက ဆရာတို့ရဲ့ဆရာမကြီး မြန်မာစာပါမောက္ခ ဒေါ်သန်းဆွေပြုစုခဲ့တဲ့ စာအုပ် တွေလေ။ မြန်မာအက္ခရာ မြန်မာစာအကြောင်း လေ့လာရင် အထောက်အထားပြုစရာတွေပေါ့”
“ဟုတ်ကဲ့ပါ”
“ခင်ဘကုန်းရွှေပေချပ်ဆိုတာက ပေချပ်ပုံ ရွှေပြားတွေပေါ်မှာ ရေးထိုးထားတဲ့ ပါဠိပိဋကတ် တော်တွေလေ။ ၁၉၂၆ ခုတုန်းက ပြည်ခရိုင် မှော်ဇာမှာရှိတဲ့ယာမြေက ဘုရားပြိုတစ်ဆူရဲ့ ဌာပနာတိုက်ထဲကရခဲ့တဲ့ ရှေးဟောင်းအမွေပေါ့။ဟိုတုန်းကတော့ ကမ္ပည်းကျောက်စာဌာနလို့ ခေါ်တာပေါ့။ အခုရှေးဟောင်းသုတေသနဌာနပါ။ အဲဒီဌာနက တွေ့ရှိပြီး ထိန်းသိမ်းထားတယ်။ တွေ့တဲ့နေရာက မောင်ခင်ဘဆိုတဲ့ပုဂ္ဂိုလ်ပိုင်တဲ့ ယာမြေမို့ ခင်ဘကုန်းလို့ခေါ်ကြတယ်”
“ခင်ဘကုန်းဆိုတာတော့ ကြားဖူးပါတယ် ဆရာ။ အဲဒီပေချပ်တွေမှာ ဘာအကြောင်းအရာ တွေရေးထားပါသလဲဆရာ”
“ဆရာမကြီးဒေါ်သန်းဆွေရဲ့ အမှာစာမှာ အဲဒီ အကြောင်းကို ဖော်ပြထားတယ်။ ဟောဒီမှာ…ကြည့်။ ပဋိစ္စသမုပ္ပါဒ ဒေသနာတော် ဝိပဿနာ ဉာဏ် ၇ ပါး၊ ဗောဓိပက္ခိယတရား ၃၇ ပါး၊ ဝေသာ ရတ္တသုတ်၊ ဗုဒ္ဓဉာဏ်တော် ၁၄ ပါး၊ အားလုံးတွင် အမြတ်ဆုံး ၄ မျိုး၊ သိကြားမင်းလုလင် သီဆိုသော ဂါထာနဲ့ ဗုဒ္ဓဂုဏ်တော် ၉ ပါးတို့ပါဝင်တယ်တဲ့”
“ဟုတ်ကဲ့ပါ”
“အခု တို့နဲ့ဆိုင်တာပြောရရင် အဲဒီဂါထာတွေ က ပါဠိဘာသာနဲ့ စီကုံးထားတဲ့ဂါထာတွေပဲ။ ရေးထိုးထားတဲ့အက္ခရာကတော့ ပျူအက္ခရာနဲ့ ရေးထိုးထားတယ်”
“အခုဆရာပြောတာ သိပ်သဘောမပေါက်လို့ ရှင်းပြပါအုံးဆရာ။ ပါဠိဘာသာနဲ့ ရေးထိုးထား တယ်ဆိုတော့ ပါဠိအက္ခရာနဲ့ရေးထိုးတာ မဟုတ် ဘူးလား”
“အဲဒါကြောင့် ‘ဘာသာစကား’ နဲ့ ‘စာ’ ကို ကွဲပြားဖို့လိုတယ်လို့ ဆရာပြောတာပေါ့။ များသော အားဖြင့်တော့ ခု မင်းထင်သလိုပဲ စကားနဲ့စာ မကွဲ ကြဘူး။ ကဲ…မြန်မာစကားနဲ့ မြန်မာစာတူသလား၊ မတူဘူးလား”
“အတူတူပဲမဟုတ်လား ဆရာ”
“အဲဒါကြောင့် ပြောတာလေ။ ခုမင်းကိုယ်တိုင် တောင် ရောထွေးနေပြီ။ ဒါဆိုမြန်မာစကားဆိုတာ က ဘယ်ဟာကိုပြောတာလဲ”
“အခုဆရာတို့၊ ကျွန်တော်တို့ပြောဆိုနေတဲ့ စကားကို ဆိုလိုတာပါဆရာ”
“ဟုတ်တယ်။ တို့ပါးစပ်ထဲက အသံထွက်ပြီး ပြောတာ မြန်မာစကားပဲ။ အဲဒီလိုပဲ လူမျိုးအသီးသီး မှာ စကားတွေအမျိုးမျိုးရှိမှာပေါ့။ မြန်မာစကား၊ ကရင်စကား၊ ရှမ်းစကား၊ အင်္ဂလိပ်စကား၊ အက်စကီ မိုစကား စသည်ဖြင့်ပေါ့ကွာ။ တိတိကျကျ ပြောရင် တော့ ဘာသာစကားပေါ့။ ကမ္ဘာပေါ်မှာ ဘာသာ စကားတွေ ၇၀၀၀ ထက်မနည်းရှိတယ်လို့ ပညာရှင် တွေက ပြောဆိုကြတယ်”
“ဟုတ်ကဲ့ပါ”
“ကဲ- မြန်မာစာ ဆိုတာကရော”
“မြန်မာစာက အခုဆရာတို့၊ ကျွန်တော်တို့ ရေးနေတဲ့ စာအရေးအသားတွေပါဆရာ” “ဟုတ်တယ်။ မြန်မာစာဆိုတာက အခု တို့စာရွက်ပေါ်မှာရေးတဲ့စာ၊ ပုံနှိပ်တဲ့စာ၊ ကွန်ပျူတာ ပေါ်မှာ စီတဲ့စာတွေပေါ့။ များသောအားဖြင့်တော့ စာဆိုတာစကားကိုမြင်သာထင်သာအောင် အက္ခရာ တွေနဲ့ ပြန်ရေးထားတာလေ”
“ဟုတ်ကဲ့၊ နားလည်ပါပြီဆရာ”
“စကားနဲ့စာ မတူတာကို သာဓကပြရရင် တချို့ ဘာသာစကားတွေမှာ စာမရှိသေးတာကြည့်ပေါ့။ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုမဖွံ့ဖြိုးတဲ့ လူမျိုးစုငယ် တွေမှာ စာမရှိတာတွေ အများကြီးပဲလေ”
“နားလည်ပါပြီဆရာ”
“ဒီတော့ပါဠိဆိုတာ ဒီနေရာမှာ ဘာသာစကား ကိုဆိုလိုတာ။ အဲဒီပါဠိစကားကို မြန်မာစာနဲ့လဲ ရေးလို့ရတယ်၊ ပျူစာနဲ့လဲရေးလို့ရတယ်၊ အင်္ဂလိပ် စာနဲ့လဲရေးလို့ရတယ်၊ တခြားစာတွေနဲ့လဲရေးလို့ ရတယ်။ အဲဒီလိုနားလည်ရမှာလေ”
“နားလည်ပါပြီဆရာ”
“ဒီတော့ ပါဠိဘာသာစကားနဲ့ဖော်ပြထားတဲ့ ဗုဒ္ဓစာပေတွေကို ခရစ်နှစ် ၅ ရာစု၊ ၆ ရာစုကတည်းက ပျူအက္ခရာနဲ့ ရေးနေပြီ။ မြန်မာစာအရေးအသားက ၁၀ ရာစု၊ ၁၁ ရာစုကျမှ ပေါ်ပေါက်တာဆိုတော့ မြန်မာစာအရေးအသား မပေါ်ခင်ကတည်းက မြန်မာ နိုင်ငံမှာ ပါဠိဘာသာထွန်းကားနေပြီဆိုတာ သိနိုင် တာပေါ့”
“ဟုတ်ကဲ့ပါဆရာ”
“နောက်ပြချင်တာတစ်ခုက ဒီစာအုပ်ပဲ”
“ ‘အေဒီ ၆ ရာစုနှစ် ယင်းမတိုင်မီ ရခိုင် ပြည်သုံးအက္ခရာ’တဲ့။ ရေးသူက ‘ဦးစံသာအောင်’ တဲ့”
“ဟုတ်တယ်။ ဦးစံသာအောင်ဆိုတာ ရူပဗေဒ ပညာရှင် ရခိုင်အမျိုးသားပါမောက္ခဆရာကြီးလေ။ အဆင့်မြင့်ပညာ ဦးစီးဌာနမှာ ညွှန်ချုပ်တာဝန်ထမ်း ဆောင်သွားတယ်။ ဆရာကြီးက ဝါသနာအလျောက် ရခိုင်ပြည်သုံး အက္ခရာတွေကို သုတေသနပြုထား တာပါ”
“ဟုတ်ကဲ့၊ မှတ်သားစရာကောင်းပါတယ်ဆရာ”
“ဒီနေရာမှာ တစ်ခုပြောချင်တာက တို့အရှေ့ တောင်အာရှမှာ အသုံးပြုနေတဲ့အက္ခရာတွေဟာ အိန္ဒိယပြည်မှာ စတင်ပေါ်ပေါက်တဲ့ ဗြာဟ္မီအက္ခရာ Brahmiscript က ဆင်းသက်တဲ့ အက္ခရာပွားတွေပဲ။ ပညာရှင်တွေက အဲဒီလိုယူဆတယ်။ ခရစ်နှစ် ဦးပိုင်းမှာ အိန္ဒိယနိုင်ငံသားတွေ နယ်သစ် ပယ်သစ် ရှာဖို့ အရှေ့တောင်အာရှကို ရွက်သင်္ဘောကြီးတွေနဲ့ ရောက်လာတဲ့အခါ သူတို့နဲ့အတူ အိန္ဒိယ ယဉ်ကျေးမှုတွေ ပါလာတယ်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဗြာဟ္မီအက္ခရာ၊ သက္ကတဘာသာ၊ ပါဠိဘာသာ၊ ရာမာယဏဇာတ်၊ ပြီးတော့ နီတိကျမ်းတွေ စသည်ဖြင့်ပေါ့။ အဲဒီအချိန်မှာ ဘာသာတရားတွေနဲ့အတူ ဘာသာစကားတွေ၊ စာပေတွေ ပျံ့နှံ့လာတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ရခိုင်မှာ အေဒီ ၆ ရာစုမတိုင်ခင်ကတည်းက စာအရေးအသားအထောက်အထားတွေရှိနေပြီ။ အကြောင်းအရာတွေကတော့ ဗုဒ္ဓစာပေပိဋကတ် တော်ထဲက အကြောင်းအရာတွေပေါ့။ သက္ကတ ဘာသာနဲ့လဲ ရေးတယ်။ ပါဠိဘာသာနဲ့လဲ ရေးတယ်။ သက္ကတနဲ့ ပါဠိ ရောပြီးတော့လဲရေး တယ်။ ရေးတဲ့စာကတော့ အိန္ဒိယမြောက်ပိုင်းသုံးအက္ခရာတွေရော၊ တောင်ပိုင်းသုံး အက္ခရာတွေရော အသုံးပြုတယ်လို့ဆိုတယ်”
“ဘာသာစကားနဲ့စာအရေးအသားအက္ခရာမတူပုံ တော်တော်ရှင်းသွားပါပြီဆရာ”
“နောက် အထောက်အထားတစ်ခုက ရှေးဟောင်းအုတ်ခွက် ဆင်းတုတော်များဆိုတဲ့ စာအုပ်ပဲ။ ရှေးဟောင်းသုတေသနဌာနက အငြိမ်းစားကျောက်စာဝန်၊ ဆရာကြီးဦးမြ ပြုစု ထားတာလေ”
“အုတ်ခွက် ဆင်းတုတော်အကြောင်း ကျွန်တော် သိပ်မလေ့လာဖူးပါဘူးဆရာ”
“လွယ်လွယ်ပြောရရင်တော့ ရွှံ့ပြားဆိုပါ တော့၊ မြေပျော့ပျော့ပေါ့။ အဲဒီအလယ်မှာလိုရာပုံကို ပုံသွင်းပြီး မီးဖုတ်ထားလို့ အုတ်ခွက်လို့ခေါ်တာပေါ့။ ‘မြေပုံဘုရား’ လို့လဲခေါ်တယ်။ တစ်ဖက်မှာ ဘုရား ပုံ၊ အဲ - ရုပ်ပွားဆင်းတုတော်ပုံပေါ့၊ အဲဒီပုံကို ပုံဖော် ထားပြီး တစ်ဖက်မှာ အလှူရှင်နာမည်တွေ၊ အလှူ မှတ်တမ်းတွေ၊ ဂါထာတွေကို ရေးထားတယ်။ သက္ကတ၊ ပါဠိ၊ ပျူ၊ မွန်၊ မြန်မာဘာသာစကားတွေနဲ့ ရေးထားတဲ့ဂါထာတွေပဲ။ သုံးတဲ့အက္ခရာက ခုနပြောတဲ့ အိန္ဒိယမြောက်ပိုင်းသုံး၊ တောင်ပိုင်း သုံးအက္ခရာတွေပေါ့။ အဲဒီအုတ်ခွက်ဆင်းတုတော် တွေ အများကြီးပုံသွင်းပြုလုပ်ပြီး ဘုရားပုထိုး တွေမှာ ဌာပနာလေ့ရှိတယ်။ အနော်ရထာမင်း လက်ထက်မှာပြုလုပ်တဲ့ အုတ်ခွက်ဆင်းတုတော် တွေ အများကြီးတွေ့ရတယ်။ ရေးလေ့ရှိတဲ့ အကြောင်းအရာက ဘုရားရှင်ပွင့်တော်မူပြီး ပထမဆုံးဓမ္မစကြာဟောတဲ့ ပဉ္စဝဂ္ဂီငါးပါးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိက၊ ရှင်သာရိ ပုတ္တရာ ဖြစ်လာမဲ့ ဥပတိဿပရိဗိုဇ်ကိုဟောတဲ့ ဂါထာပဲ”
“ဪ…ယေဓမ္မာဂါထာလား ဆရာ”
“ဟုတ်တယ်။ ကဲ…မင်းရတယ်မဟုတ်လား။ ဆိုကြည့်စမ်းပါ”
“ ‘ယေ ဓမ္မာဟေတုပ္ပဘဝါ၊ တေသံဟေတုံ တထာ ဂတောအာဟ၊ ကေသဉ္စယော နိရောဓော၊ ဧဝံဝါဒီမဟာသမဏေ’ ဟုတ်တယ်။ ဘုရားရှင် ဟောကြားတဲ့ သစ္စာလေးပါးကို အကျဉ်းချုပ်ဖော်ပြ ထားတဲ့ဂါထာပေါ့။ အုတ်ခွက်မှာ ရေးတာကတော့ မြန်မာလိုမဟုတ်သေးဘူး။ ခုနပြောတဲ့ ဗြာဟ္မီ အက္ခရာပွား တစ်ခုခုနဲ့ရေးတာပေါ့။ သက္ကတ ဘာသာနဲ့ရော၊ ပါဠိဘာသာနဲ့ရော၊ သက္ကတနဲ့ပါဠိ ရောပြီးတော့ရော ရေးတာတွေ့ရတယ်။ အခုပြော ချင်တာကတော့ မြန်မာစာအရေးအသား စတီထွင်တဲ့ ၁၀ ရာစု၊ ၁၁ ရာစု မတိုင်ခင် ၅ ရာစု၊ ၆ ရာစုကတည်းက တို့မြန်မာတွေ ပါဠိဘာသာ စကားနဲ့ အကျွမ်းတဝင်ဖြစ်နေပြီဆိုတဲ့ အကြောင်း ပါပဲ”။ ။