John Okell မြန်မာစာ-မြန်မာစကားထဲတွင် မြှုပ်နှံလေ့လာခဲ့သူ နိုင်ငံခြားပညာရှင်များစွာ ရှိပါသည်။ ထိုပညာရှင်များထဲ တွင် လူသိများလှသော (ကမ္ဘာသိ) ပညာရှင်တစ်ဦးမှာ ဆရာကြီးဂျွန်အိုကယ် ဖြစ်ပါသည်။ ဆရာကြီး၏ နာမည် အပြည့်အစုံမှာJohn William Alan Okell ဖြစ်ပါသည်။ ဆရာကြီးသည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာသင်ကျောင်း (SOAS) တွင် မြန်မာစာ ကထိက၊ မြန်မာစာဝါရင့်ကထိက စသည်ဖြင့် နှစ်ပေါင်း ၃၀ ကျော် ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် မြန်မာစာ- မြန်မာစကားနှင့်ပတ်သက်သော စာအုပ်စာတမ်း များစွာ ရေးသားခဲ့သောကြောင့် ဆရာကြီး၏နာမည်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို-ဘွဲ့လွန်ကျောင်းသားဘဝ ကပင် ဆရာများထံမှ မကြာခဏ ကြားခဲ့ရဖူးပါသည်။ ဆရာကြီးနှင့် ရင်းနှီးသူများက ကိုအုတ်ခဲဟူ၍ မြန်မာဆန်ဆန်ခေါ်သည်ကိုလည်း ကြားခဲ့ဖူးပါသည်။

ဆရာကြီးနှင့် ကျွန်တော်တွေ့ရကြုံရပုံကလည်း ဇာတ်လမ်းဆန်လှပါသည်။ မှတ်မှတ်ရရ ၂၀၁၄ ခုနှစ် မေ ၂၈ ရက် နေ့လယ်ခင်း ဖြစ်ပါသည်။ နေရာက ရန်ကုန်တက္ကသိုလ် မာလာဆောင်၌ ကျင်းပနေသည့် အရှေ့တောင်အာရှဘာသာဗေဒအသင်း၏ (၂၄)ကြိမ် မြောက်ဆွေးနွေးပွဲ (24th Meeting of the Southeast Asian Linguistics Society) တွင် ဖြစ်ပါသည်။ ထိုနေ့က ကျွန်တော်သည် စာတမ်းတစ်စောင် တင်သွင်းဖတ်ကြား ခဲ့ပါသည်။ နိုင်ငံတကာပညာရှင်များရှေ့တွင် ပထမဆုံး စာတမ်းဖတ်ကြားရခြင်း ဖြစ်သည့်အတွက်ကြောင့် တစ်ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားရခြင်း ဖြစ်သည့်အတွက်ကြောင့် တစ်ကြောင်း စိတ်လှုပ်ရှားစွာဖြင့် ဖတ်ကြားခဲ့ရပါသည်။ ဖတ်ကြားအပြီးတွင် နိုင်ငံတကာ ပညာရှင်များ၏ မေးခွန်းများကို စာတမ်းဖတ်သူက တစ်ဦးချင်း ပြန်လည်ဖြေကြားရသည့် အစီအစဉ်လည်း ပါရှိပါသည်။ ထိုအချိန်တွင် နိုင်ငံခြားသားပညာရှင် တစ်ယောက်က ကျွန်တော်အဖြေရခက်သည့် မေးခွန်း တစ်ပုဒ်ကို မေးလာပါတော့သည်။ မေးခွန်းက “လိုက်” ဟူသော မြန်မာအကူကြိယာ၏ အနက်အဓိပ္ပာယ်ကို အင်္ဂလိပ်လိုအဖြေပေးရန် မေးခြင်းဖြစ်ပါသည်။ မြန်မာ စကားအကြောင်းကို ရှင်းပြရာ၌ သဒ္ဒါစကားတစ်လုံးချင်း၏ အနက်အဓိပ္ပာယ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် တစ်လုံး ချင်း ကွက်တိပြန်ဖြေပေးရန် အလွန်ခက်ပါသည်။ မြန်မာဘာသာစကားရှိ ထိုကဲ့သို့သော သဒ္ဒါသုံး-စကား လုံးများကို ဂဃနဏ သိသူ တစ်ကမ္ဘာလုံးတွင် လက် ၁၀ ချောင်းပြည့်အောင်ပင်မရှိကြောင်း ကျွန်တော့်ဆရာ (အမေရိကန်ပြည်ထောင်စု နော့သင်းအီလီနွိုက် တက္ကသိုလ်မှ) ဆရာဦးစောထွန်း (စာရေးဆရာ“စောလူ”) သင်ကြားပေးခဲ့ဖူးသည်ကို ထိုအချိန်တွင် ပြန်လည်သတိရ နေမိပါသည်။ ထို့ကြောင့် ကျွန်တော်လည်း ပညာရှိဆန်ဆန် ဤသို့ ဖြေလိုက်ရပါတော့သည်။

“အကူကြိယာ “လိုက်”ရဲ့အဓိပ္ပာယ်က အင်္ဂလိပ်လို Just လို့တော့ အဓိပ္ပာယ်ရပါတယ်။ တိတိကျကျ သိချင်တယ်ဆိုရင်တော့ ဆရာကြီးဂျွန်အိုကယ်ရေးတဲ့ A Reference Grammar of Colloquial Burmese စာအုပ် နဲ့ Burmese/ Myanmar Dictionary of Grammatical Forms စာအုပ်နှစ်အုပ်ကို ရှာဖတ်ပါခင်ဗျာ” ဟူ၍ ဖြေချလိုက်ပါသည်။ ကိုယ့်အဖြေကိုယ်လည်း ကျေနပ်နေမိပါ သည်။ ကျေနပ်၍မှ မဆုံးသေးပါ။ ထိုအခိုက်မှာပင် စာတမ်း ဖတ်ပွဲတစ်ခုလုံး “ဝါး”ခနဲ ရယ်သံကြီးထွက်ပေါ်လာပါတော့ သည်။ ကျွန်တော်လည်း အဖြေမှားသွားပြီဟု ထင်လိုက်ပြီး တစ်ကိုယ်လုံး ထူပူသွားပါတော့သည်။ ထိုရယ်သံများ နောက်မှ လက်ခုပ်တီးသံများ တဖြောင်းဖြောင်း ထပ်မံ ထွက်ပေါ်လာပါသည်။ ကျွန်တော်လည်း ဘာမှန်းမသိ ဇဝေဇဝါ ဖြစ်နေပါသည်။ ထိုအချိန်တွင် မေးခွန်းမေးသူက မတ်တပ်ရပ်၍ သူသည် ဂျွန်အိုကယ် ကိုယ်တိုင်ပင် ဖြစ်ကြောင်း ရှင်းပြပြီးမှ ကျွန်တော့်အား ပညာစမ်းလို၍ မေးခြင်းမဟုတ်ပါကြောင်း၊ ပညာရှင်များအလယ်တွင် ပိုမို ထင်ရှားစေရန် အားပေးကူညီလိုသည့် သဘောဖြင့်သာ မေးခြင်းဖြစ်ပါကြောင်း ပြန်လည်ရှင်းပြခဲ့ပါသည်။ ကျွန်တော်လည်း အံ့သြဝမ်းသာ ဖြစ်ခဲ့ရပါသည်။ ဆရာကြီး နှင့် မမျှော်လင့်ဘဲ သိကျွမ်းခွင့်ရသဖြင့် ဝမ်းသာမိရသလို ပညာရှင် သူတော်ကောင်း ဆန်လှသည့်အတွက်လည်း ဝမ်းမြောက်ပီတိဖြစ်မိခဲ့ရပါသည်။

ဆရာကြီးသည် ကိုယ်တိုင်က အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်သော်လည်း တစ်သက်တာလုံးတွင် မြန်မာစာ၊ မြန်မာ စကား၊ မြန်မာ့ယဉ်ကျေးမှုများနှင့် ပတ်သက်သည့် သုတေသနပေါင်းများစွာပြုလုပ်ခဲ့ပြီး လေးစားဖွယ်ကောင်းသည့် စာအုပ်စာတမ်းများစွာ ရေးသားခဲ့ပါသည်။ ကမ္ဘာ့အင်တာနက် စွယ်စုံကျမ်းတွင် ဆရာကြီးရေးသားခဲ့သည့် မြန်မာစာ၊ မြန်မာစကား၊ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်း စာရင်းကို ဤသို့အားရစဖွယ် တွေ့ရပါသည်။ စာအုပ်အနေ ဖြင့် - ပြုစုထုတ်ဝေခဲ့သည်မှာ အောက်ပါတို့ ဖြစ်ပါသည်-

  • (၁၉၆၉) မြန်မာနှုတ်ပြောစကားအညွှန်းသဒ္ဒါကျမ်း (A Reference Grammar of Colloquial Burmese)

  • (၁၉၇၁) မြန်မာဘာသာကို ရောမအက္ခရာဖြင့် အသံ လှယ်နည်း (A Guide to the Romanization of Burmese)

  • (၁၉၈၉) မြန်မာစကားကို ကနဦးအဆင့်သင်ကြားနည်း (First Step in Burmese)

  • (၁၉၉၄) မြန်မာနှုတ်ပြောစကားမိတ်ဆက် (ပထမတွဲ) (Burmese: An Introduction to the Spoken Language:Book 1)

  • (၁၉၉၄) မြန်မာနှုတ်ပြောစကားမိတ်ဆက် (ဒုတိယတွဲ) (Burmese: An Introduction to the Spoken Language:Book 2)

  • (၁၉၉၄) မြန်မာအက္ခရာမိတ်ဆက် (Burmese: An Introduction to the Script)

  • (၁၉၉၄) မြန်မာစာပေသုံးစကားဟန်မိတ်ဆက် (Burmese: An Introduction to the Literary Style)

  • (၂၀၀၁) မြန်မာဘာသာစကားရှိသဒ္ဒါစကားလုံးများအဘိဓာန် (မစ္စအင်နာအဲလော့နှင့် တွဲဖက်) (Burmese/ Myanmar Dictionary of Grammatical)

  • (၂၀၀၂) နားကြားမှုဖြင့်သင်ကြားသောမြန်မာစကား(ဝါ) မရှိမဖြစ်မြန်မာစကား (Burmese By Ear /Essential Myanmar) ထိုစာအုပ်များအပြင် အောက်ပါစာတမ်းများကိုလည်း ရေးသားထုတ်ဝေခဲ့ပါသည်-

  • (၁၉၆၃) ထာဝရတည်တံ့နေသောမြန်မာသီချင်း သုံးပုဒ် (Three ‘Immortal’ Burmese Songs)(ဒေါက်တာလှဘေ၊ အင်နာအဲလော့တို့နှင့်တွဲဖက်)

  • (၁၉၆၄) မြန်မာဆရာတစ်ဦးထံမှဂီတကိုလေ့လာ ခြင်း(Learning Music From a Burmese Master)

  • (၁၉၆၅) နိဿယမြန်မာဘာသာ(နိုင်ငံခြားသဒ္ဒါနှင့်ဝါကျဖွဲ့ထုံးကိုစနစ်တကျမြန်မာမှုပြုခြင်း) (Nissaya Burmese: A case of Systematic Adaptation to a Foreign Grammar and Syntax

  • (၁၉၆၇) အစောပိုင်း မြန်မာဇာတကကဗျာတစ်ပုဒ်၏ ဘာသာပြန်ပုံနှင့် အပြောက်အမွမ်းဖွဲ့ပုံ (“Translation” and “Embellishment” in an Early Burmese “Jataka” Poem)

  • (၁၉၇၁) အခင်နှစ်ထပ်ပါမြန်မာ့နှဲ (The Burmese Double- Reed “Nhai”)

  • (၁၉၇၉) “သေး၊ အုံးနှင့် တော့”တို့ကို ထပ်မံ လေ့လာခြင်း

(“Still” and “ Anymore” in Burmese: Another Look at / thei/,/oun/and/to/)

  • (၁၉၈၈) မရူကြိယာများအတွင်းရှိ တက်ကျသံအလဲအလှယ်ဖြစ်ပေါ်ခြင်းဆိုင်ရာမှတ်စုများ

(Notes on Tone Alternation in Maru Verbs)

  • (၁၉၈၉) ယောဒေသိယစကား (The Yaw Dialecet of Burmese)

  • (၁၉၉၅) မြန်မာဒေသိယစကားသုံးမျိုး (Three Burmese Dialecets)

  • (၂၀၀၇) ဒေါက်တာလှဘေ နာရေးသတင်း (Obituary: Dr.U Hla Pe (၁၉၁၃-၂၀၀၇) စသည်တို့ ဖြစ်ပါသည်။

ဆရာကြီး တစ်သက်တာရေးသားပြုစုခဲ့သည့် အထက်ပါ စာအုပ်စာတမ်းများကို သေချာစွာလေ့လာကြည့် မည်ဆိုလျှင် ဆရာကြီးသည် မြန်မာစာပေ၊ မြန်မာကဗျာ၊ မြန်မာ့ဂီတ၊ မြန်မာသဒ္ဒါ၊ မြန်မာဒေသိယစကားများ စသည်တို့ကို စနစ်တကျလေ့လာကာ သုတေသန ပြုလုပ်ခဲ့ပြီး ထဲထဲဝင်ဝင် ကောင်းစွာ ကျွမ်းကျင် တတ်မြောက်သူဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ဆရာကြီး ရေးသားပြုစုခဲ့သည့် မြန်မာသဒ္ဒါကျမ်းများသည် မြန်မာလူမျိုးလေ့လာသူများသာမက ကမ္ဘာတစ်ဝန်းလုံးရှိ မြန်မာစာ၊ မြန်မာစကား လေ့လာသူများအားလုံးလည်း လက်စွဲပြု လေ့လာကြရသော ကျမ်းများ ဖြစ်ကြပါသည်။ မြန်မာလူမျိုးမဟုတ်သော နိုင်ငံခြားသားတစ်ဦးက မိမိဘဝ၏ တစ်သက်တာလုံးကို မြန်မာမှုနယ်ပယ်အတွင်း နှစ်မြုပ်ထားကာ ဤမျှလောက် ကြိုးပမ်းအားထုတ်ခဲ့ သည်မှာ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် လည်းကောင်း၊ မြန်မာစာ-မြန်မာစကား လေ့လာသူ တစ်ယောက်အနေဖြင့်လည်းကောင်း ဆရာကြီးအပေါ် လေးစားအားကျမိရပါသည်။ များစွာကျေးဇူးတင်ဖွယ် ကောင်းသည်ဟုလည်း ထင်မြင်မိပါသည်။

၃-၈-၂၀၂၀ နေ့က ဆရာကြီး ကွယ်လွန်သွားရှာပြီဟု မိတ်ဆွေတစ်ယောက်က ယခင်တစ်ပတ်တွင် ဖုန်းဆက် အကြောင်းကြားလာပါသည်။ အသက် (၈၆)နှစ် ရှိပြီဟု လည်း သိရပါသည်။ ကျွန်တော်လည်း အတော်ပင် စိတ်မကောင်း ဖြစ်ရပါသည်။ သတင်းကြားလျှင် ကြားချင်းပင် အင်တာနက်ကိုဖွင့်၍ အင်တာနက် စွယ်စုံကျမ်းကို ဖွင့်ကြည့်လိုက်ပါသည်။ ဆရာကြီး၏ စာမျက်နှာတွင် အပ်ဒိတ်လုပ်ထားပြီး ထိုသတင်းအမှန် ဖြစ်နေသည်ကို အံ့လည်းအံ့သြဖွယ် စိတ်လည်း မကောင်းဖွယ် သံဝေဂရလည်းရဖွယ် တွေ့လိုက်ရပါသည်။ အံ့သြဖွယ်ဖြစ်ရခြင်းမှာ ချက်ချင်းလိုလို အပ်ဒိတ် လုပ်ထားခြင်းကြောင့် ဖြစ်ပါသည်။ စိတ်မကောင်းခြင်း များစွာ ဖြစ်ရကြောင်းကို လန်ဒန်တက္ကသိုလ် လက်ရှိ မြန်မာစာနှင့် ဘာသာဗေဒပါမောက္ခလည်းဖြစ်သူ ဆရာကြီး၏တပည့် ရင်းလည်းဖြစ်သူ-Dr. Justin Watkins ထံ ချက်ချင်း အီးလ်မေးပို့လိုက်ပါသည်။ မြန်မာစာ၊ မြန်မာ စကားနှင့် မြန်မာ့ယဉ်ကျေးမှုကို အလွန်ချစ်မြတ်နိုးသည့် ဆရာကြီးအကြောင်းကို မြန်မာပြည်မှ မြန်မာစာပေ လေ့လာသူများအတွက်လည်းကောင်း၊ မြန်မာလူမျိုးအားလုံးအတွက်လည်းကောင်း ဂုဏ်ပြုရေးသား မှတ်တမ်း တင်လိုစိတ် ပေါ်ပေါက်လာပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးသားရင်း ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။ ဆရာကြီး ကောင်းရာသုဂတိလားပါစေ သတည်း။

ကိုးကား။ ။ (၁) “ပြည်ပပညာရှင်များနှင့်မြန်မာ စကား မြန်မာစာ” (မောင်ခင်မင်-ဓနုဖြူ) (၂) အင်တာနက် (ဝီကီပီဒီးယား)