မြန်မာစာနှင့် ပါဠိ (၁)
“ဆရာ၊ ကျွန်တော်ပါ”
“ဟယ် မင်းဘယ်ကပေါ်လာတာလဲ။ မတွေ့ ရတာကြာပြီ”
“ဟုတ်ပါတယ်ဆရာ။ ကျွန်တော်က နယ်မှာအိမ်ထောင်ကျပြီး အခြေချလိုက်တော့၊ ရန်ကုန်လဲ သိပ်မရောက်ဖြစ်ဘူး ဆရာ”
“အေး- မင်းပုံနှိပ်လုပ်ငန်းလုပ်ရင်း စာတွေလဲ ရေးနေတယ်လို့တော့ သတင်းကြားပါတယ်”
“ဟုတ်ကဲ့၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ဆောင်းပါးကလေးတွေတော့ရေးဖြစ်ပါတယ်။ စာလဲဖတ်ဖြစ်ပါတယ် ဆရာ”
“အေးပါကွာ၊ ဝမ်းသာပါတယ်”
“ကျွန်တော်လဲ လေ့လာမိသလောက် စာပေအကြောင်း၊ ယဉ်ကျေးမှုအကြောင်းတွေ ရေးနေပါတယ်။ စာတွေဖတ်ရင်းနဲ့ မြန်မာစာနဲ့ပါဠိက ဘယ်တုန်းကစပြီး ဘယ်လိုဆက်စပ်လာတာလဲ ဆိုတာ သေသေချာချာ သိချင်လာတယ် ဆရာ”
“ဟုတ်ပါပြီ။ မင်းကျောင်းမှာတုန်းက ပါဠိလဲ ယူခဲ့တယ် မဟုတ်လား”
“ယူခဲ့ပါတယ်ဆရာ။ မြန်မာစကားထဲက ပါဠိမွေးစားစကားလုံးတွေအကြောင်းတို့၊ ပါဠိပိဋကတ်တော်တွေ မြန်မာဘာသာပြန်တဲ့ အကြောင်းတို့ကိုလဲ ဟိုတစ်စဒီတစ်စ ဖတ်မိပါတယ်”
“ဒီတော့…”
“ကျွန်တော်က သားတစ်ယောက်ကို ကျောင်းလာအပ်ရင်း ရန်ကုန်မှာ တော်တော်ကြာကြာနေအုံးမှာပါ ဆရာ။ ဆရာနဲ့လဲ တွေ့ချင်တာရယ်၊ ခုပြောတဲ့ မြန်မာစာနဲ့ ပါဠိအကြောင်း တွေလဲ မေးချင်တာရယ်…”
“အဲဒါကြောင့် ရောက်လာတယ်ဆိုပါတော့။ မင်းနဲ့စကားမပြောရတာကြာပြီဆိုတော့ ငါလဲ ပြောချင်ပါတယ်။ အခု မင်းပြောတဲ့အကြောင်းတွေ အကြမ်းဖျင်းတော့ ခေါင်းထဲမှာရှိပါတယ်။ အစီအစဉ်တကျတော့ မဟုတ်ဘူးပေါ့ကွာ။ ပြောကြ ဆိုကြရင်း ပေါ်လာမှာပေါ့”
“ဟုတ်ကဲ့ပါ ဆရာ။ ပထမဆုံး မြန်မာစကားထဲကို ပါဠိစကားလုံးတွေ ဘာကြောင့်ရောက်လာတာလဲ ဆိုတာပြောကြရင် ကောင်းမယ်ထင်ပါရဲ့”
“အေးပါ။ မင်းဆန္ဒရှိသလိုပေါ့။ မင်းသိတဲ့အတိုင်း လိုရင်းပြောရရင် ဗုဒ္ဓသာသနာ ပုဂံမှာ ထွန်းကားလာတာကို အကြောင်းပြုပြီး မြန်မာစကားနဲ့ ပါဠိစကားထဲ စတွေ့ရတာလို့ ဆိုရမှာပေါ့။ ဒါက ထင်ထင်ရှားရှား ထိတွေ့တာကို ပြောတာ။ ပုဂံမတိုင်ခင် သရေခေတ္တရာမှာလဲ ပါဠိဘာသာနဲ့ ရေးထားတဲ့ ရွှေပေစာတွေ တွေ့တဲ့အကြောင်းလဲ ရှိတယ်။ ဒီတော့ ပုဂံခေတ် မတိုင်ခင်ကတည်းက မြန်မာနိုင်ငံကို ပါဠိဘာသာရောက်နေတယ်လို့ ဆိုနိုင်တာပေါ့”
“ဟုတ်ကဲ့”
“မင်းသိတဲ့အတိုင်း ထင်ရှားတဲ့အကြောင်းက ပုဂံအနော်ရထာမင်းလက်ထက် ၁၁ ရာစုမှာ ပုဂံကို ထေရဝါဒဗုဒ္ဓသာသနာရောက်လာတော့ ပိဋကတ်တော်တွေလဲ ပါလာတယ် မဟုတ်လား။ အဲဒီ ပိဋကတ်တော်တွေကို ပါဠိဘာသာနဲ့ ရေးထားတာဆိုတော့ မြန်မာတွေဟာ အဲဒီအချိန်မှာ ပါဠိဘာသာနဲ့ ကောင်းကောင်းထိတွေ့ခွင့်ရပြီး လေ့လာသင်ယူကြတာပေါ့ကွာ”
“ဟုတ်ပါတယ်။ ကျွန်တော်လဲအဲဒီအကြောင်း မှတ်မိပါတယ်”
“အခုမြန်မာစာနဲ့ ပါဠိအကြောင်းပြောကြရာမှာ မြန်မာစာလို့ ဆိုလိုက်ရင် မြန်မာစကားရော မြန်မာစာပေရော အကျုံးဝင်တယ်လို့ နားလည်ရမှာပေါ့။ အဲဒါအရေးကြီးတဲ့အချက်ပါ။ အရင်းခံက မြန်မာဘာသာစကားပေါ့။ အခုမင်းတို့ ငါတို့ ပြောဆိုနေတဲ့စကား။ အဲဒီ မြန်မာစကားကိုအသုံးပြုပြီးရေးတဲ့အခါမှာ ကဗျာတွေ၊ စကားပြေတွေ ပေါ်ပေါက်လာတယ် မဟုတ်လား။ အဲဒါက မြန်မာ စာပေပေါ့”
“နားလည်ပါပြီ ဆရာ။ ဘာသာစကားနဲ့ စာပေက တစ်ကဏ္ဍစီပေါ့”
“ဟုတ်တယ်။ ဒီတော့ မြန်မာစာဆိုလို့ရှိရင် မြန်မာဘာသာစကားလဲ အကျုံးဝင်တယ်။ မြန်မာစာပေလဲ အကျုံးဝင်တယ်။ ဘယ်ဟာကိုဆိုလိုတယ်ဆိုတာ ကွဲကွဲပြားပြားရှိဖို့လိုတာပေါ့”
“ဟုတ်ကဲ့ပါ”
“စကားဆက်ရရင် ဗုဒ္ဓသာသနာကို အကြောင်းပြုပြီး ပါဠိဘာသာနဲ့ အကျွမ်းတဝင်ဖြစ်လာတဲ့အခါ ပါဠိစကားလုံးတွေကို မြန်မာ့အာလျှာနဲ့ကိုက်အောင် မွေးစားယူတဲ့အတွက် မြန်မာစကားထဲမှာ ပါဠိ မွေးစားစကားလုံးတွေ ကြွယ်ဝလာတာပေါ့”
“ဟုတ်ကဲ့”
“တစ်ခုစဉ်းစားကြည့်ရမှာက အစောဆုံးမြန်မာစာလို့ ပညာရှင်တွေသတ်မှတ်တဲ့ ရာဇကုမာရ် ကျောက်စာမှာ ပါဠိစကားလုံးတွေ ပါနေတာရယ်၊ ရာဇကုမာရ်ကျောက်စာကို ဘာသာလေးမျိုးနဲ့ ရေးထိုးရာမှာ ပါဠိဘာသာပါနေတာရယ် ကြည့်ရင် မြန်မာစာအရေးအသား မတိုင်ခင်ကတည်းက မြန်မာဘာသာစကားထဲမှာ ပါဠိစကားလုံးတွေဝင်နေပြီဆိုတာရယ်၊ မြန်မာတွေ ပါဠိဘာသာစကားကို တတ်မြောက်နေပြီဆိုတာရယ် သိနိုင်တာပေါ့ကွာ”
“ဟုတ်ကဲ့ပါ”
“မြန်မာဘာသာစကားထဲကို ပါဠိစကားလုံးတွေ ဝင်လာတဲ့အတွက် မြန်မာဘာသာစကားကြွယ်ဝ လာရသလို ပါဠိဘာသာနဲ့ ရေးထားတဲ့ ပိဋကတ်စာပေတွေကို အကြောင်းပြုပြီးတော့လဲ မြန်မာစာပေ ဖွံ့ဖြိုးလာရတယ်မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒီနေရာမှာ ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကို ပြောပြမယ်။ ဆရာက မြန်မာစာပေကို ဗုဒ္ဓစာပေနဲ့ ဆောက်လုပ်ခဲ့တာလို့ မိန့်ဆိုထားတယ်။ ‘မြန်မာစာပေတွင် မြန်မာစာဆိုတို့၏ ကိုယ်ပိုင်သက်သက် ဖြစ်သော လမ်းကြောင်းရာသည် မထင်ရှားခဲ့။ ဗုဒ္ဓစာပေဖြင့် ဆောက်လုပ်သော လမ်းရာအဖြစ်ဖြင့်သာ ထင်ရှားခဲ့သည်ဟု ဆိုနိုင်ပါသည်’ လို့မိန့်ဆိုထားတယ်”
“မှတ်သားစရာပါ ဆရာ”
“အသေးစိတ်ကတော့ ‘မြန်မာစာပေလမ်း ခင်းလာပုံ’ ဆိုတဲ့ဆောင်းပါးမှာ တွေ့နိုင်တယ်”
“ဟုတ်ကဲ့ပါ”
“ပုဂံခေတ်က မြန်မာတွေဟာ မြန်မာစာ တီထွင်ပြီးစအချိန်မှာ ပါဠိ ပိဋကတ်စာပေတွေကို လေ့လာရတဲ့ အခါကျတော့ အင်မတန်အဆင်ပြေသွားတာပေါ့။ ပိဋကတ်တော်ထဲက ဇာတ်လမ်းတွေကိုယူပြီး ပျို့ကဗျာတွေ ဖွဲ့ကြတယ်။ စကားပြေဝတ္ထုတွေရေးကြတယ်။ ကိုယ်ပိုင်ဇာတ်လမ်းတွေရေးဖို့ စိတ်မကူးကြတော့ဘဲ အဲဒီ ပါဠိစာပေတွေကို မြန်မာမှုပြုကြတဲ့အခါ မြန်မာစာပေလဲ ကြွယ်ဝဖွံ့ဖြိုး လာရတာပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
“ဒီတော့ ဘာသာစကားဘက်ကကြည့်ရင် ပါဠိဘာသာစကားကြောင့် မြန်မာဘာသာစကား ကြွယ်ဝလာရသလို စာပေဘက်ကကြည့်ရင် ပါဠိပိဋကတ်စာပေကြောင့် မြန်မာစာပေဖွံ့ဖြိုး လာရတာပေါ့။ ဒါကြောင့် ဘာသာစကားနဲ့စာပေ ကို ကွဲကွဲပြားပြား ခွဲခြားကြည့်ဖို့ လိုတယ်လို့ ပြောတာပါ”
“နားလည်ပါပြီ ဆရာ”
“ကဲ… ဒီတော့ ဘာက စပြောချင်သလဲ။ ဘာသာစကားလား၊ စာပေလား”
“ဘာသာစကားက စပြောတာကောင်းမယ် ထင်တယ် ဆရာ”
“ဟုတ်ပြီ။ ဒီတော့ ပါဠိဘာသာစကားနဲ့ မြန်မာဘာသာစကားဆက်သွယ်ပုံကို စပြောကြတာပေါ့။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကို ပြောရမယ်။ ပါဠိစကားနဲ့ မြန်မာစကားဟာ မျိုးရိုးချင်းလဲ မတူဘူး။ အမျိုးအစားချင်းလဲမတူဘူး။ အဲဒီလိုမတူတဲ့ ဘာသာစကားနှစ်ခုဟာ ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး မြန်မာ့မြေပေါ်မှာ ပေါင်းဆုံမိကြတယ်ဆိုတဲ့ အချက်ပဲ”
“စိတ်ဝင်စားစရာပဲနော် ဆရာ”
“စဉ်းစားကြည့်လေ။ ပါဠိဘာသာစကားက အင်ဒို ဥရောပဘာသာစကားမျိုးရိုးဖြစ်တယ်။ Indo European ပေါ့။ ဥရောပဘာသာစကားတွေ ဖြစ်တဲ့ အင်္ဂလိပ်တို့၊ ဂျာမန်တို့၊ ပြင်သစ်တို့နဲ့ မျိုးတူနွယ်တူ ဖြစ်တယ်။ ပြီးတော့ ဘာသာစကား အမျိုးအစားက ရုပ်ပြောင်းဝိဘတ်သွယ် ဘာသာ စကားလို့ခေါ်တယ်။ Inflectional Language ပေါ့။ စကားလုံးတွေကို ဝိဘတ်သွယ်ပြီး ရုပ်ပြောင်းပြီးမှ သုံးရတယ်။ မင်းသိတဲ့အတိုင်း ပုတ္တ-(သား) ဆိုတဲ့စကားလုံးကို ဒီအတိုင်းသုံးလို့ မရဘူး။ နောက်က ဝိဘတ်သွယ်လိုက်တဲ့အခါ ပုတ္တော(သားသည်)၊ ပုတ္တံ(သားကို)၊ ပုတ္တေ (သား တို့သည်) စသည်ဖြင့် စကားလုံး ရုပ်ပြောင်းသွား တယ်။ သဒ္ဒါစာစဉ်လဲ ပြောင်းသွားတယ်”
“ဟုတ်ကဲ့ပါ”
“မြန်မာစကားကတော့ တိဘက်တရုတ် မျိုးရိုးလေ။ Sino- Tibetan ပေါ့။ အဲဒီမျိုးရိုး ရဲ့မျိုးခွဲဖြစ်တဲ့ တိဘက်မြန်မာ Tibeto Burman မျိုးခွဲက ဆင်းသက်တာ။ တိုင်းရင်းသားစကားတွေ ဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း စကားတွေနဲ့ မျိုးတူနွယ်တူပဲ။ ဘာသာစကားအမျိုးအစားက တစ်သီးပုဂ္ဂလဘာသာစကားလို့ ခေါ်တယ်။ Isolating Language ပေါ့။ စကားလုံးတွေက ပါဠိလို ရုပ်မပြောင်းဘူး။ မူလအတိုင်းပဲရှိပြီး နောက်ကနောက်ဆက်တွဲရတယ် ‘သား’ဆိုရင် ‘သားသည်၊ သားကို၊ သား၏’ ဆိုတာမျိုး နောက်ဆက်တွေတွဲရတာလေ။
“ကဲ…နားကြ အုံးစို့”။ ။
မောင်ခင်မင် (ဓနုဖြူ)