“သမီးရေ… ဓာတ်ပြားဟောင်းတစ်ချပ်ဖွင့် လက်စမို့ နောက်တစ်ချပ် ထပ်ဖွင့်ကြအုံးစို့”

“ရှင်၊ ဘာဆိုလိုတာပါလဲ ဘဘ”

“ဪ…‘မှ’လား၊ ‘က’လားဆိုတဲ့အကြောင်း ဆွေးနွေးပြီးပြီဆိုတော့ အခု‘ကို’လား၊ ‘အား’လား ဆိုတဲ့ ဓာတ်ပြားဟောင်းဖွင့်ဖို့ အလှည့်ကျလာတာ ကို ပြောတာပါ”

“ဟုတ်ပါတယ် ဘဘရယ်။ ဒီဓာတ်ပြားဟောင်းတွေ ဘဘ အကြိမ်ကြိမ်ဖွင့်နေတာတောင် မှားကြတုန်းပဲနော်”

“ကဲ… သမီးကို တစ်ခုမေးကြည့်မလို့။ အခမ်းအနားတွေမှာ နိုင်ငံတော်အလံကို အလေးပြုဖို့ အမိန့်ပေးတာ ကြားဖူးမှာပေါ့”

“ကြားဖူးပါတယ် ဘဘ”

“ဘယ်လိုအမိန့်ပေးတာ ကြားဖူးသလဲသမီး”

“ ‘နိုင်ငံတော်အလံအား အလေးပြု’ လို့ အမိန့်ပေးပါတယ် ဘဘ”

“ဟုတ်တယ်။ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့ရော ဘယ်လိုအမိန့်ပေးသလဲ”

“ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုလို့ အမိန့်ပေးပါတယ် ဘဘ”

“ဟုတ်ပါပြီ။ ဘဘလဲ အဲဒီလိုပဲ ကြားနေကျပါ။ သမီးကို‌ နောက်တစ်ခုမေးအုံးမယ်။ အဲဒီ အမိန့်ပေးတဲ့ စကားတွေက အပြောစကားလား၊ စာစကားလား”

“ဟာ…ဘဘကလဲ၊ ပရိသတ်ကို အမိန့်ပေးတဲ့သူက တိုက်ရိုက်အမိန့်ပေးတာပဲဟာ၊ အပြောစကားနဲ့ပဲ အမိန့်ပေးရမှာပေါ့ ဘဘ၊ စာစကားနဲ့ အမိန့်ပေးလို့ ဘယ်ဆီလျော်ပါ့မလဲ”

“အဲဒီအချက်ထင်ရှားစေချင်လို့ တမင်မေးတာပါ။ တစ်ယောက်က တစ်ယောက်ကို အမိန့်ပေးတာပဲဖြစ်ဖြစ်၊ အများကို အမိန့်ပေးတာပဲဖြစ်ဖြစ် စကားပြောသလိုပဲ အမိန့်ပေးမှာပေါ့။ စာဖတ်သလို အမိန့်ပေးရင် ဘယ်သဘာဝကျမှာလဲ။ ‘ထိုင်ပါ’၊ ‘ထွက်သွား’၊ ‘မြန်မြန်ပြေး’၊ ‘အဲဒါငါ့ဆီယူလာခဲ့’ ဆိုတဲ့ စကားမျိုးတွေကအစ ‘ညာညှိ၊ ဘယ်လှည့်၊ အမြန်လျှောက်၊ တန်းထ၊ သစ္စာဓိဋ္ဌာန်ဆို၊ အလေးပြု’ဆိုတဲ့ အမိန့်ပေးတဲ့ စကားတွေအားလုံး ဟာ အမိန့်ပေးသူ က အမိန့်နာခံရမဲ့သူကိုပြောတဲ့ စကားတွေချည်းပဲ မဟုတ်လား။ အဲဒီလိုမပြောဘဲ ‘ထိုင်လော့၊ ထွက်သွားလော့၊ ညာညှိလော့၊ အမြန်လျှောက်ကြလော့၊ အလေးပြုကြလော့’လို့ စာဖတ်သလိုအမိန့်ပေးရင် ရယ်စရာဖြစ်မှာပေါ့။ မလေးစားရာလဲ ကျမှာပေါ့”

“ဟုတ်ပါတယ် ဘဘ”

“ဒီလိုဆိုရင် ခုနပြောတဲ့ ‘နိုင်ငံတော် အလံအား အလေးပြု’ဆိုတာ အပြောစကားလား၊ စာစကားလား သမီး”

“ဟာ…ဟုတ်တယ်နော် ဘဘ။ ‘အား’ကို အပြောစကားမှာမှ မသုံးတာ။ စာ စကားကြီးဖြစ်နေတယ်။ ဒီတော့ ‘နိုင်ငံတော်အလံအား အလေးပြု’ ဆိုတာ အပြောစကားမဟုတ်ပါဘူး ဘဘ။ စာစကားပါ”

“အဲဒါပြောချင်တာပါ။ အပြောစကားစစ်စစ်နဲ့ အမိန့်ပေးမယ်ဆိုရင် ‘နိုင်ငံတော်အလံကို အလေးပြု၊ ခေါင်းဆောင်ကြီးများကို အလေးပြု’ လို့ အမိန့်ပေးရမှာလေ။ အခုတော့ အပြောစကားထဲမှာ ‘အား’ ကြီးက ကန့်လန့် ကန့်လန့်ဝင်နေလေရဲ့”

“ဟုတ်တယ်နော် ဘဘ။ ဒါဆို သမီးတစ်ခု စဉ်းစားမိတာက စာစကားနဲ့ရေးရင် ‘နိုင်ငံတော် အလံအား အလေးပြုကြသည်’ လို့ ရေးရင်မှန်တာပေါ့နော်”

“အေး၊ ဟုတ်တယ်။ စာစကားနဲ့ရေးရင် ‘အား’ သုံးတာကို လက်ခံပါတယ်။ ရိုသေလေးစားအပ်တဲ့ အရာကို ‘အား’နဲ့ သုံးနိုင်တယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ ဒါပေမဲ့-ဒါက စာသုံးကို ဆိုလိုတာလေ။ အပြောမှာတော့ ‘အား’ ထည့်ပြောတာ အဆင်မပြေဘူးကွဲ့”

“ဟုတ်ကဲ့”

“အပြောစကားဖြစ်ရက်သားနဲ့ ‘အား’တွေ ပလူပျံအောင် ထည့်ပြောနေတာကတော့ ရုပ်မြင်သံကြား သတင်းကြေညာတဲ့သူတွေပဲ။ သတင်းရေး တဲ့သူက ‘အား’ တွေနဲ့ရေးလို့ သတင်းဖတ်တဲ့သူတွေ ကလဲ ‘အား’ တွေနဲ့ ဖတ်ကြရတယ်ဆိုတာ နားလည်ပါတယ်။ ဒီတော့ သတင်းရေးတဲ့သူတွေကိုယ်တိုင်က အပြောစကားမှာ ‘အား’ တွေ ရှောင်ရေးဖို့ လိုတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“သတင်းစာ၊ ဂျာနယ်တွေကျတော့တစ်မျိုး၊ သူတို့က စာစကားနဲ့ ရေးတာဆိုတော့ ‘အား’ ကို သူ့နေရာနဲ့သူ မှန်မှန်ကန်ကန်သုံးရင် ဆီလျော်ပါ တယ်။ ဒါပေမဲ့ ‘ကို’ သုံးရမဲ့နေရာမှာ ‘အား’ တွေ ဖောဖောသီသီထည့်သုံးနေတာ တွေ့နေရတာပါပဲ ကွယ်”

“ဘယ်လိုအသုံးတွေလဲ ဘဘ”

“အခမ်းအနားအား ကျင်းပသည်၊ စာမေးပွဲအား ပြုလုပ်သည်၊ ပြဿနာအား လေ့လာသည်၊ စာတမ်းအား ဖတ်ကြားသည်၊ မေးခွန်းအား ဖြေကြားသည်၊ အစီရင်ခံစာအား အတည်ပြုသည် ဆိုတာမျိုးတွေပေါ့ကွယ်။ အဲဒီအသုံးတွေအားလုံး ‘ကို’ သုံးရမှာလေ။ တိုက်ရိုက်ပြုလုပ်ခံရတာမို့ ‘စာမေးပွဲကို ကျင်းပသည်၊ စာတမ်းကို ဖတ်ကြားသည်’ ဆိုတာမျိုး သုံးရမှာပေါ့”

“ဟုတ်ကဲ့”

“သတိထားမိတာ တချို့ကတော့ ‘အား’ သုံး လိုက်၊ ‘ကို’ သုံးလိုက် အလဲအလှယ်နဲ့ သုံးကြတယ်။ ဘယ်လိုသုံးသုံး အတူတူပဲလို့ ထင်လို့လားမသိဘူး ကွယ်”

“ဟုတ်ပါတယ် ဘဘ”

“ဒီနေရာမှာပြောချင်တာက ‘ကို’ ဟာ အပြော စကားမှာရော၊ စာစကားမှာရော သုံးတဲ့စကားမို့ စာစကားနဲ့ ရေးရင်လဲ ‘ကို’ ကို စိတ်ချလက်ချ သုံးနိုင်ပါတယ်လို့ ပြောချင်တာပါ။ ‘အား’ကတော့ စာစကားမှာပဲ လက်ခံတဲ့အဓိပ္ပာယ်နဲ့သုံးတယ်။ မောင်မောင်သည် သူ့အင်္ကျီကို ကျွန်တော့်အား ရောင်းသည်’ ဆိုတာမျိုးပေါ့။ ဒါတောင် ‘မောင်မောင် သည် ကျွန်တော့်ကို သူ့အင်္ကျီရောင်းသည်’ လို့ ‘အား’ မထည့်ဘဲ ‘ကို’ နဲ့ သုံးလို့ရနေတာလေ။ ဒီတော့ ‘အား’ ဟာ ဒီအရေးစကားထဲမှာ မရှိတော့ ဘူး၊ စာစကားမှာလဲ ‘အား’ က မသုံးမဖြစ် မဟုတ်ပါဘူး။ ‘ကို’ ကို ‘အား’ နေရာမှာ သုံးလို့ရတယ်။ ဒါကြောင့် ‘အား’ ကို လုံးဝမသုံးဘဲ နေလို့ ရတယ်လို့ ဘဘ ခဏခဏ ပြောဖူးပါတယ်ကွယ်”

“ဟုတ်ပါတယ် ဘဘ”

“တီဗွီက သတင်းကြေညာတဲ့သူက ‘အခမ်းအနားအား ကျင်းပပါတယ်’လို့ ပြောလိုက်ရင် နားထဲကျ ကန့်လန့်ကြီး ဝင်သွားရောလေ။ ‘အား’ က စာစကား၊ ‘တယ်’ က အပြောစကား၊ အပြောစကားထဲမှာ ‘အား’ ကြီး ထည့်ထည့်ပြောတာ နားထောင်ရတာ နားထဲကို ဆူးစူးသွားသလို ခံစားရတယ်သမီးရယ်”

“ဟုတ်ကဲ့ပါ”

“ဒါကြောင့် ဘဘက ဒီဓာတ်ပြားဟောင်းကို ပြန်ဖွင့်နေရတာပါ။ အရေးကြီးတာက ကျောင်းသားလူငယ်တွေ အဟုတ်မှတ်ပြီး အတုခိုးမှားမှာစိုးလို့ပါ”

“ရှင်းပြပါအုံး ဘဘ”

“ရေဒီယိုတို့၊ တီဗွီတို့က လွှင့်တဲ့စကားဆိုရင် စံနမူနာယူပြီး မှတ်သားရမဲ့စကားလို့ ပညာတတ် အသိုင်းအဝိုင်းက ယူဆကြတာလေ။ ကျောင်းတွေ၊ တက္ကသိုလ်တွေကလဲ အဲဒီစကားတွေကို ‘စံစကား’ အဖြစ် အသိအမှတ် ပြုကြတာ။ မြန်မာ နိုင်ငံမှာရော၊ နိုင်ငံတကာမှာရော ဒီလိုခံယူကြ တာလေ။ ဒီတော့ လူငယ်တွေက ရုပ်မြင်သံကြား က လွှင့်တဲ့စကားကို စံနမူနာပြုပြီး မှတ်သား ကြမှာပဲပေါ့။ သူတို့မှားရင် အားလုံးလိုက်မှားနိုင် တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ၊ မှတ်သားစရာပါ ဘဘ”

“ ‘ကို’ အကြောင်းပြောလို့ နိုင်ငံတော် သမ္မတရုံးကထုတ်တဲ့ ရာထူးခန့်အမိန့်တွေမှာ ‘ကို’ ကို တစ်သမတ်တည်းသုံးနေတာ သတိထားမိတယ်။ ‘ဦးမောင်မောင်ကို အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်’၊ ‘ဦးထွန်းထွန်း ကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်’ ဆိုတာမျိုးလေ။ ရှေးမြန်မာစာပေတွေထဲက ‘မဟာသမ္ဘဝကို မင်းမြှောက်သည်’ဆိုတဲ့ အသုံးမျိုးပါပဲ။ ‘ကို’ကို တစ်သမတ်တည်း သုံးလို့ ရပါတယ်”

“ဟုတ်ကဲ့ပါ”

“ကဲ… သမီးရေ ‘နိုင်ငံတော်အလံအား အလေးပြုကြသည်’လို့ စာစကားနဲ့ရေးတာ မှန်ပေမဲ့ အပြောစကားနဲ့ အမိန့်ပေးရင်တော့ ‘နိုင်ငံ တော်အလံကို အလေးပြု’လို့ အမိန့်ပေးမှအသုံးမှန်မယ်ဆိုတာနဲ့ပဲ နိဂုံးချုပ်ကြစို့ကွယ်”။

မောင်ခင်မင် (ဓနုဖြူ)