ရန်ကုန်မြို့က ကြိုဆိုပါ၏ ရန်ကုန်မြို့မှ ထွက်ခွာပါတော့မည်
“သမီးရေ၊ ဒီသတင်းဖတ်ပြီးပြီလား”
“ဪ ‘ရန်ကုန်မြို့အဝင် ဆိုင်းဘုတ်တည် ဆောက်မှုရာနှုန်းပြည့်ပြီးစီး’ ဆိုတဲ့ သတင်းလား ဘဘ။ သမီး ဖတ်ပြီးပါပြီ။ မြို့အဝင်ဆိုင်းဘုတ်ကို ခံ့ခံ့ညားညား လှလှပပ လုပ်ထားတာဆိုတော့ ကျက်သရေရှိတာပေါ့နော်”
“ဟုတ်တယ်။ ဝမ်းသာစရာသတင်းတစ်ခုပဲ။ မြို့အင်္ဂါရပ်နဲ့အညီ လိုအပ်တဲ့အဆောင်အယောင် တစ်ခုလို့ ဆိုရမှာပေါ့။ အဲဒီဓာတ်ပုံထဲက ရေးထားတဲ့စာကို ဖတ်ကြည့်လိုက်ပါအုံး”
“ဟုတ်ကဲ့၊ welcome to Yangon ပါ ဘဘ”
“ဟုတ်ပါပြီ။ မြန်မာလိုရေးထားတာကရော”
“မြန်မာလို ရေးထားတာက…၊ ဟင် ‘ရန်ကုန်မြို့ မှ ကြိုဆိုပါ၏’ လို့ ရေးထားတယ် ဘဘ”
“သမီးက ‘ဟင်’ ဆိုပြီး ဘာဖြစ်လို့ အထိတ် တလန့်ဖြစ်သွားရတာလဲ”
“ရန်ကုန်မြို့က ကြိုဆိုပါ၏လို့ရေးမှ မှန်မှာပေါ့ ဘဘ၊ အခုရေးထားတာက ‘ရန်ကုန်မြို့မှ ကြိုဆိုပါ၏’ တဲ့။ ‘က’ နဲ့‘မှ’ လွဲနေလို့ပါ”
“အင်း- သမီးက တက္ကသိုလ်က မြန်မာစာ ကထိကဆိုတော့ အမှားတွေ့တာနဲ့ ချက်ချင်း မြင်လိုက်တာပေါ့ကွယ်။ ဘဘလဲ အဲဒါပြောချင် လို့ပါ”
“ဟုတ်ကဲ့ပါ ဘဘ”
“ ‘မှ’ နဲ့‘က’ မှားသုံးတာမျိုး တော်တော်လေး နည်းသွားပြီထင်တာ။ ပထမတော့ ဘာမှမပြောတော့ဘူးလို့။ ခုတော့ ဒီလိုထုကြီးထည်ကြီး လုပ်ထားတဲ့ အဆောင်အယောင် ဆိုင်းဘုတ်မှာတောင် ဒီလိုဖြစ်နေတော့ မနေသာလို့ ပြောရပြန်တာပေါ့ကွယ်”
“ပြောသင့်ပါတယ် ဘဘ။ ဒီလိုပြောမှ သတိ ထားမိကြမှာပေါ့။ ဒါထက်- သမီးတို့ကငယ်တော့ အဲဒီ မှ နဲ့ က ဘယ်တုန်းက စမှားတယ်ဆိုတာ သေသေချာချာ မသိပါဘူး ဘဘ။ ကြုံတုန်းသတိရ လို့ ဘဘကိုမေးကြည့်တာပါ”
“ပြောရရင်တော့ ၁၉၆၅ ခုလောက်က စမှား တာပေါ့ကွယ်။ သမီးတောင်မွေးအုံးမှာ မဟုတ်သေးဘူး။ အဲဒီတုန်းက အစိုးရနဲ့ တောတွင်းက ပုဂ္ဂိုလ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တယ်။ တောတွင်းကလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားတွေကို မြန်မာ့အသံကလွှင့်တော့ ‘ဗိုလ်ဘယ်သူမှ ပြောပါသည်’၊ ‘ရဲဘော်ဘယ်သူမှ ပြောပါသည်’ ဆိုပြီး ‘မှ’ တွေသုံးတာ ပလူပျံနေတာပဲ။ သူတို့ရေးတဲ့စာတွေ မှာလဲ ပြုလုပ်တဲ့သူကို ‘က’ မသုံးဘဲ ‘မှ’ တွေချည်း သုံးတာ။ အဲဒီစာတွေလဲ သင်ခန်းစာထဲမှာ ပါတာကိုး။ လိုရင်းပြောရရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်သွားပြီး သူတို့သာ တောထဲ ပြန်သွားတယ်။ သူတို့သုံးခဲ့တဲ့ ‘မှ’ တွေကို ထားပစ်ခဲ့တယ်ထင်ပါရဲ့။ အဲဒီအချိန်ကစပြီး သတင်းစာတွေ၊ စာအုပ်စာတမ်းတွေမှာ ‘က’ နေရာမှာ ‘မှ’ တွေ အလုံးအရင်းနဲ့ ဝင်လာတော့တာပဲကွယ်”
“မှတ်သားစရာပါ ဘဘ။ သမီးလဲ ခုမှ သေသေချာချာ သိပါတယ်”
“မြန်မာစကားဖွဲ့ထုံးစည်းကမ်းမှာ ‘က’ ဆိုရင် ပြုလုပ်သူကိုပြတယ်။ ‘မှ’ ဆိုရင် ထွက်ခွာရာကို ပြတယ်။ ခုအထိ သင်ကြားနေတဲ့ သဒ္ဒါတွေမှာလဲ ဒီအတိုင်းပဲ။ ပြုလုပ်သူကို ‘မှ’ လို့ ဘယ်သဒ္ဒါစာအုပ် ကမှမပြပါဘူးကွယ်။ အခုလဲ ကျောင်းတွေမှာ အဲဒီ လိုမသင်ပါဘူး”
“ဟုတ်ကဲ့ပါ”
“ဒါပေမဲ့ အဲဒီတုန်းက ‘မှ’ တွေက ကျောင်းပြင်ပမှာ တွင်ကျယ်လာတယ်။ တပ်ထဲက အသုံးအနှုန်း တွေမှာလဲ ‘မှ’ တွေ အများကြီး တွေ့ရတယ်။ ‘ဗိုလ်မှူးကြီးဘယ်သူမှ’၊ ‘ဗိုလ်ဘယ်သူမှ’ ဆိုတာ တွေပေါ့”
“ဟုတ်ကဲ့”
“အင်း…ပြောရအုံးမယ်။ တစ်ခါက အစည်းအဝေးတစ်ခုမှာ ဆွေးနွေးတဲ့သူတွေက ဟိုလူကလဲ ‘မှ’၊ ဒီလူကလဲ ‘မှ’ လုပ်နေတော့ ဆရာကြီး တစ်ယောက်က စိတ်မရှည်တော့ဘဲ ထပြောရော။ ‘ခင်ဗျားတို့ အဲဒီ ‘မှ’ တွေကို အကောင်းထင်ပြီး သုံးမနေနဲ့။ တောတွင်းက လူတွေသုံးခဲ့တဲ့ အသုံးမှားကြီး။ ‘ခင်ဗျားတို့က အမွေခံလိုက်တာ’ လို့ ပြောပါ လေရော”
“ဪ”
“သမီးသိတဲ့အတိုင်း အခမ်းအနားတွေမှာလဲ ‘သဘာပတိကြီးမှ မိန့်ကြားပါတော့မယ်’တို့၊ ‘ဥက္ကဋ္ဌကြီးမှ ဆုချီးမြှင့်ပါတော့မယ်’တို့၊ ‘မှ’ တွေ တွင်ကျယ်လာရော။ ရေးကြပြောကြလွန်းလို့လားတော့ မသိဘူး။ အရင်လောက်တော့ ‘မှ’ မသုံးတော့ဘူး။ တချို့ ကတော့ ‘မှ’ ပြောလိုက်၊ ‘က’ ပြောလိုက်တစ်လှည့်စီ ပြောကြတယ်။ အတူတူထင်လို့ ထင်ပါရဲ့။ အခု လက်ရှိ အခြေအနေမှာတော့ တီဗွီတို့၊ ရေဒီယိုတို့က သတင်းကြေညာတဲ့ သူတွေရဲ့ ပါးစပ်ထဲမှာ ‘မှ’တွေ တရစ်ဝဲဝဲ ရှိနေတုန်းပဲ။ တီဗွီက ကိုရီးယားရုပ်ရှင်တွေရဲ့ အောက်ခြေက စာတန်းတွေမှာလဲ ‘ဆရာတော်ကြီး ဦးပညာဗလမှ တရားဟောကြား တော်မူပါမည်’ ဆိုတာမျိုး စာတန်းကလေးတွေ ဖတ်နေရတုန်းပါပဲကွယ်”
“စိတ်မောစရာကြီးပဲနော် ဘဘ”
“မြို့အဝင်ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး ပြောရအုံးမယ်။ သမီး၊ ဆရာမောင်သုတဆိုတာ ကြားဖူးတယ် မဟုတ်လား”
“ကြားဖူးပါတယ် ဘဘ။ ဗိုလ်မှူးဘသောင်းရဲ့ ကလောင်နာမည်ပါ။ ဆရာကြီးရေးတဲ့ ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ကို သမီးတို့ လက်စွဲလုပ်ပြီး လေ့လာ =နေရပါတယ်”
“အေး… ဗိုလ်မှူးဘသောင်းက မြန်မာစာပေ ပညာရှင်ကြီးပါကွယ်။ မဟာဝိဇ္ဇာဘွဲ့ကို ထူးထူးချွန်ချွန်အောင်ပြီး ရန်ကုန်တက္ကသိုလ်မှာ ဆရာလုပ်နေရာက တပ်မတော်ထဲဝင် အမှုထမ်းတယ်။ မေမြို့ အခု ပြင်ဦးလွင်ပေါ့။ ပြင်ဦးလွင်စစ်တက္ကသိုလ်မှာ မြန်မာစာဌာနမှူးအဖြစ် သင်ကြားပို့ချခဲ့တယ်။ မြန်မာစာအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်တယ်။ မြဝတီမဂ္ဂဇင်းမှာ ‘မြန်မာစာ မြှင့်ချင်လွန်းလို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာစာ သတ်ပုံရေးထုံးဆိုင်ရာ ဆောင်းပါးတွေ နှစ်ပေါင်းများစွာ ရေးခဲ့တာ၊ ဘဘတို့ ငယ်ငယ်က လေ့လာခဲ့ရတာပေါ့”
“ဟုတ်ကဲ့ပါ”
“အဲဒီ မြန်မာစာပေပညာရှင် ဆရာကြီး မောင်သုတလို့ခေါ်တဲ့ ဗိုလ်မှူးဘသောင်းက ပြင်ဦးလွင်မှာ မြို့အဝင်ဆိုင်းဘုတ်နဲ့ မြို့အထွက် ဆိုင်းဘုတ်အတွက် စာရေးသားစီကုံးပေးခဲ့ဖူးတယ် ကွဲ့”
“ဪ…ဘယ်လိုပါလဲ ဘဘ”
“ဆရာကြီးက မြို့အဝင် ဆိုင်းဘုတ်ကို ‘ပြင်ဦးလွင်က၊ ခင်မင်လှစွာ၊ ကြိုဆိုပါ၏’ လို့ ရေးတယ်ကွဲ့”
“ဟုတ်ကဲ့”
“မြို့အထွက် ဆိုင်းဘုတ်ကိုတော့ ‘ပြင်ဦးလွင်က၊ ကြည်ရွှင်သာယာ၊ ခွန်းဆက်ပါ၏’ လို့ ရေးတယ်ကွဲ့”
“ဟုတ်ကဲ့ပါ”
“တစ်ခါကျတော့ ပြင်ဦးလွင်စစ်တက္ကသိုလ်က အကြီးအကဲတစ်ယောက်က ‘ပြင်ဦးလွင်မှ ကြိုဆိုပါ၏’ လို့ ရေးတာကို အရာရှိတစ်ယောက်က ‘ပြင်ဦးလွင်ကလို့ရေးမှ မှန်တယ်’ ဆိုတဲ့ အကြောင်း ရှင်းပြပြီး ဆရာကြီး မောင်သုတရဲ့ မြို့ဝင်မြို့ထွက် ဆိုင်းဘုတ်နှစ်ခုကို အကိုးအကား အထောက်အထားပြုပြီးပြောတော့ အဲဒီအကြီး အကဲက ကျေနပ်ပြီး လက်ခံသွားတယ်ဆိုတဲ့အကြောင်း ကာယကံရှင် အရာရှိက ပြောပြလို့ ဘဘလဲ မှတ်သားလိုက်ရတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“အခု မဂ္ဂဇင်းတွေ၊ စာစောင်တွေမှာ ‘ဘယ်အသင်းက ထုတ်ဝေသည်’လို့ ရေးထားတာ မျိုး ‘ဘယ်အဖွဲ့က ပုံနှိပ်သည်’လို့ ရေးထားတာမျိုး တွေ တွေ့ရမှာပေါ့ကွယ်”
“ဟုတ်ကဲ့”
“ဥပဒေတွေမှာလဲ ‘နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပေးပို့လာသော’ ဆိုတာမျိုး ရေးတာတွေ့နိုင်ပါတယ်။ ‘နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပေးပို့သော’လို့ မရေးပါဘူး”
“ဟုတ်ပါတယ် ဘဘ”
“အဲဒီဆိုင်းဘုတ်က စာသားကိုကြည့်လေ။ ‘ရန်ကုန်မြို့က ကြိုဆိုပါ၏’ ဆိုတာမှာ ‘က’ က ပြုလုပ်သူကို ဖော်ပြတဲ့စကားလေ။ ရန်ကုန်မြို့က ကြိုဆိုတဲ့သူလေ။ တကယ်တော့ ရန်ကုန်မြို့မှာ ရှိတဲ့သူတွေက ကြိုဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဘောလုံးပွဲတွင် ရန်ကုန်တိုင်းက အနိုင်ရသည် ဆိုတာမျိုး သုံးတာပေါ့။ ‘က’ လို့သုံးမှ ကြိုဆိုတဲ့ သူဟာ ရန်ကုန်တိုင်းဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရမှာပေါ့”
“ ‘ရန်ကုန်မြို့မှ’ လို့သုံးရင် ထွက်ခွာတဲ့ အဓိပ္ပာယ်ပေါ့နော် ဘဘ”
“ဟုတ်တယ်လေ။ ‘ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ’ဆိုတာမျိုးသုံးရင်မှန်တာပေါ့။ ဒါတောင်‘မှ’ကို စာစကားအနေနဲ့ပဲ သုံးလို့ရတာလေ။ ‘ရန်ကုန်မြို့မှ ထွက်ခွာပါတယ်’ လို့သုံးရင် အပြောစကားထဲမှာ ‘မှ’ ကြီးဝင်နေလို့ ကန့်လန့်ဖြစ်နေတာပေါ့။ အပြောစကားမှာလဲ ‘ရန်ကုန်မြို့က ထွက်ခွာခဲ့ပါတယ်’လို့ သုံးရတယ်။ ‘က’ က စာသုံးရော၊ အပြောသုံးရော ရတယ်။ ‘မှ’ က စာသုံးပဲရတယ်။ အပြောသုံးမရဘူး။ ပြီးတော့ ထွက်ခွာတဲ့ အဓိပ္ပာယ်ပဲ ရတယ်။ ပြုလုပ်တဲ့ အဓိပ္ပာယ်မရဘူး”
“နားလည်ပါပြီ ဘဘ”
“ဘဘကတော့ အစမှာပြောသလို မနေနိုင်လို့ ပြောရတာလေ။ နောက်ထပ်ဆိုင်းဘုတ်တွေ ခံ့ခံ့ညားညား လုပ်အုံးမှာလို့ဆိုတော့ မြို့အထွက် ဆိုင်းဘုတ်ကိုလဲ ‘ရန်ကုန်မြို့က နှုတ်ဆက်ပါ၏’ လို့ ရေးမှမှန်မယ်ဆိုတာကိုပါ ကြိုကြိုတင်တင် ပြောပြတဲ့ သဘောပေါ့ကွယ်”
“နားလည်ပါပြီ ဘဘ” ။ ။
မောင်ခင်မင် (ဓနုဖြူ)