“ဘဘပြောပြတော့မှ ကဗျာတွေထဲက ဝါကျတွေ အကြောင်း သမီးသိရပါတယ်။ အမှန်အတိုင်း ပြောရရင် ကဗျာမှာ ဝါကျရှိသလား၊ မရှိဘူးလားဆိုတာ မစဉ်းစားမိ ခဲ့ပါဘူး။ အမှတ်တမဲ့ နေနေတာပါ။ ကျေးဇူးတင်ပါတယ် ဘဘ”

“ဟုတ်ပြီ။ ဒီတော့ ကဗျာမှာ ဝါကျရှိတယ်ဆိုတာ အကျိုးအကြောင်း ဆက်စပ်စဉ်းစား ကြည့်ရအောင်။ စာပေတွ ေရေးဖွဲ့ရာမှာ ကဗျာပဲ ရေးရေး၊ ဆောင်းပါးပဲ ရေးရေး၊ ဝတ္ထုပဲရေးရေး ဘာသာစကားကို အသုံးပြုပြီး ရေးရတယ်ဆိုတာ သမီးသိပြီးပါပြီနော်”

“သိပြီးပါပြီ ဘဘ။ ဘာသာစကားမပါဘဲ စာရေးလို့ ဘယ်ရမှာလဲဆိုတာ သဘောပေါက်ပါတယ်”

“ဟုတ်ပြီ။ ဒီတော့ ‘စာပေကို ဘာသာစကားဖြင့် ရေးရသည်’ဆိုတဲ့ အဆိုဟာ မှန်တာပေါ့”

“မှန်ပါတယ် ဘဘ”

“ဒီလိုဆို နောက်တစ်ဆင့်ပြောမယ်။ ‘ကဗျာသည် စာပေဖြစ်သည်’ဆိုတာရော မှန်ရဲ့လား”

“ဟာ…မှန်တာပေါ့ ဘဘ”

“ဒီလိုဆိုရင် အဲဒီအဆို နှစ်ခုကို ဆက်စပ်ကြည့်ပါ။ ဘယ်လို အဖြေထွက်မလဲ”

“သမီးပြောကြည့်ပါမယ်။ ‘စာပေကို ဘာသာစကားဖြင့် ရေးရသည်’၊ ‘ကဗျာသည် စာပေဖြစ်သည်’ ထို့ကြောင့်… ကဗျာကို ဘာသာစကားဖြင့် ရေးရသည်’လို့ အဖြေထွက်ပါတယ် ဘဘ”

“ဟုတ်ပါတယ်။ သမီးကျောင်းမှာတုန်းက ‘လောဂျစ်’သင်ခဲ့ရသားပဲ။ အဲ- ယုတ္တိဗေဒပေါ့။ ယုတ္တိ ဗေဒနည်းနဲ့ အဖြေထုတ်ကြည့်ရင် အဲဒီလိုအဖြေရတာပေါ့”

“ဟုတ်ပါတယ် ဘဘ”

“နောက်တစ်ဆင့် ပြောရအောင်။ ဘာသာစကားကို ဘာတွေနဲ့ဖွဲ့ရတာလဲ။ ပြောပါအုံး”

“ဘာသာစကားကို ဝါကျတွေနဲ့ ဖွဲ့ရပါတယ် ဘဘ”

“ဟုတ်တယ်၊ စကားလုံးတွေ လျှောက်ပြောရုံ၊ လျှောက်ရေးရုံနဲ့ အဓိပ္ပာယ်မရှိဘူး။ စကားလုံးတွေ ကို ဝါကျဖွဲ့နည်း စည်းကမ်းတွေနဲ့အညီ ဝါကျဖွဲ့မှ အဓိပ္ပာယ် ရှိတဲ့ စကားဖြစ်တာလေ။ ‘ဒါကြောင့် ဘာသာစကားအစ ဝါကျက’လို့ ပညာရှင်တွေ မိန့်ဆိုကြတာပေါ့”

“ဟုတ်ပါတယ် ဘဘ”

“ ဒီတော့ ‘ဘာသာစကားကို ဝါကျများဖြင့် ဖွဲ့စည်းရ သည်’လို့ဆိုရင် မှန်တာပေါ့”

“မှန်ပါတယ် ဘဘ”

“ကဲ- ခုန သမီးထုတ်ထားတဲ့ အဖြေနဲ့ ဆက်ကြည့် ရအောင် ‘ကဗျာကို ဘာသာစကားဖြင့် ရေးရသည်’၊ ‘ဘာသာစကားကို ဝါကျများဖြင့် ဖွဲ့စည်းရသည်’။ ဒီလိုဆိုရင် ဘယ်လိုအဖြေ ထုတ်မလဲ”

“ဟုတ်ကဲ့။ ‘ကဗျာကို ဝါကျများဖြင့် ဖွဲ့စည်းရသည်’ပေါ့ ဘဘ”

“အေးပေါ့။ ဒါကြောင့် ကဗျာမှာ ဝါကျရှိသလား မရှိဘူး လားဆိုတာ စဉ်းစားစရာမလိုတဲ့ ပြဿနာပါကွယ်။ ကဗျာမှာ ဝါကျရှိကို ရှိရမှာပေါ့။ မရှိရင် အဓိပ္ပာယ်မရှိတဲ့ စကားစုပဲ ဖြစ်သွားမှာပေါ့”

“နားလည်ပါပြီ ဘဘ။ အဲ - ကဗျာဝါကျတွေက စကား ပြေဝါကျတွေလို ပုံမှန်အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်လို့ဘဘ ဟိုတစ်ပတ်က ပြောခဲ့တာ မှတ်သားထားပါတယ်။ သမီး သိပ်သဘောမပေါက်လို့ ရှင်းပြပေးပါနော် ဘဘ”

“ဟုတ်ပါပြီ။ ကဗျာဝါကျတွေက စကားပြေဝါကျတွေလို ပုံမှန်အတိုင်း ဖြစ်ချင်မှတော့ ဖြစ်မှာပေါ့ဆိုတာက အမြဲတမ်း ပုံမှန်မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဝါကျဖွဲ့ထုံးစည်းကမ်းအတိုင်း ပုံမှန်ရေးတဲ့ ကဗျာဝါကျတွေ အများကြီး ရှိတယ်”

“ပြောပြပါ ဘဘ”

“အင်း- ကဲ၊ ဘဘ ခေါင်းထဲပေါ်လာတဲ့ ဝါကျ တစ်ခု ပြောပြမယ်။ မန်လည်ဆရာတော်ကြီးရဲ့ မဃဒေဝလင်္ကာ သစ်ထဲက ဝါကျတစ်ခုပါ။ ဘယ်လိုလဲဆိုတော့၊ ‘ကိစ္စ တစ်သီး၊ အရေးကြီး၍ ၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကို သာ၊ တိုင်ပင်ရာဟု၊ ပညာရှိများ၊ အစဉ်ကြား၍၊ ထင်ရှား မိန့်မှာ၊ ဥဒါန်းလာ၏’…တဲ့”

“ဪ… ဟုတ်ကဲ့ပါ”

“ဒီဝါကျကို ဖတ်လိုက်ရုံနဲ့ သမီးနားလည်တယ်မဟုတ်လား။ ဖွဲ့ထားတာက စကားပြေဝါကျလိုပဲ ရှင်းရှင်း လင်းလင်းရှိတယ်။ ကိစ္စတစ်ခုခု အရေးကြီးလို့ပြီးအောင် လုပ်ဖို့အကြံမရရင် မိန်းမကိုသာ တိုင်ပင်သင့်တယ်လို့ ပညာရှိတွေ အစဉ်အဆက်မိန့်မှာတဲ့ စကားရှိတယ်’လို့ စကားပြေပြန်လို့ ရတယ်လေ”

“ဟုတ်ပါတယ် ဘဘ၊ တော်တော်ရှင်းပါတယ်”

“မိန်းမတွေက ဉာဏ်ထက်မြက်လို့ မဖြေရှင်းနိုင်တဲ့ ပြဿနာရှိရင် မိန်းမကို တိုင်ပင်ပါလို့ ဆရာတော်ကြီးက ချီးကျူးထားတဲ့ အဆိုအမိန့်လေ။ အင်း- သမီးသဘောကျတယ် မဟုတ်လား”

“ဟာ… ဘဘကလဲ၊ မိန်းမတွေကို ချီးကျူးတာဆိုတော့ သဘောမကျဘဲ နေမလားဘဘရယ်”

“ဟုတ်ပါပြီ။ ဆိုလိုတာက ဒီဝါကျကို စိစစ်ကြည့်ရင် စကားပြေဝါကျရဲ့ အစီအစဉ်အတိုင်းပဲ ကတ္တား၊ ကံ၊ ကြိယာ ပုဒ်တွေကို အလိုက်သင့်တွေ့နိုင်တာပေါ့။ အဲ…တချို့ကဗျာ ဝါကျတွေကျတော့ စကားပြေဝါကျ‌တွေလို ပုံမှန်မဟုတ်ဘဲ သွေဖည်နေတာတွေရှိတယ်ကွဲ့”

“သမီးသိချင်တာက အဲဒီလိုအရေးအဖွဲ့တွေပါ ဘဘ”

“ကဲ… သမီးနဲ့ ရင်းနှီးပြီးသား လက်ဝဲသုန္ဒရရဲ့ မဲဇာ တောင်ခြေရတု တတိယပိုဒ်အဆုံးသတ်ကို ကြည့်ရအောင်။ ‘ရထားယာဉ်သာ၊ နေစကြာလမ်း ရောင်ဝါမထွန်း၊ ချမ်းရှာ လွန်း၍ ’ ဆိုပြီး ဘာဆက်သလဲသမီး ”

“တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့် လည်၊ တလျက်မြည်သည်၊ နေခြည်ဖြာမှ နွေးသောကြောင့်…”

“ဟုတ်ပြီ။ သူ့အတိုင်း စကားပြေပြန်ကြည့်ရင် ‘မြန်မြန် မွန်းတည့်ပါစေဟု တမ်းတနေရပါသည် နေခြည်ဖြာမှ နွေးသောကြောင့်’ လို့ စကားပြေ ပြန်ရမှာပေါ့”

“ဟုတ်ပါတယ် ဘဘ”

“သမီးစဉ်းစားကြည့်လေ။ မြန်မာဝါကျ ဖွဲ့ထုံးစည်းကမ်း အတိုင်းဖွဲ့ရင် ဝါကျကို ကြိယာနဲ့အဆုံးသတ်ရတယ် မဟုတ်လား။ အခုတော့ ‘နေခြည်ဖြာမှ နွေးသောကြောင့်’ ဆိုတာက ကြိယာဝိသေသနပုဒ်ကြီးလေ။ ‘တလျက် မည်သည်’ ဆိုတဲ့ ကြိယာပုဒ်ရဲ့ နောက်မှာ ကြိယာဝိသေသနပုဒ်ကြီး ရောက်နေတာဟာ မြန်မာဝါကျ ဖွဲ့ထုံးစည်းကမ်းနဲ့ မကိုက်ဘဲ သွေဖည်နေတာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ် ဘဘ၊ သဘောပေါက်ပါပြီ”

“‘နေခြည်ဖြာမှ နွေးသောကြောင့်’ ဆိုတာ အကြောင်းပြကြိယာဝိသေသနပေါ့။ ရိုးရိုးပြောရင် ‘နေခြည်ဖြာမှ နွေးသောကြောင့်’ ‘နေထွက်ပါစေ ဟု တမ်းတနေရပါသည်’ လို့ရေးမှ မှန်မယ်မဟုတ်လား။ ကြိယာဝိသေသနကို ကြိယာရဲ့ ရှေ့မှာထားရမှာလေ”

“ဟုတ်ပါတယ် ဘဘ”

“အခုပုံစံက စကားပြေနဲ့ရေးရင် ‘ကျွန်မသည် နေမကောင်းသောကြောင့် ဆေးခန်းသို့ သွားပါသည်’လို့ ပုံမှန်ရေးရ မှာကို‘ ကျွန်မသည် ဆေးခန်းသို့သွားပါသည် နေမကောင်းသောကြောင့်’လို့ ရေးသလိုဖြစ်နေတာပေါ့”

“သဘောပေါက်ပါပြီ ဘဘ”

“နောက်တစ်ခုကြည့်ရအောင်။ ဦးပုညရဲ့လေး တစ်ပုဒ်ရဲ့ အဆုံးသတ်မှာ မောင်နဲ့မယ် ဘုရားအတူတူ ဖူးကြစို့ဆိုတဲ့ အကြောင်းကို ‘ဗျာဒိတ်ခြွေ စိန္တေဦးမှာ၊ ဖူးစို့နှစ်ပါး’လို့ ဖွဲ့ထားတယ်”

“ဟုတ်ကဲ့ပါ”

“စကားပြေ ဝါကျဆိုရင်‘နှစ်ပါးအတူဖူးကြစို့’ လို့ရေးမှ အစီအစဉ်မှန်မှာပေါ့။ ‘နှစ်ပါး’က ဘုရားဖူးမဲ့ မောင်နဲ့ မယ်ဆိုတော့ ပြုလုပ်သူ-ကတ္တားပေါ့။ ဖူးစို့ဆိုတာက အတူဆောင်ရွက်ဖို့ နှိုးဆော်တဲ့ ကြိယာပေါ့။ မြန်မာဝါကျ ဖွဲ့ထုံးအရဆိုရင် ကတ္တားက ရှေ့က၊ ကြိယာက နောက်ကနေရတာ မဟုတ်လား။ အခု- ကတ္တားက ကြိယာရဲ့ နောက်ကိုရောက်နေတော့ ပြောင်းပြန်ဖြစ်နေတာပေါ့။ ‘မင်းနဲ့ ငါသွားကြစို့’ လို့မပြောဘဲ ‘သွားကြစို့ မင်းနဲ့ ငါ’လို့ ပြောတာမျိုး ဖြစ်မနေဘူးလား”

“ဟုတ်ပါတယ် ဘဘ။ သဘောပေါက်ပါပြီ”

“ဒီလောက်ဆိုရင် ကဗျာဝါကျတွေရဲ့ သဘောကို သိလောက်ပါပြီ။ အရေးကြီးတာက စကားပြေရေးတဲ့ သူဟာ ဝတ္ထုတို့၊ ဆောင်းပါးတို့၊ အတ္ထုပ္ပတ္တိတို့၊ မှတ်တမ်းတို့ပေါ့။ အဲဒါတွေရေးရင် မြန်မာဝါကျဖွဲ့ထုံးအတိုင်း မှန်မှန်ကန်ကန် ရေးရတယ်။ စည်းကမ်းကိုသွေဖည်ပြီးရေးရင် ‘သဒ္ဒါမှားတယ်’၊ ‘ဝါကျဖွဲ့ထုံးမမှန်ဘူး’လို့ အပြစ်တင်ခံရ တယ်မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“အေး-ကဗျာရေးတဲ့သူကတော့ ခုပြခဲ့သလို ဝါကျ ဖွဲ့ထုံးစည်းကမ်းကို သွေဖည်ပြီး ကြိယာဝိသေသနကို ကြိယာရဲ့ နောက်မှာထားတာတို့၊ ကတ္တားကိုကြိယာရဲ့ နောက်မှာထားတာတို့၊ ကံကို ကြိယာရဲ့နောက်မှာ ထားတာတို့ စသည်ဖြင့်ပေါ့၊ သွေဖည်မှုတွေအမျိုးမျိုးလုပ် ခွင့်ရှိတယ်ကွဲ့။ အဲ ဒီအခွင့်အရေးကို ‘စာဆိုအခွင့်ထူး’လို့ ခေါ်ကြတယ်။ ‘ကဝိအခွင့်အရေးထူး’ လို့လဲ ခေါ်ကြတယ်။ Poetic Licence ပေါ့။ ပရိသတ်ကလဲ နှစ်နှစ်သက်သက် လက်ခံကြတယ်။ ပြီးတော့ အဲဒီလို သွေဖည်တဲ့အတွက် အဓိပ္ပာယ်ကောက်လို့မရအောင် အထိတော့ ရှုပ်ထွေး မသွားပါဘူး။ ကဲ…သမီးရေ ဘဘတို့ရဲ့ ဘာသာစာပေ ပေါင်းကူးအကြောင်း ဒီနေရာမှာ အဆုံးသတ်ကြစို့နော်”

“ဟုတ်ကဲ့ပါ”။ ။