“စာပေတွေမှာ တစ်ချိန်ကသုံးခဲ့တဲ့ စကားလုံးတချို့ဟာ တော်တော်ကြာကြာ တိမ်မြုပ်နေပြီး နောက်မှ ပြန်အသုံးတွင်လာတာမျိုးလဲ ရှိတယ် သမီးရဲ့”

“ဘယ်လိုစကားလုံးမျိုးလဲ ဘဘ”

“ပန်တျာလို စကားလုံးပေါ့ကွယ်။ ပုဂံ ကျောက်စာတွေမှာ တော်တော်အသုံးတွင်ခဲ့တာလေ။ ‘ပန်တျာသည်’၊ ‘စည်ကြီး ပန်တျာ’ ဆိုတဲ့ စကားတွေပေါ့။ တီးရတဲ့ တူရိယာရော၊ တူရိယာတီးတဲ့သူရော ရည်ညွှန်းတာပေါ့။ ဝါဒျဆိုတဲ့ သက္ကတစကားက ဆင်းသက်တယ်လို့ ပညာရှင်တွေ ယူဆကြတယ်။ အဲဒီစကားက တော်တော်ကြာကြာ တိမ်မြုပ်နေပြီး လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ ပြန်တွင်ကျယ်လာတာလေ။ ‘ပန်တျာ ကျောင်း’ တို့၊ ‘ပန်တျာမူမှန်’ တို့ဆိုတဲ့ အသုံးတွေ တွေ့မှာပေါ့။ အဆို၊ အတီး၊ အက အနုပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရည်ညွှန်းတဲ့စကား ဖြစ်နေပြီ လေ”

“ဟုတ်ကဲ့ပါ။ မှတ်သားထားပါ့မယ်”

“ခုခေတ်မှာ တွင်ကျယ်နေတဲ့ ‘တော်လှန်’ ဆိုတဲ့စကားလုံးနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးသိန်းဖေမြင့်က ရေးဖူးတယ်။ အဲဒီစကားလုံးကို တွင်ကျယ်လာအောင် သူစသုံးတဲ့ အကြောင်းပေါ့။ revolution ကို တော်လှန်ရေးလို့ ခေါ်တာမျိုးပေါ့။ ဦးဩဘာသရဲ့ ဝေဿန္တရာဇာတ်ထဲမှာ ဇာလီနဲ့ ကဏှာဇိန်ကို စူဇကာပုဏ္ဏားရဲ့ ကျွန်အဖြစ်က တော်လှန်လိုရင် ငွေဘယ်လောက်ပေးပြီး တော်လှန်နိုင်တယ်ဆိုတဲ့ အသုံးပါတယ်လေ။ ဆရာက အဲဒီ ‘တော်လှန်’ ကို ပြန်သုံးတာလို့ ဆိုလိုတာလေ”

“ဟုတ်ကဲ့ပါ”

“ဒါပေမဲ့ ‘တော်လှန်’ က ပုဂံခေတ်ကတည်းက သုံးနေပြီ။ ‘ရမ္မက်ကျွန်အဖြစ်မှတည်း တော်လှန် လိုရကား’ ဆိုတဲ့ အသုံးကို တောင်ဂူနီကျောက်စာ မှာ တွေ့ရတယ်။ အဲဒီလိုပေါ့။ စကားလုံးတစ်လုံး ဟာ သမိုင်းကြောင်းတစ်လျှောက် ငုပ်လိုက် ပေါ်လိုက်ရှိတတ်တာပဲလေ”

“ဟုတ်တယ်နော် ဘဘ”

“သတိရလို့ ပြောရအုံးမယ်။ ဘဘတို့ ခပ်ငယ်ငယ်က စာရေးဆရာကြီးတစ်ယောက်ရေးတာ ဖတ်ရတယ်။ ပန်းပဲမောင်တင့်တယ်ဆိုတဲ့ နာမည်ဟာ ခုခေတ်မှာ ကလောင်နာမည်ယူရတဲ့အထိ ခေတ်မီတဲ့နာမည်မို့ ပုဂံခေတ်မှာ အဲဒီနာမည်မျိုးရှိမယ် မထင်ဘူးလို့ ရေးတာလေ။ စာရေးဆရာ ‘တင့်တယ်’ ရှိတယ် မဟုတ်လား။ စာရေးဆရာကြီးက အဲဒါကို ရည်ညွှန်းပြီး ရာဇဝင်ထဲက မောင်တင့်တယ်ဆိုတဲ့နာမည်ဟာ ပုဂံခေတ်က နာမည်မဖြစ်နိုင်ဘူး။ ရာဇဝင်ရေးတဲ့သူတွေက ဖန်တီးတာဖြစ်မယ်လို့ ဆိုလိုတာလေ”

“ဪ၊ ဟုတ်ကဲ့ပါ”

“ဘဘတို့လဲ အဲဒီအယူအဆကို သဘောကျတာပေါ့။ စာရေးဆရာကြီးရဲ့ အတွေးအခေါ်က ခေတ်မီတယ်ပေါ့။ နောက်- ပုဂံကျောက်စာတွေ လေ့လာတော့မှ ဘုရားကျွန်အဖြစ်လှူတဲ့ လူနာမည်အမျိုးမျိုးကို တွေ့ရတယ်”

“ဘယ်လိုနာမည်တွေလဲ ဘဘ”

“သမီးလဲ ဖတ်ဖူးမှာပေါ့။ ‘ငချစ်စရာ တဲ့၊ သနားဖွယ် တဲ့၊ ငယဉ် တဲ့၊ ငလှမြတ် တဲ့၊ ငကြံထက် တဲ့၊ ငအောင်ပြည့် တဲ့၊ ငကံပိုင် တဲ့၊ ငစည်းစိမ် တဲ့၊ ငထင်ရှား တဲ့၊ ငလှယဉ် တဲ့၊ ဒါယောကျ်ားနာမည် တချို့ကို ထုတ်ပြတာလေ။ ငတင့်တယ်ဆိုတဲ့ နာမည်မျိုးရှိနိုင်တာပေါ့။ ဒါ ဘဘတို့ရဲ့ဆရာမကြီး ပါမောက္ခဒေါ်သန်းဆွေ သုတေသနလုပ်ထားတဲ့ ‘ပုဂံခေတ် လူအမည်များ’ စာတမ်းထဲကလေ။ သမီးအပြည့်အစုံ လေ့လာကြည့်ပေါ့”

“လေ့လာပါ့မယ် ဘဘ”

“ဪ…အဲဒီမှာ ‘ငအောင်ပြည့်’ ဆိုတဲ့ နာမည်ပါလို့ ဘဘတို့မိတ်ဆွေ၊ အခုကွယ်လွန်သွားပြီ။ စာရေးဆရာ အောင်ပြည့်ကို ပုဂံခေတ်က ကျွန်နာမည်ကို ကလောင်နာမည် လုပ်ထားတယ်လို့ သူ့မိတ်ဆွေတွေက ကျီစယ်ကြသေး တယ်လေ”

“မှတ်သားစရာပါ ဘဘ”

“ဒီ‌တော့ မြင်ကွင်းကျယ်ကျယ်ဖြန့်ပြီး လေ့လာနိုင်ရင် ကောင်းတာပေါ့ကွယ်။ စာပေတွေထဲမှာ စကားအသုံး အနှုန်းသစ်တွေ တီထွင်ဖန်တီးခဲ့တဲ့ ဆရာဒဂုန်တာရာရဲ့ ကျေးဇူးဟာလဲ စာပေလောကအတွက် အင်မတန် ကြီးမားပါတယ်ကွယ်”

“ပြောပြပါ ဘဘ”

“ဆရာဒဂုန်တာရာက ဂန္ထဝင်စာပေအခြေခံခိုင်မာပြီး အတွေးသစ်အမြင်သစ်တွေ ကြွယ်ဝတဲ့ ဆရာကြီးမို့ ဆရာအမွေပေးခဲ့တဲ့ စကားအသုံးအနှုန်းတွေကို ခုအထိ အမြတ်တနိုး အသုံးပြုနေကြတာပေါ့ကွယ်”

“အကျယ်သိပါရစေ ဘဘ”

“ဆရာဒဂုန်တာရာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဂန္ထဝင်ကဗျာတွေ နိုင်နိုင်နင်းနင်းဖွဲ့နိုင် နေပြီလေ။ ဒဂုန်မဂ္ဂဇင်းမှာ ဆရာရဲ့ပိုဒ်စုံရတုကြီးတွေ ခမ်းခမ်းနားနားပါနေပြီ။ ငယ်ငယ်ကတည်းက စာပေ ရော၊ ဂီတရော မွေ့လျော်ခဲ့တဲ့ ပုဂ္ဂိုလ်ကိုး။ အဲ…တာရာမဂ္ဂဇင်းတည်ထောင်တဲ့ ခေတ်ကျတော့ ဆရာ့တီထွင်မှုတွေ အထင်အရှား ပေါ်လာတာပါပဲလေ”

“ဟုတ်ကဲ့ပါ”

“စစ်မဖြစ်ခင် နဂါးနီစာစဉ်ကထုတ်တဲ့ ‘မေ’ ဝတ္ထုစစချင်း‘လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကို’ ဆိုတဲ့အသုံးက စကြည့်ပေါ့။ ‘လေနုအေး’ ဆိုတဲ့ အတွဲအစပ်ကလေး ဘယ်လောက် လှသလဲနော်။ အဓိပ္ပာယ်လဲ ပြည့်တယ်။ နောက်တော့ သမီးတို့ သိတဲ့အတိုင်း ‘ရွှေအိုရောင်’ တို့၊ ‘ပင်မရေစီး’ တို့လို အသုံးတွေ ပေါ်လာတာပေါ့” “ဘဘ၊ ရွှေအိုရောင်က ဘာသာပြန်တဲ့ စကားလုံးကို ကြားဖူးပါတယ်”

“ဟုတ်တယ်။ ragged gold ကို ပြန်တာပေါ့။ နောက်ပြီး ‘ဂိုဂင်နီ’ တဲ့၊ ‘‌ဝေါ့ဒစ္စနေအပြာ’ တဲ့။ ပန်းချီ ဆရာကြီးပေါဂိုဂင်ရဲ့ အနီရောင်၊ ကာတွန်းဆရာကြီး ဝေါ့ဒစ္စနေရဲ့ အပြာရောင်ပေါ့။ တီထွင်စတုန်းကတော့ တော်တော်ဝေဖန်ခံရတယ်။ ခုတော့ ဒီတီထွင်မှုတွေ ကိုပဲ အမှတ်တရပြောနေရတယ် မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“စကားလုံးတီထွင်တဲ့ အကြောင်းပြောရင် ဆရာကြီးမောင်ထင်ရဲ့ စကားလုံးသစ်တွေလဲ အမှတ်တရ ဖြစ်စရာပေါ့။ ဘဘ ပြောဖူးပါတယ်။ ‘စွန့်စား’ ဆိုတဲ့ စကားလုံးကို ‘စွန့်မှစားရတယ်’ လို့ အဓိပ္ပာယ်ဖွင့်တာမျိုး။ ‘သူစွန့်လျှင် ငါစားတော့မည်’ လို့ ဟန်ပြင်နေတဲ့ခေတ်ကြီးမှာ ‘မစားဘဲ စွန့်သွားရှာ သူတွေ’ ရှိတဲ့အကြောင်းတို့ ဆရာကြီး ရေးထားတာလေ”

“သမီးကြားဖူးပါတယ် ဘဘ”

“ဒါတွေကတော့ နေ့စဉ်သုံးတဲ့ စကားတွေပေါ့။ စာပေနဲ့ပတ်သက်တဲ့ ဝေါဟာရတွေ တီထွင်တဲ့ အထဲမှာ ဆရာဇော်ဂျီရဲ့ တီထွင်မှုတွေလဲ စာပေလောကအတွက် အင်မတန် ကျေးဇူးကြီးပါတယ် ကွယ်။ အခုသမီးတို့ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ‘ရသစာပေ’ တို့၊ ‘ဂယက်အနက်’ တို့၊ ‘နိမိတ်ပုံ’ တို့၊ ‘ဘဝအလွမ်းသဘော’ တို့ ဆိုတဲ့ ဝေါဟာရတွေပေါ့။ ဒါက ဘဘ သတိထားမိ သလောက်ပြောပြတာပါ”

“သမီးတို့အတွက် မှတ်သားစရာတွေ အများကြီးရပါတယ် ဘဘ”

“တချို့စကားလုံးတွေကတော့ တစ်နေရာတည်းမှာပဲ သုံးတာတွေ့ရပေမဲ့ တီထွင်တဲ့စိတ်ကူးဉာဏ်က အတုယူစရာကောင်းတာမျိုးလဲ ရှိတယ်ကွဲ့။ ဆရာကြီးမောင်ထင်ရဲ့ အသုံးတစ်ခုကို သတိရလို့ပါ”

“ဟုတ်ကဲ့ပါ”

“ဆရာကြီးရဲ့ ကိုဒေါင်းဝတ္ထုတိုတွေထဲမှာ ပါတာလေ။ ကိုဒေါင်းက ကာလသားခေါင်း၊ သူ့လူတွေနဲ့ သူရွာမှာ တွင်ကျယ်နေတာပေါ့။ တစ်ဖက်မှာသူနဲ့ မတည့်တဲ့ ဒီလုံးဆိုတဲ့ ကာလ သားလဲရှိတယ်။ တစ်နေ့တော့ ဒီလုံးက ကိုဒေါင်း ကို ချောက်တွန်းချင်တာနဲ့ ကိုယ့်လက်တွေ၊ ခြေတွေကို ဓားနဲ့ဆွပြီး ဒဏ်ရာရအောင်လုပ်ပြီး တော့ ကိုဒေါင်းက သူ့ကိုဒီလိုလုပ်ပါတယ်ဆိုပြီး ဂတ်တဲ၊ အဲ-ရဲစခန်းပေါ့။ အဲဒီဂတ်တဲကို သွားတိုင် ဖို့ စီစဉ်တယ်။ ဒီလုံးကို တပည့်တွေက ကပ် ပေါ်တင်ပြီး ထမ်းလာတယ်။ ဒီလုံးကလဲ ဒဏ်ရာ တွေနဲ့ ညည်းပြီး ရောက်လာတာပေါ့။ အဲဒီတုန်း ရွာတစ်ဖက်က ရှင်လောင်းလှည့်လာတဲ့ပွဲနဲ့ ဆုံပါ လေရော။ အဲဒီမြင်ကွင်းကို ဆရာကြီးမောင်ထင်က သရုပ်ဖော်ရင်း စကားတစ်လုံး သုံးလိုက်တယ်။ ဒီလုံးက ရှင်လောင်းလှည့်ပွဲနဲ့အပြိုင် ‘သေလောင်း လှည့်’ လာတာထင်ပါရဲ့-တဲ့”

“ဪ…သေလောင်းလှည့်တဲ့လား ဘဘ”

“ကဲ …စဉ်းစားကြည့်။ ရှင်လောင်းလှည့်ဆိုတဲ့ စကားနဲ့လိုက်အောင် ဒီလုံးကို သရော်ပြီး ‘သေလောင်းလှည့်’ လို့ သုံးလိုက်တာလေ။ ရှင်လောင်းလှည့်မှာပါတဲ့ ‘ရှင်’ က ကိုရင်သာမဏေ ကိုပြောတာ၊ သေလောင်းလှည့်နဲ့ တွဲလိုက်တော့ ‘ရှင်’ က ရှင်တာ၊ သေတာနဲ့ ဆိုင်တဲ့စကား ဖြစ်သွားရော၊ အဓိပ္ပာယ်လဲ ပြောင်းသွားရောလေ”

“ဟုတ်တယ်နော် ဘဘ၊ သမီးသဘောကျလိုက်တာ”

“ဆရာကြီး မင်းသုဝဏ်က ရေးဖူးတယ်။ စာအရေးကောင်းတဲ့သူဟာ တစ်ခါမှမတွေ့ဖူးတဲ့ လူနှစ်ယောက်ကို တွေ့ဆုံပြီး မိတ်ဆက်ပေးသလိုပဲ။ တစ်ခါမှမတွဲဖူးတဲ့ စကားလုံးတွေကို တွဲပြီး နှစ်သက်စရာဖြစ်အောင် ဖန်တီးနိုင်တယ်-တဲ့။ စာပေရေးဖွဲ့ရာမှာ စိတ်ကူးဉာဏ်အမျိုးမျိုးကိုလိုက်ပြီး စကားကိုအတွဲအစပ်အသစ်တွေ ပေါ်လာရတာပေါ့ကွယ်” ။ ။