“စကားမဆက်ခင် သတိရလို့ သမီးကို မေးရ အုံးမယ်။ သမီး သံဝရပျို့ သင်ဖူးမှာပေါ့”

“သင်ဖူးပါတယ်ဘဘ၊ အခုလဲ ကျောင်းသားတွေကို သင်ပေးရပါတယ်” ။

“အဲဒီ သံဝရပျို့မှာ ‘လေးတန်ယာပိုတ်။ နှစ်ခြိုက်ရွှင်ပြုံး၊ သီတင်းသုံးလျက်’ ဆိုတာ ပါတယ် မဟုတ်လား။ ‘လေးတန်ယာပိုဒ်’ ရဲ့ အဓိပ္ပာယ်ကို သမီး ဘယ်လိုရှင်းပြသလဲ”

“ဟုတ်ကဲ့၊ ဣရိယာပထ လေးပါးနဲ့အညီလို့ ဆိုလိုကြောင်း ရှင်းပြပါတယ်ဘဘ”

“အဲဒီမှာလဲကြည့်နော်။ ‘ဣရိယာပထ’ ကို ‘ယာပိုဒ်’ ဆိုပြီး အသံ နှစ်သံတည်းကျန်အောင် ရှေ့ကအသံတွေဖြုတ်ပြီး ချဲ့လိုက်တာလေ”

“ဟာ…ဟုတ်သားပဲနော်၊ သမီးကတော့ စကားပျံ့တဲ့စနစ်ကို သတိမထားမိလို့ ရှေ့ကစာလုံးတွေကို ဖြုတ်ထားတယ်ဆိုတာ ရှင်းမပြမိပါဘူး ဘဘ။ ခုမှ သေသေချာချာ သိရပါတယ်”

“အေးပါ၊ ဆိုလိုတာက ကဗျာစာဆိုတွေရဲ့ လုပ်ပိုင်ခွင့် ဘယ်လောက် နယ်ကျယ်တယ်ဆိုတာ ပြောချင်လို့ပါ။ ဣရိယာ ပထဆိုတာ အိပ်၊ ထိုင်၊ ရပ်၊ လျောင်း ဆိုတဲ့ လူတွေရဲ့ အပြုအမူလေးခု မဟုတ်လား။ ပါဠိစကားလေ။ အဲဒါကို ရှေးကတည်း က ‘ဣရိယာပုထ်’ လို့ မြန်မာမှုပြုထားတာ။ “ပထ” ကို ‘ပုသ်’ လို့ ထဆင်ထူးသတ်နဲ့ရေးတာ ထူးခြားတယ်။ ‘ဣရိယာပထ မျှတရဲ့ လား’ လို့ နှုတ်ဆက် ကြတယ် မဟုတ်လား။ ‘ဣရိယာပုထ်’ လို့လဲ သုံးတယ်။ အဲဒီ ‘ဣရိယာပုထ်’ ကို ‘ယာပုထ်’ လို့ ချဲ့လိုက်တာပဲလေ”

“ကောင်းကောင်း သဘောပေါက်သွားပါပြီ ဘဘ”

“ကဲ…ဆက်ကြရအောင်။ စာဆိုတွေကကဗျာ မှာလိုအပ်တဲ့စာလုံးအရေအတွက်နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် စကားလုံးတွေကို အသံဖြုတ်တာ မျိုးရှိသလို အသံတိုးတာမျိုးလဲ ရှိတယ်ကွဲ”

“ဘဘပြောတဲ့ ‘တ’ တိုးတာမျိုးတွေပေါ့နော်”

“ဟုတ်တယ်။ ‘တ’ က မူလစကားလုံးမှာမပါဘဲ သတ်သတ်ယူပြီးထည့်တာ၊ ‘တလွဲ၊ ဂရုတစိုက်’ ဆိုတာမျိုးပေါ့။ ခုဘဘပြောမှာက မူလစကားမှာ ပါပြီးသားအသံကို ထပ်ပွားပြီး တိုးလိုက်တာ မျိုးလေ”

“ဪ..ဟုတ်ကဲ့”

“အင်းဝခေတ်စာဆို ရှင်အုံးညို ရေးတဲ့ ‘ဂါထာ ခြောက်ဆယ်’ ပျို့ကို သိမှာပါ။ ဘုရားရှင် ကပိလဝတ်ပြည်ကို ကြွတော်မူဖို့ ကာဠုဒါယီ မထေရ်က ဂါထာ ၆၀ နဲ့ လျှောက်ထားတဲ့ အကြောင်းလေ။ အဲဒါကို ပျို့ဖွဲ့ထားတာလေ”

“သမီးဖတ်ဖူးပါတယ် ဘဘ”

“ဒါဆိုရင် ဒီမှာစာအုပ်။ ပျို့အပိုဒ် ၄၄ ကနေ ၅၀ အထိ အချပိုဒ်တွေကို ဖတ်ပြစမ်းပါ သမီး”

“ဟုတ်ကဲ့…ပျံ့ပျူးသာယောင့်သာယာတည်း၊ အံ့မူးနာသောင့် နာသာတည်း၊ ချင်းတို့ဘာသောင့် ဘာသာတည်း၊ ချစ်ထွေညှာတောင့် ညှာတာတည်း၊ စီးပွားရှာပေါင်း ရှာပါတည်း၊ ကိုယ်ရမ်းစာနောင့် စာနာတည်း၊ ခြောက်ဆယ်ဂါထောင့် ဂါထာတည်း ပြီးပါပြီ ဘဘ”

“အဲဒီမှာ အချပိုဒ်တွေ အသံ ရ သံ ပြည့် အောင် အသံပွားထားတာတွေ တွေ့တယ်မဟုတ်လား။ ‘သာယာ’ ကို ‘သာယောင့် သာယာ’ တဲ့၊ စာနာကို ‘စာနောင့် စာနာ’ တဲ့၊ ဘယ်လောက် အခွင့်ထူးရသလဲဆိုရင် စကားလုံးပွားလေ့မရှိတဲ့ ‘ဂါထာ’ ကိုတောင် ‘ဂါထောင့် ဂါထာ’ လို့ ပွားလိုက်တာလေ”

“ဟုတ်တယ်နော် ဘဘ”

“အခုသုံးကြတယ် မဟုတ်လား။ ဒီနေရာ လေးက သာယောင့်သာယာရှိလိုက်တာ…လို့။ တချို့ကတော့ ‘သာတောင့် သာယာ’ လို့သုံးတယ်။

“ ‘သာယောင့် သာယာ’ မှာ ‘သာယောင်’ က အဓိပ္ပာယ် အထူးမရှိပေမဲ့ စကားပြေပြစ်တာပေါ့ကွယ်။ ပြေပြစ်အောင်သုံးတဲ့ စကားပေါ့”

“ဟုတ်ကဲ့ပါ”

“အဲဒီလိုပွားပြီးသုံးတဲ့ စကားတွေ ဘဘတို့ နေ့စဉ်သုံးတဲ့ အထဲမှာရှိပါတယ်။ ကိုယ့်ဘာသာကို သီးခြားနေတာကို ‘ဘာသိဘာသာနေတယ်’ လို့ ပြောတာ၊ ‘သာမည’ ကို ‘သာမညောင်ည’ လို့ ပြောတာမျိုးတွေပေါ့”

“နားလည်ပါပြီ ဘဘ”

“စကားလုံးတစ်လုံးကို ပွားပုံအမျိုးမျိုးရှိနိုင်တယ်။ ‘မလိမ္မာ’ ဆိုတဲ့စကားကိုမူတည်ပြီး ‘မလိမ်မိုး မလိမ္မာ’ တဲ့။ ‘မလိမ်မိမလိမ္မာ’ တဲ့၊ ‘မလိမ်တမာ’ တဲ့ အမျိုးမျိုးပွားတာလေ”

“ဟုတ်ကဲ့ပါ။ စကားလုံးတွေတိုးလာတာပေါ့ နော် ဘဘ”

“နောက်တစ်မျိုးက ကဗျာထဲမှာ ကာရန်ကိုက်အောင် အသံပြောင်းသုံးတာလေ။ ‘စန္ဒာ’ ဆိုတာ ‘လ’ ကို ခေါ်တဲ့ ပါဠိစကားလေ။ ‘စန္ဒ’ ကို ‘စန္ဒာ’ လို့အသံပြောင်းပြီး…’လစန္ဒာကို မျှော်ကာမိ’ ဆိုတာမျိုး ဖွဲ့ကြတယ်။ ‘တိမ်ယံပေါ်က၊ စန္ဒေါ်ငွေလ’ ဆိုတာမျိုးကျတော့ ‘စန္ဒာ’ ကနေ ‘စန္ဒေါ်’ ဖြစ်သွားရောလေ”

“ဟုတ်ကဲ့ပါ”

“ ‘ရှေးယခေါင်က၊ တောတောင်မြင့်ဖျား’ ဆိုတဲ့အဖွဲ့မှာ ‘ယခေါင်’ ဆိုတာ ‘ယခင်’ ကို ကာရန်ကိုက်အောင် အသံပြောင်းထားတာလေ။ နောက် ‘လောကသာရပျို့’ သမီးဖတ်ဖူးမှာပါ။ အပိုဒ် တစ်ပိုဒ်ပါတယ်လေ။ “အနိစ္စနှင့်၊ ဒုက္ခ အနတ္တား” သုံးပါး လက္ခဏာ…တဲ့”

“ဟုတ်ကဲ့ ‘အနတ္တ’ က ‘အနတ္တား’ ဖြစ်သွား တယ်နော်”

“ဟုတ်တယ်။ ရှေးကလူကြီးတွေ ကာရန်ကိုက်အောင် ဘယ်လောက်အထိ ပြောင်းသလဲဆိုတာ ကဗျာကလေးတစ်ပုဒ် ရှိတယ်။ အဲဒီအပိုဒ် ကလေးကို ဆရာကြီးတွေ မကြာခဏရွတ်ဆိုပြတာကြားဖူးတယ်”

“ဆိုပြပါ ဘဘ”

“တို့ကျောင်းတောင်က စိန်ပန်းတော၊ အပျိုလေးတွေလက်နဲ့ ခေါလို့၊ ရွှေမုဋ္ဌောမှာ တင်ကြရှာ…တဲ့”

“ဟင်..လက်နဲ့ခေါလို့ ဆိုတာ ဘာအဓိပ္ပာယ်လဲ ဘဘ”

“သမီးက နားပါးတဲ့သူဆိုတော့ ချက်ချင်းသတိ ထားမိတာပေါ့။ ‘လက်နဲ့ခေါလို့’ ဆိုတဲ့စကားက သုံးရိုးသုံးစဉ်မဟုတ်ဘဲ ထူးခြားနေတယ် မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“အဲဒါဆိုရင် ပုံမှန်မဟုတ်ဘဲ ကာရန်ကိုက်အောင် အသံပြောင်းထားတဲ့ စကားလုံးဆိုတာ သိသာတာပေါ့။ အဓိပ္ပာယ် အဆက်အစပ်ကို ကြည့်ရင် လက်နဲ့ခေါလို့ဆိုတာ ဘာဖြစ်မယ် ထင်သလဲ”

“ပန်းခူးတဲ့အကြောင်းဆိုတော့ ‘လက်နဲ့ခူးလို့’ ဖြစ်မယ်ထင်ပါတယ် ဘဘ”

“ဟုတ်ပါ့ ‘ခူး’ ကို ကာရန်ကိုက်အောင် ‘ခေါ’ လို့ပြောင်းတဲ့အထိ အခွင့်ထူးယူတာပေါ့ကွယ်။ ဒါမှ ‘တော၊ မုဋ္ဌော’ ဆိုတဲ့ စကားလုံးတွေနဲ့ ကာရန်ကိုက်မှာပေါ့”

“နားလည်ပါပြီ ဘဘ”

“နောက် အသံပြောင်းပုံတစ်မျိုးက အသုံးတော့ နည်းတယ်။ ဒါပေမဲ့ အဲဒီစကားလုံးမျိုးတွေ သုံးနေကြတာပဲ။ သမီးကြားဖူးမှာပေါ့။ ‘သဒ္ဒါမတတ် စာမတတ်’ ဆိုတာလေ။ အဲဒီစကားကို တစ်မျိုး သုံးသေးတယ်”

“သဒတ်မတာ စတ်မတာပါ ဘဘ”

“အေး၊ အေး…ဘဘတို့ ပြောနေကျအခေါ်က “စကားလိမ်ပေါ့ကွယ်” အသံတွေကို ရှေ့နောက် ပြောင်းထားတာပေါ့။ အသုံးတွင်နေတဲ့ စကားလိမ် အသုံးတွေရှိတယ်ကွဲ”

“ပြောပြပါ ဘဘ”

“ဦးပုညက တေးထပ်တစ်ပုဒ်မှာ ‘လောကဓံ ဖန်ဖန်မျောလေပေါ့၊ လံကဓော မောဟိုက်လို့” လို့ ရေးထားတယ်။ ‘လောကဓံ’ ကို ‘လံကဓော’ လို့ စကားလိမ် လုပ်ထားတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“လှိုင်ထိပ်ခေါင်တင်ကလဲ ‘နိမှသောင် နောင်မှသိတယ်လေး’ လို့ ဖွဲ့ထားသေးတယ်”

“ဪ…ဦးပုညရဲ့ တေးထပ်တစ်ပုဒ်မှာလဲ ‘ကျွတ်တမ်းကွယ် စာမလိတ်ချင်ဘူး” ဆိုတာ ပါတယ်။ ကျွတ်တမ်းဝင်ဖို့ စိတ်မလာတာကို ‘စာမလိတ်’လို့ သုံးတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ခုပြောခဲ့တဲ့ စကားလိမ်တချို့၊ ‘သဒတ်မတာ စတ်မတာ’ တို့၊ ‘နိမှသောင် နောင်မှသိ’ တို့ကို စကားပြောတဲ့အခါ စကားပုံလို ပုံခိုင်းပြီး သုံးနေကြတယ်မဟုတ်လား။ ‘နိမှသောင် နောင်မှသိ’ ဆိုသလို ‘နောင်မှသိရတာပါကွယ်’ လို့ ပြောတာ မျိုးလေ”

“ဟုတ်ကဲ့ပါ”

“အဲဒီလိုပဲ ရှေ့ကစာဆိုတွေ ကဗျာလင်္ကာတွေထဲမှာ ဖွဲ့ခဲ့တဲ့အဖွဲ့တွေထဲက ကောင်းနိုးရာရာတွေကို နောက်ခေတ်တွေမှာ စကားပုံအဖြစ်ယူ သုံးရာကနေပြီး အသုံးတွင်ကျယ်နေတာတွေလဲ အများကြီးပေါ့ကွယ်။ ဆိုပါတော့ ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့မှာရေးတယ်။ ‘ပထမရွယ်၊ ငယ်သော်ကတည့်၊ သိပ္ပံခေါင်အား၊ တတ်မြောက်မြားမူ၊ တောသားရန်အောင်၊ ခြင်္သေ့ယောင်သို့၊ မရှောင်မညှာ၊ တင်းတင်းမာ၍၊ ပညာရဲရင့် ပွဲလယ် တင့်လိမ့်’ လို့ ဖွဲ့ထားတာ သမီးသိမှာပေါ့”

“ဟုတ်ကဲ့။ သိပါတယ် ဘဘ”

“အဲဒီထဲက ‘ပညာရဲရင့် ပွဲလယ်တင့်’ ဆိုတဲ့ အဖွဲ့ကို စကားပုံအဖြစ် အစဉ်အဆက်သုံးနေကြတယ် မဟုတ်လား။ ‘ပညာရဲရင့်ပွဲလယ်တင့်’ ဆိုသလို ‘ပညာပြည့်ဝရင် အများရှေ့မှာ တင့်တင့်တယ်တယ် ရှိတာပေါ့ကွယ်’ ဆိုတာမျိုးလေ”

“ဟုတ်ကဲ့ပါ ဘဘ”

“အဲဒီလိုပဲ။ ‘လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်’၊ ‘လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ’၊ ‘ငါနှင့်ငါသာနှိုင်းစရာ’၊ ‘ဆိုရေးရှိက ဆိုအပ်လှ၏၊ ‘ပြည်ထဲရေးထက် ဝမ်းရေးခက်၊ ဝမ်းရေး ထက်လွမ်းရေးခက်” ဆိုတဲ့ ရှေးကဗျာတွေထဲက အဖွဲ့တွေလဲ ခုခေတ်မှာ စကားပုံတွေအဖြစ် တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ စကားတွေပဲ ပေါ့ကွယ်”

“တစ်ခုမေးပါရစေ ဘဘ၊ တချို့က ‘ပညာ ရွှေအိုး လူမခိုး’ လို့ တင်စားပြောတဲ့စကားကို စကားပုံ၊ ‘ပညာရဲရင့် ပွဲလယ်တင့်’ လို့ တိုက်ရိုက်ပြောတဲ့စကားကို ဆိုရိုးလို့ ခွဲပြောတာ မှတ်သားရပါတယ်။ ဘယ်လိုကွဲပြားပါသလဲ ဘဘ”

“အေး..ဘဘကတော့၊ တင်စားပြီး သွယ်ဝိုက် ပြောတာပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပြောတာပဲဖြစ်ဖြစ်၊ အားလုံးဟာ ပုံခိုင်းပြောရတာချည်းဖြစ်လို့ အားလုံးကို ‘စကားပုံ’ လို့ပဲခေါ်တာသင့်လျော်တယ်လို့ သဘောရတယ်။ ရှေးကတည်းက အဲဒီစကားတွေကို ‘စကားပုံ’ လို့ပဲ အစဉ်အဆက်ခေါ်ခဲ့ကြတာလေ။ ‘တင်စားသုံးတဲ့စကားပုံ’ နဲ့ ‘တိုက်ရိုက် သုံးတဲ့ စကားပုံ’ လို့ခွဲနိုင်ပါတယ်။ ခုခေတ်မှာ ‘စကားပုံ’နဲ့ ‘ဆိုရိုး’လို့ ထပ်ခွဲတာက အစဉ်အလာ မဟုတ်လို့ အစဉ်အလာအတိုင်း ‘စကားပုံ’ လို့ပဲ အားလုံးကိုခေါ်တာလေပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘဘ”

“ဟုတ်ကဲ့ပါ ဘဘ”