“ခုအထိ ဘဘတို့ပြောလာကြတာ ဘာသာစကားက စာပေကိုပေးတဲ့ လက်ဆောင်တွေအကြောင်း ဆိုပါတော့။ စာဆိုတွေက ဘာသာစကားကို လှလှပပတွဲစပ်ရေးဖွဲ့လို့ စာပေအလှကွက်တွေ ပေါ်ပေါက်လာတဲ့အကြောင်း မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“ကဲ…အခုတစ်ခါ အဲဒီသဘောကို တစ်ဖက်က ပြန်စဉ်းစားကြည့်ရအောင်။ စာပေအရေးအဖွဲ့ တွေအကြောင်း၊ ဘာသာစကားဖွံ့ဖြိုးလာရတဲ့ အကြောင်းပေါ့ကွယ်”

“ဘဘပြောနေကျ စကားအတိုင်းပြောရရင် စာပေက ဘာသာစကားကို ပေးတဲ့လက်ဆောင်တွေ အကြောင်းပေါ့နော် ဘဘ”

“ဟုတ်တာပေါ့ကွယ်။ ဒီနေရာမှာ ဆရာကြီး ဒေါက်တာလှဘေပြခဲ့တဲ့ သာဓကတစ်ခုကို သတိရတယ်။ ဆရာကြီး ဒေါက်တာလှဘေအကြောင်း သမီးသိပါတယ်နော်”

“သိပါတယ် ဘဘ။ မြန်မာကရော၊ ကမ္ဘာကရော လေးစားရတဲ့ ဘာသာစာပေပညာရှင် ဆရာကြီးပါ”

“အေး၊ ဆရာကြီး ဒေါက်တာလှဘေက စာတမ်းတစ်စောင်မှာ ဘာ သာဓက ပြသလဲဆိုတော့ ရှေးက မြန်မာကဗျာဆရာတွေဟာ လေးလုံးစပ်ကာရန် စနစ်ဘောင်ထဲမှာ ကာရန်ညီစကားလုံးတွေ ဖန်တီးရေးဖွဲ့တဲ့အတွက် မြန်မာဘာသာစကားထဲမှာ မျိုးပြစကားတွေ ကြွယ်ဝလာတယ်…တဲ့။ မျိုးပြစကားဆိုတာ သမီးသိပါတယ်နော်”

“ဟုတ်ကဲ့၊ သံဃာတစ်ပါး၊ လူတစ်ယောက်၊ ခွေးတစ်ကောင်၊ အိုးတစ်လုံး၊ ဖျာတစ်ချပ်ဆိုတဲ့ အမျိုးအစားပြတဲ့ စကားတွေပါ ဘဘ”

“ဆရာကြီးက မြစ်တွေအကြောင်းဖွဲ့တဲ့ ကဗျာတွေကို ကိုးကားပြီး ‘မြစ်တစ်မြစ်၊ မြစ်တစ်တန်း၊ မြစ်တစ်မြွှာ၊ မြစ်တစ်ခန်း၊ မြစ်တစ်သွယ်၊ မြစ်တစ်ပါး၊ မြစ်တစ်ခု’ ဆိုပြီး မြစ်ကိုဖော်ပြတဲ့ မျိုးပြ စကားတွေ ကြွယ်ဝလာပုံကို ဖော်ထုတ်ပြထားတာလေ”

“ဟုတ်ကဲ့ပါ”

“ကြုံလို့ပြောရရင် အဲဒီမျိုးပြစကားတွေဟာ မြန်မာစကားမှာရှိလို့ ဘာသာစကားတိုင်းမှာလဲ ရှိလိမ့်မယ်လို့ မပြောနိုင်ဘူးကွဲ့။ အရှေ့တောင်အာရှက ဘာသာစကားတွေ၊ တိဗက်မြန်မာအနွယ်ဝင် ဘာသာစကားတွေမှာ မျိုးပြစကားတွေ ရှိတယ်။ ဟို…အင်္ဂလိပ်၊ ပြင်သစ် စတဲ့အနောက် နိုင်ငံက စကားတွေမှာ မျိုးပြစကားမရှိဘူးကွဲ့”

“ဟင်၊ ဟုတ်လား ဘဘ၊ သမီးသတိမထားမိပါဘူး”

“စဉ်းစားကြည့်လေ၊ အင်္ဂလိပ်စကားမှာ one dog ၊ two pencils စသည်ဖြင့် သုံးတယ်မဟုတ်လား။ ကိန်းဂဏန်းအရေအတွက်နဲ့ သက်ရှိသက်မဲ့ကို ဖော်ပြတဲ့ နာမ်နဲ့ကပ်ပြီးသုံးရင် လုံလောက်ပြီလေ။ မျိုးပြစကားလုံး မပါဘူးမဟုတ်လား။ မြန်မာ စကားလုံးကျတော့ အဲဒီပုံစံနဲ့ ‘၁ခွေး’၊ ‘၂ခဲတံ’ လို့ သုံးလို့မှ မရတာ။ ခွေးတစ်ကောင်၊ ခဲတံ ၂ ချောင်းလို့ မျိုးပြထည့်ပြီး သုံးရတယ်မဟုတ်လား”

“သဘောပေါက်ပါပြီ ဘဘ”

“အဲဒီလိုပဲ မျိုးပြတွေ အမျိုးမျိုးပြောင်းသုံးတာတွေကို စာတွေထဲမှာ တွေ့မှာပါ။ ‘တစ်မျိုး၊ တစ်ဖုံ၊ တစ်တန်၊ တစ်သွယ်၊ တစ်လီ၊ တစ်နည်း’ ဆိုတာ မျိုးတွေလေ။ စာဆိုတွေက စိတ်ကူးဉာဏ် ကွန့်မြူး ပြီး ဖန်တီးလိုက်တဲ့အခါမှာ မျိုးပြတွေ ကြွယ်ဝလာတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“မကြာခင်က ဘဘ စာတမ်းတစ်စောင် ဖတ်ဖြစ်တယ်။ ‘တ’ ဆိုတဲ့ စကားလုံးကလေးကို အရင်းခံစကားလုံးတွေမှာ အမျိုးမျိုးတွဲပြီး စကားလုံးတွေ ပွားယူတဲ့အကြောင်းပေါ့”

“ပြောပြပါ ဘဘ”

“ဒါလဲ အထူးသဖြင့် ရှေးကဗျာတွေမှာ အများဆုံးတွေ့ရတဲ့ စကားလုံးတွေလေ။ ‘တရှိုက်မက်မက်၊ တပင်ပန်းပန်း၊ တအုံနွေးနွေး၊ တသက်သက်’ ဆိုတာမျိုး ‘တ’ကို ရှေ့က ထည့်တာတွေလဲ ရှိတယ်။ ‘ခုံတမင်၊ ရီတမောင်၊ ဝိုးတဝါး’ ဆိုတာမျိုး ‘တ’ကို အလယ်က ထည့်တာတွေလဲ ရှိတယ်။ အဲ ‘တ’ ကို နောက်ကထည့်ရင်တော့ ရှေ့ကစကားလုံးနဲ့ ကာရန်တူအောင် ထည့်လေ့ရှိတယ်။ ‘နီတီတီ’၊ ‘ပြုံးတုံးတုံး’၊ ‘ခနဲ့တဲ့တဲ့’ ဆိုတာမျိုးပေါ့။ လေးလုံး စပ်ကဗျာတွေမှာ လေးလုံးတစ်ပိုဒ် ရေးဖွဲ့တဲ့အခါ စကားလုံးက လေးလုံးမပြည့်ဘဲ တစ်လုံး နှစ်လုံး လိုနေတဲ့အခါ ခုဘဘပြောသလို ‘တ’ ဆိုတဲ့ စာလုံး ကလေးတွေကို ရှေ့က၊ အလယ်က၊ နောက်က ဖြည့်လိုက်တော့ ကဗျာထဲမှာ အသံလဲပြည့်သွားတယ်။ စကားလုံးအသစ်တွေလဲ ပေါ်လာတာပေါ့ကွယ်”

“သာဓက ကလေး သိပါရစေ ဘဘ”

“ဆိုပါတော့ကွယ်။ နွမ်းလျနေပါတယ်လို့ ရေးမယ်ဆိုပါတော့။ ‘နွမ်းလျ’ ဆိုတာ နှစ်သံတည်း ဖြစ်နေတော့ လေးသံပြည့်အောင် ‘တနွမ်းလျလျ’ လို့ သုံးလိုက်တာမျိုးပေါ့ကွယ်”

“သဘောပေါက်ပါပြီ ဘဘ၊ ကျေးဇူးတင်ပါတယ်”

“အခု ဘဘက ‘တ’နဲ့တွဲတဲ့ သာဓကပဲပြတာလေ။ တခြားစကားလုံးတွေနဲ့ တွဲတဲ့စနစ်တွေလဲ ရှိပါတယ်။ သမီးအေးအေးဆေးဆေး လေ့လာ ကြည့်ပေါ့”

“ဟုတ်ကဲ့ပါ”

“နောက်တစ်မျိုးက ကဗျာဖွဲ့ရာမှာ စကားလုံးကရှည်နေလို့ တိုသွားအောင် အစသံဖြစ်ဖြစ်၊ အလယ်သံဖြစ်ဖြစ်၊ အဆုံးသံဖြစ်ဖြစ် ချေပြီး၊ ဖျောက်ပြီး သုံးတာမျိုးကွဲ့။ အဲဒီလို ချေလိုက်တဲ့ စကားလုံးတွေကလဲ ဘာသာစကားထဲမှာ စကားလုံးသစ်တွေအဖြစ် တိုးပွားလာတာပေါ့ကွယ်”

“သမီး တော်တော်စိတ်ဝင်စားနေပါပြီ ဘဘ”

“အသုံးများနေပြီဖြစ်တဲ့ စကားလုံးတစ်လုံးကို သာဓကပြမယ်။ ‘ဖူးစာ’ ဆိုတာ ဘာအဓိပ္ပာယ် လဲသမီး”

“အဲ… ယောကျ်ားတစ်ယောက်နဲ့ မိန်းမ တစ်ယောက် ဇနီးမောင်နှံဖြစ်ဖို့ ဖန်တီးပေးတဲ့ အကြောင်းလို့ ပြောရင်ရမယ် ထင်ပါတယ် ဘဘ”

“ဟုတ်ပါတယ်။ ဖူးစာပါလို့ ပေါင်းရတယ်တို့၊ ဖူးစာဖက်တို့ သုံးကြတယ်လေ။ အဲဒီဖူးစာဆိုတာ မူရင်းစကား မဟုတ်သေးဘူး။ မူရင်းစကားက ဘာလဲသမီး”

“အဲ…ဪ၊ သမီးသိပြီ။ ‘နဖူးစာ’ ပါ ဘဘ၊ ‘နဖူးစာ’ပါ”

“ဟုတ်တယ်။ ဇနီးမောင်နှံဖြစ်ရမဲ့ ယောကျ်ား နဲ့မိန်းမရဲ့နဖူးမှာ သတ္တဘာဂဆိုတဲ့ မြားနတ်မောင်က စာရေးထားတာမို့ နဖူးစာလို့ခေါ်တယ်လို့ ပြောကြတာပဲလေ။ အဲဒီ ‘နဖူးစာ’ ကို ရှေ့အသံချေပြီး ‘ဖူးစာ’လို့ သုံးလာတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ဥပမာကို ‘ပမာ’၊ ပဒုမ္မာကို ‘ဒုမ္မာ’၊ တာဝတိံ သာကို ‘ဝတိံသာ’ စသည်ဖြင့် အစသံဖျောက်ပြီးသုံးတဲ့ စကားလုံးသစ်တွေ ပေါ်လာတာပေါ့ကွယ်။ ‘ပမာပြုရမှာဖြင့်၊ ပြာနုကြည်လင်တဲ့’ ဆိုတဲ့ ကဗျာအဖွဲ့မှာ ‘ပြာနု’နဲ့ အသံချင်း နဘေထပ်မိအောင် ‘ဥပမာပြု’ ကို ‘ပမာပြု’ လို့ အစသံချေပြီးဖွဲ့တာ နှစ်သက်စရာလဲကောင်းတယ်။ အသံလဲပြေပြစ် တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘဘ”

“အဲဒီလိုပဲ၊ စေတနာကို ‘စေနာ’၊ ရာဇဝင်ကို ‘ရာဝင်’၊ ရာဇဝတ်ကို ‘ရာဝတ်’ လို့ ဖွဲ့တာတွေရှိတယ်။ အလယ်သံ ချေထားတာပေါ့။ ‘နောင်ရာဝင် ရိုင်းလေငဲ့’၊ ‘ရာဝတ်တော်ခံရမည်’ ဆိုတဲ့ အဖွဲ့တွေ ရှိတယ်လေ”

“အဆုံးသံ ချေတဲ့ အဖွဲ့တွေကရော ဘဘ”

“ဪ… ပြောရအုံးမယ်။ ဝေဇယန်ကို ‘ဝေယန်’၊ ဟေမဝန်ကို ‘ဟေဝန်’၊ သာရကာကို ‘သာကာ’၊ စေတနာကို ‘စေနာ’၊ ညာလက်ရုံးကို ‘ညာရုံး’ ဆိုပြီး အလယ်သံချေပြီး ဖွဲ့တာတွေလဲ ရှိတယ်ကွဲ့။ အဲ…အဆုံးသံ ချေတာတွေကတော့ သံဝေဂကို ‘သံဝေ’၊ သဟာယကို ‘သဟာ’၊ ကန္တာရ ကို‘ကန္တာ’၊ ကလျာဏကို ‘ကလျာ’၊ အာကာသကို ‘အာကာ’လို့ ဖွဲ့တာမျိုးတွေပေါ့ကွယ်။ ‘တရားသံဝေ၊ အောက်မေ့ချေသော်၊ ပေါင်းသဟာဆွေ’ဆိုတဲ့ အသုံးတွေ အမြဲတွေ့နေရတာလေ။ ‘ကလျာ’တို့၊ ‘အာကာ’ တို့ဆိုရင် အင်မတန်ရိုးနေပြီလို့ဆိုရမဲ့ လူနာမည်တွေတောင် ဖြစ်နေပြီလေ”

“ဟုတ်ပါတယ် ဘဘ”

“အဆုံးသံချေတဲ့ စကားလုံးတွေထဲက တစ်လုံးအကြောင်း ပြောစရာရှိတယ်။ ‘ကေ’ ဆိုတဲ့ စကားလေ၊ မူရင်းကဘာလဲ သမီး”

“ ‘ကေသာ’ ပါဘဘ၊ ဆံပင်ကို ခေါ်တာပါ”

“ပါဠိစကား၊ မူရင်းက ‘ကေသ’ပေါ့။ မြန်မာက ‘ကေသာ’လို့ အသံပြောင်းယူထားတာလေ။ ရှေးစာ တွေမှာ‘ဆံကေသာ’၊ ‘ကေသာဆံမြ’စသည်ဖြင့် ဖွဲ့တယ်။ နောက်‘ကေ’လို့ တစ်လုံးတည်းသုံးပြီး ‘မြဆံကေ’၊ ‘မြကေခိုင်’၊ ‘မင်ပိတုန်းကေ’၊ ‘ဆံမြ ညှာကေ’ ဆိုတဲ့ အသုံးတွေ ပေါ်လာတာပေါ့။ နေ့တိုင်းသုံးတဲ့ စကားတွေထဲမှာ ‘ဗိုကေ’ တို့ နောက်ပိုင်းမှာ ‘ပန့်ကေ’တို့၊ ‘ကေခုတ်တယ်’ တို့ ဆိုတဲ့ စကားတွေလဲ ပွားလာတာပေါ့။ များသောအားဖြင့် ဒီစကားလုံးတွေဟာ စာပေတွေထဲမှာ ဖန်တီးမှု ကြောင့် တိုးပွားလာတဲ့ စကားလုံးတွေပေါ့ကွယ်”

မြန်မာ့အလင်း