“သမီးက သီချင်းဝါသနာပါတဲ့သူဆိုတော့ မေးရအုံးမယ်။ ‘အသည်းထောင့်မှာ အချစ်ငြောင့်ကလေး တွေစူးနေ’ ဆိုတဲ့ သီချင်းစာသားကို မှတ်မိလား”

“ဟုတ်ကဲ့၊ သမီးဆိုကြည့်လိုက်အုံးမယ်နော် ဘဘ၊ အဲ…မှတ်မိပြီ ဘဘ၊ ဒေါ်မေရှင်ရဲ့ ချစ်ဘက် သက်လျာ သီချင်းထဲက စာသားပါ”

“သမီးက တယ်မှတ်မိတာပဲနော်။ ဟုတ်တယ်။ အဲဒီစာသားက ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေရှင်ရဲ့ သီချင်းထဲကပဲ။ ဆရာမြို့မငြိမ်းရဲ့ လက်ရာပေါ့။ အခု ဘဘ ထပ်မေးချင်တာက အဲဒီ စာသားဟာ ဆရာမြို့မငြိမ်းရဲ့ ကိုယ်ပိုင်စိတ်ကူးလား။ တခြားစာတစ်ခုခုကရတာလား ဆိုတာပဲ”

“အဲဒီအထိတော့ သမီးမသိပါဘူးဘဘ”

“ကိစ္စမရှိပါဘူးသမီးရယ်၊ ဘဘက စာပေအလှကွက်ကလေးတွေကို စာဆိုတွေတစ်ခေတ်က တစ်ခေတ် လက်ဆင့်ကမ်း အမွေခံကြတဲ့ အစဉ်အလာအကြောင်း စဉ်းစားမိလို့ စကားစတာပါ”

“ပြောပြပါ ဘဘ၊ သမီးမှတ်သားချင်ပါတယ်”

“ဘဘတို့ပြောနေကျ ရဟန်းစာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရပဲပေါ့ကွယ်။ ကိုးခန့်ပျို့မှာဖွဲ့ထားတာ။ ပုဏ္ဏေးမကြီးက သားလေးယောက်လုံး တောထွက်သွားတော့ လွမ်းကျန်ခဲ့ပြီး ငိုယိုမြည်တမ်းပုံကို ဖွဲ့ထားတာကွဲ့”

“ဟုတ်ကဲ့ပါ”

“ ‘တောင်မှောင့် မြောက်မှောင့်၊ သားများကြောင့်လျှင်၊ ချစ်ငြောင့်ချစ်ဆူး၊ ဝမ်းထဲစူးသော်၊ လွမ်းရူးလွမ်းခါး၊ သည်းဖျားရိုးခြင်၊ ဖိမ့်ဖိမ့်ကျင်ရှင်’ တဲ့။ ‘သားတွေကြောင့် အသည်းမှာချစ်ငြောင့် ချစ်ဆူးတွေ စူးနေရပါပြီ၊ အရိုးအခြင်တွေပါ တဖိမ့်ဖိမ့်နာကျင်ပြီး ရူးမတတ်လွမ်းနေရပါပြီ’ လို့ ဖွဲ့ထား တာလေ”

“ရင်ထဲကိုထိတဲ့ အဖွဲ့ကလေးပဲနော် ဘဘ”

“ဟုတ်တာပေါ့ကွယ်။ အဲဒီ ‘ချစ်ငြောင့်ချစ်ဆူး ဝမ်းထဲစူးသော်’ ဆိုတဲ့ အဖွဲ့ကို ဆရာမြို့မငြိမ်းက ယူပြီး ‘အသည်းထောင့်မှာ ချစ်ငြောင့်ကလေးတွေ စူးနေလို့’ ဖွဲ့ဖို့ စိတ်ကူးပေါ်လာတယ်လို့ ဆိုရမှာပေါ့”

“မှတ်ထားလိုက်ပါပြီ ဘဘ”

“တွက်ကြည့်ရင် အဲဒီစာဆိုကြီးနှစ်ဦးဟာ နှစ် ၅၀၀ လောက် ကွာခြားတာလေ။ ရှေးစာဆိုတွေကို နှောင်းစာဆိုတွေက ခုလိုလက်ဆင့်ကမ်း အမွေခံတော့ ဒီအဖွဲ့ကလေးက နှစ်တွေဘယ်လောက်ကြာကြာ ပြန်အသက်ဝင်ပြီး ဆန်းသစ်တာပေါ့ကွယ်”

“ဟုတ်တယ်နော် ဘဘ”

“နောက်တစ်ခုက အင်းဝခေတ်စာဆို ရှင်တေဇောသာရက ရခိုင်ဘုရင်ရဲ့ သမီးတော်ကလေးကို ဖွဲ့တဲ့အဖွဲ့ပဲ။ သမီးသင်ခဲ့ဖူးမှာပါ၊ ‘ချုပ်ညရီတွင်၊ ဖြုတ်ချည်းမြင်သည်၊ ရှင်သာရခိုင် တန်ဆောင်လော’ ဆိုတဲ့ အဖွဲ့လေ။ ‘ရခိုင်ပြည်ရဲ့ ဆီမီးတန်ဆောင်ပေလား’ လို့ တအံ့တဩ ချီးကျူးလိုက်တာလေ”

“သင်ဖူးပါတယ်ဘဘ။ သိပ်လှတဲ့ ရတုကလေးပါ”

“ရခိုင်အမျိုးသမီးကလေးတွေရဲ့ ဓာတ်ပုံတွေမှာ ‘ရှင်သာရခိုင်တန်ဆောင်လော’ ဆိုတဲ့ စာသားကလေး ကို ခုအထိ အမြတ်တနိုးသုံးနေကြတာ သမီးသိမှာပါ”

“ဟုတ်ကဲ့ပါ ဘဘ၊ နတ်ရှင်နောင်ရတုထဲက ‘ငှက်သွင်ပျံကြွမတတ်သော’ ဆိုတဲ့ အဖွဲ့ကိုလဲ လိုက်ဖွဲ့ကြတယ်နော်”

“ဘယ်လိုဖွဲ့တာပါလိမ့်၊ ပြောပြလေ”

“ဪ…နတ်ရှင်နောင်က ချစ်သူကလေးဆီကို ငှက်ကလေးလို ပျံပြီးသွားချင်တဲ့အကြောင်းဖွဲ့တာ၊ ဟို သမီးတို့ ငယ်ငယ်က ရေဒီယိုမှာ ခဏခဏလာတဲ့ ‘မိုးယံမှဆီ ချစ်သူဆီ’ သီချင်းမှာ ‘တောင်ပံလေးများ ရနိုင်ရင်ဖြင့် လိုချင်သားကွယ်၊ ဒါမှချစ်တဲ့သူရှိရာ မင်းလိုပဲ တို့လဲပျံနိုင်မယ်’ လို့ ဖွဲ့ထားပါတယ်ဘဘ”

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့”

“ဟို…ရင်ဂိုရဲ့ ‘တောင်ပံပါရင်မင်းဆီသို့’ ဆိုတာလဲ အဲဒီအတွေးမျိုးပါပဲနော်ဘဘ”

“ဟုတ်ပါ့။ အလှကွက်ကလေးတွေကို ခုလို အဆင့်ဆင့် အမွေခံတာတွေကို ခြေခြေမြစ်မြစ် လေ့လာနိုင်ရင် ဒီအစဉ်အလာကို ပိုပြီးအလေးအနက် သဘောပေါက်တာပေါ့ကွယ်။ တစ်ခုသတိရလို့။ ရှေးက ရှင်ကရဝိကဆိုတဲ့ ရဟန်းစာဆိုတစ်ပါးက ဆေးတံထဲ ထည့်သောက်တဲ့ ဆေးရွက်ကြီးအကြောင်း ဖွဲ့တဲ့ ရတုတစ်ပုဒ်ရှိတယ်ကွဲ့။ သိကြားမင်းဖန်ဆင်း တဲ့ မြအဆင်းရှိတဲ့ ဆေးရွက်ဆိုပြီး အမွှမ်းတင်ဖွဲ့ ထားတာ၊ ‘မာဃနတ်ရှင် ဖန်စီရင်၍ မြသွင်လိုလို’ လို့အစချီထားတာ။ အဲ ခေတ်ဟောင်း အဆိုတော်ကြီး ပြည်လှဖေဆိုတဲ့ ဣန္ဒာနွယ်သီချင်းမှာတော့ အဲဒီစာသားကိုယူပြီး ‘မာဃနတ်ရှင်၊ ဖန်စီရင်တဲ့၊ မြအသွင်ရယ်၊ မြင်သူငေးလောက်ဖွယ်’ လို့ဖွဲ့တာ၊ ဆေးရွက်ကြီးကိုဖွဲ့တာတော့ မဟုတ်တော့ဘူး။ ချစ်သူကလေးကို ဖွဲ့တာလေ”

“ဪ…ဟုတ်ကဲ့ပါ။ အဲဒီဥပမာကလေးက လှလို့ ယူသုံးတာပေါ့နော်ဘဘ”

“ဟုတ်တာပေါ့။ စာဆိုတွေရဲ့စိတ်ကူးဉာဏ် ကွန့်မြူးနိုင်စွမ်းရှိတဲ့အတိုင်း အဲဒီလိုအဖွဲ့ကောင်း ကလေးတွေ ပေါ်လာတာ‌ပေါ့ကွယ်။ အဲဒီစိတ်ကူးကို ဘာသာစကားနဲ့ အလှဆုံးပုံဖော်တာပေါ့”

“ဟုတ်ကဲ့ပါ”

“ဆိုပါတော့၊ မေတ္တာကိုထင်သာမြင်သာအောင် တင်စားပြီးဖွဲ့ထားတဲ့အဖွဲ့တွေ စာပေထဲမှာအများ ကြီးရှိတယ်မဟုတ်လား။ ‘မေတ္တာရေစင်’ တဲ့၊ ‘မေတ္တာပန်း’ တဲ့၊ ‘မေတ္တာမိုးမြေ’ တဲ့၊ အမျိုးမျိုး ပဲလေ”

“စာဆိုတွေရဲ့စိတ်ကူးပုံမတူလို့ အဖွဲ့တာထင်ပါတယ် ဘဘ”

“ဟုတ်တယ်။ မေတ္တာဆိုတာ ပန်းလိုမွှေးတဲ့ဂုဏ် ရှိတယ်လို့ စိတ်ကူးတဲ့စာဆိုက ‘မေတ္တာပန်း’ လို့ဖွဲ့တယ်။ ရေလိုအေးမြတဲ့ ဂုဏ်ရှိတယ်လို့ စိတ်ကူးမိတဲ့စာဆိုက ‘မေတ္တာရေ’ လို့ဖွဲ့တာပေါ့။ မိုးလိုမြေလို ခိုင်မာတယ်၊ ကျယ်ပြန့်တယ်လို့ စိတ်ကူးမိတဲ့စာဆိုက ‘မေတ္တာမိုးမြေ’ လို့ ဖွဲ့တာ ပေါ့ကွယ်”

“ ‘မေတ္တာတံတိုင်း’ ဆိုတာလဲ ကြားဖူးပါတယ် ဘဘ”

“ဒါကျတော့ မေတ္တာရဲ့လုံခြုံတဲ့ဂုဏ်၊ ဘေးရန်ကာကွယ်နိုင်တဲ့ဂုဏ်ကို အလေးပေးတာပေါ့ကွယ်။ ဪ…သတိရလို့။ အဆိုတော်ကြီး ပြည်လှဖေရဲ့ မေတ္တာဂုဏ်သီချင်းမှာတော့ ‘မေတ္တာစောင်ခြုံရင် လုံမှာပဲလို့ စွဲမြဲနေ့တိုင်းပင်’ လို့ ဖွဲ့တယ်။ မေတ္တာစောင်လဲ မေတ္တာတံတိုင်းလိုပဲပေါ့ကွယ်”

“ဘဘ၊ သမီးတစ်ခုသတိရလို့ပါ။ တွံတေးသိန်းတန်ရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်မှာ ‘မေတ္တာ မီးအိမ်’ လို့ ဖွဲ့ထားတယ်နော် ဘဘ”

“ဟုတ်တာပေါ့။ လမ်းပျောက်နေတဲ့ မှောင်ထဲမှာ လမ်းပြနိုင်တဲ့မီးအိမ်နဲ့ မေတ္တာကိုတင်စားထား တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အဲဒီတော့သမီးစဉ်းစားကြည့်။ အကောင်အထည်မမြင်ရတဲ့ ‘မေတ္တာ’ ရဲ့ သဘောကို စာဆိုတွေက မြင်သာတဲ့ အကောင်အထည်တွေနဲ့ တင်စားပြီး ဖွဲ့ခဲ့ကြတာမဟုတ်လား။ ရေစင်၊ ပန်း၊ မိုးမြေ၊ တံတိုင်း၊ စောင်၊ မီးအိမ်စသည်ဖြင့်ပေါ့။ အဲဒီအရာဝတ္ထုတွေရဲ့ ဂုဏ်အရည်အသွေးတွေ မေတ္တာမှာရှိနေတယ်ဆိုတဲ့ စိတ်ကူးနဲ့ တင်စားခဲ့ကြ တာမဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“အဲဒီလိုတင်စားပုံတွေ စာပေထဲမှာ သမီးတွေ့မှာပေါ့။ ‘စိတ်ဆင်ရိုင်း’၊ ‘ပညာချွန်း’ ၊ ‘ပညာ ဆီမီး’၊ ‘ဒေါသမီး’၊ ‘လောဘမုန်တိုင်း’၊ ‘မာနတံခွန်’၊ အို. . . အများကြီးပေါ့ကွယ်။ ဘဘ တစ်ခုသတိထား မိတာက အချစ်ကိုလဲ မြင်သာတဲ့အရာဝတ္ထုတွေနဲ့ အမျိုးမျိုးတင်စားဖွဲ့တာတွေရှိတယ်။ ခုနပြောတဲ့ ‘မေတ္တာ’ ကို တင်စားတာတွေက အားလုံးကောင်းတာတွေချည်းပဲ။ ပန်းတို့၊ ရေစင်တို့၊ တံတိုင်းတို့။ အဲ…အချစ်ကို တင်စားတာကျတော့ ကောင်းတာရော၊ မကောင်းတာရောပါတယ်ကွဲ့”

“ဟင်၊ ဟုတ်လားဘဘ”

“ခုန ‘ချစ်ငြောင့်ချစ်ဆူး’ ပဲကြည့်လေ။ အချစ်ကို ထိခိုက်နာကျင်စေနိုင်တဲ့ ငြောင့်တွေ ဆူးတွေနဲ့ တင်စားတာမဟုတ်လား။ သီချင်းတွေရှိတယ်လေ။ ‘ချစ်ဆိပ်ရည်’ တဲ့၊ ‘ချစ်မြားဆူး’ တဲ့။ ဘယ်မှာ ကောင်းလို့လဲ။ ဆရာသုခက ရုပ်ရှင်နာမည်ပေးဖူးတယ်။ ‘ချစ်အဏုမြူ’ တဲ့။ အဏုမြူဗုံးနဲ့ တင်စားတာလေ။ ဝုန်းခနဲ ပေါက်ကွဲနိုင်တဲ့ အဓိပ္ပာယ်လေ”

“ဪ”

“အေး၊ ဒါပေမဲ့ ‘ချစ်မိုး၊ ချစ်မြေ၊ ချစ်ပင်လယ်၊ ချစ်ပန်း၊ ချစ်ရေစင်’ ဆိုတာတွေကျတော့ နှစ်သက် စရာကောင်းတာတွေပဲလေ”

“ဟုတ်ကဲ့”

“ဒီတော့၊ ဘယ်လိုကောက်ချက်ချနိုင်သလဲ ဆိုရင် ‘မေတ္တာ’ ဆိုတာ အမြဲတမ်းဖြူစင် မွန်မြတ်တာမို့ နှစ်သက်စရာ ကောင်းတာတွေနဲ့ချည်း တင်စားတယ်။ အချစ်ကတော့ ကိလေသာ၊ တဏှာဖက်နေတာမို့ သာယာတာရော၊ မသာယာတာ ရောရှိတယ်။ ဒါကြောင့် ကောင်းတာနဲ့ရော မကောင်းတာနဲ့ရော တင်စားတာလို့ ကောက်ချက် ချနိုင်တာပေါ့ကွယ်”

“သိပ်တန်ဖိုးရှိပါတယ် ဘဘ။ ကျေးဇူးတင် ပါတယ်”

“အခုပြောခဲ့တာတွေက သမီးတို့သင်နေတဲ့ ‘ရူပကအလင်္ကာ’ တွေပဲမဟုတ်လား။ မေတ္တာတို့၊ အချစ်တို့ဆိုတဲ့ အနှိုင်းခံတွေကို အနှိုင်းအမျိုးမျိုးနဲ့ ထပ်တူပြုတင်စားဖွဲ့ဆိုထားတာတွေချည်းပဲပေါ့ကွယ်”

“နားလည်ပါပြီ ဘဘ”

“အရေးကြီးတာက အဲဒီတင်စားချက်အားလုံးဟာ လောကမှာ တကယ်မရှိတာတွေချည်းပဲလေ။ မေတ္တာမီးအိမ်ဆိုတာ သီချင်းထဲမှာပဲရှိတာလေ။ ‘မေတ္တာမီးအိမ်တစ်လုံးရောင်းပါ’ ဆိုပြီး သွားဝယ်လို့ မရဘူးမဟုတ်လား။ ‘ချစ်ရေစင်တို့၊ ချစ်မြားဆူး’ တို့လဲ တကယ်မရှိပါဘူး။ စာဆိုတွေရဲ့ စိတ်ကူးထဲမှာ ဆက်စပ်ပုံဖော်ထားတဲ့ အလှကွက်ကလေးတွေ အနေနဲ့တော့ စာပေတွေထဲမှာ အမြဲအသက်ဝင် နေမှာပဲပေါ့ကွယ်”။ ။

မြန်မာ့အလင်း