“မြည်သံစွဲအဖွဲ့တွေလိုပဲ ဘာသာစကားရဲ့ အစွမ်းသတ္တိကြောင့် လူတွေရဲ့ စိတ်ထဲမှာ စွဲသွားတဲ့ အဖွဲ့ တစ်မျိုးကတော့ နဘေထပ်အဖွဲ့ပဲ သမီးရဲ့၊ နဘေထပ် ဆိုတာ သမီးသိတယ် မဟုတ်လား”

“သိပါတယ် ဘဘ၊ စကားလုံးတစ်လုံးတည်း ကာရန်ယူတာမဟုတ်ဘဲ စကားလုံးတွေ အတွဲလိုက် အစုလိုက် ကာရန်ယူတာပါ”

“ဟုတ်တယ်။ အတွဲလိုက်ကာရန်ယူတော့ ပိုပြီးတော့ ဝေဝေဆာဆာရှိတာပေါ့ကွယ်။ ပိုပြီးတော့လဲ နားထဲမှာ စွဲတာပေါ့”

“ဘဘ၊ သမီးနာမည်ကို ခိုင်ခိုင်သင်းလို့ မှည့်တာက သမီးအမေရဲ့နာမည် လှိုင်လှိုင်ဝင်းနဲ့ နဘေထပ်ပြီး မှည့်တာလို့ သမီးအဖေက ပြောဖူးပါတယ်”

“အေး..ဟုတ်တာပေါ့။ ‘လှိုင်လှိုင်ဝင်း’ ရယ်၊ ‘ခိုင်ခိုင်သင်း’ရယ် နဘေထပ်မိတာပေါ့ကွယ်။ သတိရလို့ ဘဘတို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်လဲ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းနဲ့ နေဘေထပ်ပြီးမှည့်တာလို့ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိမှာ ရေးထားတယ်လေ”

“ဟုတ်ကဲ့ပါ”

“အဲဒီလို နာမည်တွေကို ကာရန်တူမှည့်တဲ့ အလေ့ဟာ ပုဂံခေတ်မှာကတည်းက ရှိတယ်ကွဲ။ ပုဂံကျောက် စာတွေမှာ မှတ်တမ်းတင်ထားတဲ့ ကျွန်နာမည်တွေကို သမီး သတိထားမိမှာပေါ့”

“ပြောပြပါ ဘဘ၊ သမီး သိပ်မသိပါဘူး”

“ကျွန်နာမည်တွေကြည့်ရင် အိုဝန်၊ ညီမ အိုထွန်… တဲ့။ ငကောက်၊ ညီ ငနောက်တဲ့။ ငအောင်ဝင်၊ ညီ ငအောင်မြင်တဲ့။ ညီအစ်မတွေ၊ ညီအစ်ကိုတွေ ကာရန်တူ နာမည် မှည့်ထားတာလေ”

“ဟုတ်ကဲ့၊ သမီးနားလည်ပါပြီ”

“ကာရန်တူအဖွဲ့တို့၊ နဘေထပ်အဖွဲ့တို့ကို လူအများ စိတ်ဝင်စားတတ်ကြတဲ့ သဘာဝကိုပြောတာပါ။ လူရွှင်တော်တွေပြောတဲ့ ပြက်လုံးတွေထဲမှာလဲ နဘေထပ်တွေပါတယ်။ ‘တဲကုပ်က မဲနှုတ်ဟာ ပဲပြုတ်ရင်း ဝဲကုတ်နေတယ်’ ဆိုတာမျိုးပေါ့ကွယ်” ။

“ဘဘက တော်တော်မှတ်မိတာပဲနော်”

“နောက်ပြောရအုံးမယ်၊ ကဗျာတွေ၊ သီချင်းတွေထဲမှာ ဖွဲ့လေ့ရှိတယ်။ ‘ချစ်သမျှကို ရှစ်ဆပို’ တဲ့”

“သမီးကြားဖူးပါတယ်”

“ဒါဆို သမီး စဉ်းစားကြည့်စမ်းပါ။ ချစ်တာကို ဘာဖြစ် လို့ ရှစ်ဆပိုတယ်လို့ ဖွဲ့တာလဲ။ ရှစ်ဆမဟုတ်ဘဲ ငါးဆတို့၊ ဆယ်ဆတို့ရော ဖွဲ့လို့မရဘူးလား”

“သမီးထင်တာတော့ ‘ချစ်သမျှကို’ နဲ့ နဘေထပ်ပြီး ‘ရှစ်ဆပို’ လို့ ဖွဲ့တာထင်ပါတယ် ဘဘ”

“ ဒါကြောင့်သမီးက စဉ်းစားဉာဏ်ရှိတယ်လို့ ပြောတာ။ တခြားအကြောင်း ဘယ်ရှိပါ့မလဲကွယ်၊ ‘ချစ်သမျှ’နဲ့ နဘေထပ်အောင် ‘ရှစ်ဆ’ လို့ ဖွဲ့တာပေါ့။ တကယ်လို့မုန်းတဲ့ အကြောင်းဖွဲ့ရင် ဘယ်လိုဖွဲ့မယ်ထင်သလဲ”

“အဲ..ဟာ၊ သမီးသိပြီ။ ‘မုန်းသမျှကို သုံးဆပို’ လို့ဖွဲ့မှာပေါ့”

“ဟုတ်ပြီ ဟုတ်ပြီ။ အဲဒါနဘေထပ်အဖွဲ့ရဲ့ အာနိသင်လို့ ဆိုရမှာပေါ့ကွယ်။ ကဗျာတွေကိုကြည့်ရင်လဲ အဲဒီနဘေထပ် အဖွဲ့တွေကို ကဗျာဖတ်သူတွေကပိုပြီး မှတ်မိနေကြတယ်ကွဲ။ ကုန်းဘောင်ခေတ်ကစာဆို ဦးကြော့ဆိုရင် နဘေထပ်အဖွဲ့တွေနဲ့ ထင်ရှားတာပေါ့ကွယ်”

“ဘဘ၊ စုံနံ့သာမြိုင်ရှာပုံတော်ကြီးမှာ နဘေထပ် အဖွဲ့တွေ အများကြီးပဲနော်”

“ဟေ၊ ဒါဆို သမီးပဲ ရွတ်ပြစမ်းပါ”

“ ‘မြစံပယ်ငုံ၊ လလယ်ယုန်၊ ဆဆယ်ပုံပျက်ခဲ့ပေါ့’ တို့၊ ‘သဲ့သဲ့ကလေး၊ သဲ့သဲ့သာဆွေးရ’ တို့၊ ‘ပြောမဆုံးပေါင်၊ စောဘုန်းခေါင်ကြောင့် တောသုံးထောင်ထပ်ခဲ့ပေါ့’ တို့၊ အဲဒီ နဘေထပ်အဖွဲ့တွေကို သမီး မှတ်မိနေပါတယ် ဘဘ”

“အေး- ဦးကြော့ရဲ့ လေးချိုးတွေထဲက ‘သုတ်လေနှောဘုတ်တွေရော-အုတ်ရွှေဩဆိုတဲ့ နဘေထပ်အဖွဲ့ ကလေးတွေလဲ ခေတ်အဆက်ဆက် သဘောကျခဲ့ကြတဲ့ စာပေအလှကွက်ကလေးတွေ ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“စကားနိုင်နင်းတဲ့ စာဆိုကြီးတစ်ယောက် နဘေထပ်ထားတဲ့ အဖွဲ့တစ်ခုအကြောင်း ပြောအုံးမယ်။ မဟာဂီတ ကျမ်းပြုစုတဲ့ ဆရာကြီးဦးပြုံးချိုဆိုတာ သမီးကြားဖူးသလား”

“ကြားတော့ကြားဖူးပါတယ် ဘဘ၊ ဆရာကြီးရေးတဲ့ စာတွေအကြောင်းတော့ မသိပါဘူး”

ဆရာကြီးက မြန်မာဂန္ထဝင်သီချင်းကြီးတွေကို စုစည်းပြီး ‘မဟာဂီတ’ ဆိုတဲ့ ကျမ်းကြီးပြုစုသလို ကိုယ်တိုင်လဲ သီချင်းကြီးတွေ ရေးတယ်ကွဲ။ “တေဘုမ္မာ’ဆိုတဲ့ ဓမ္မဂီတမှော်ပြန် ယိုးဒယားသီချင်းဟာ သိပ်ထင်ရှားတာပေါ့။ အခု ဘဘပြောမှာက ‘ဇေယတုသဗ္ဗမင်္ဂလံ’ ဆိုတဲ့ ယိုးဒယား သီချင်းမှာ ဆရာကြီးဖွဲ့ထားတဲ့ နဘေထပ်အဖွဲ့ ပဲ…ကွဲ ”

“ဟုတ်ကဲ့၊ မှတ်ထားပါ့မယ် ဘဘ”

“နဘေထပ်ထားပုံက ‘စိတ်မှာကြံသမျှ ဣဋ္ဌာ ရမ္မကာ ဘောဂသမ္ပန္န’ တဲ့၊ “ စိတ်မှာကြံသမျှ” ဆိုတဲ့ မြန်မာစကားနဲ့ “ဣဋ္ဌဟာရမ္မကာ” ဆိုတဲ့ ပါဠိစကားကို နဘေထပ်နိုင်တဲ့ ဆရာကြီးရဲ့ ဘာသာစကားစွမ်းရည်ပေါ့။ ဣဋ္ဌာရမ္မကာ ဆိုတာ နှစ်သက်စရာကောင်းတဲ့ အာရုံတွေကို ဆိုလိုတာပါ။ ဣဋ္ဌ ရမ္မကာကို “ဣဋ္ဌာရမ္မကာ”လို့ တွဲလိုက်တာပေါ့။ “ဣဋ္ဌာရုံ” လို့လဲ သုံးတယ်။ အဲဒီစကားနဲ့ အသံချင်း နဘေထပ်မိအောင် ‘စိတ်မှာကြံသမျှ’ဆိုတဲ့ စကားကို ရွေးသုံးလိုက်တာလေ”

“သဘောပေါက်ပါပြီ ဘဘ”

“ နဘေထပ်အဖွဲ့နိုင်နင်းတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလဲ ပါတာပေါ့။ သမီးသင်ဖူးမှာပါ။ အဲဒီတုန်းက ‘ဘွိုင်းကောက်’ လို့ခေါ်တဲ့ တက္ကသိုလ်သပိတ်ကြီးပေါ်လာတော့ ဆရာကြီးက လေးချိုးကြီးရေးတယ်။ “ထီမထင် ကျောင်းတော်သားတို့ရဲ့ အမည်စဉ် ခေါင်းပေါ်ဖျားမှာ ပမင်းတို့ဆရာကို စာရင်းတို့ကာထားလိုက် ကြပေတော့” တဲ့။ ဆရာစံအရေးတော်ပုံကျတော့လဲ ‘ရဂုံစံချစ်စရာ တပည့်တို့မှာဖြင့်၊ ချုံအရဟံသစ္စာဂတိတွေ နဲ့ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့’တဲ့။ သိပ်ပြောင်မြောက်တဲ့ နဘေထပ်အဖွဲ့တွေပေါ့ကွယ်” ။

“သမီးသင်ဖူးပါတယ် ဘဘ၊ သိပ်ကောင်းပါတယ်”

“ရှေးက နဘေထပ်အဖွဲ့တွေအကြောင်း အများသိကြပါတယ်။ ဘဘတို့ ကျောင်းသားဘဝကပေါ်တဲ့ ရေဒီယို သီချင်းတွေမှာ နဘေထပ်အဖွဲ့တွေနဲ့ ဝေဝေဆာဆာရေးတဲ့ ဂီတစာဆိုတစ်ယောက် သိပ်ထင်ရှားတယ်ကွေ့ ”

“ဘယ်သူပါလဲ ဘဘ”

“မြတ်လေး..အဲ၊ ကိုမြတ်လေးပေါ့ကွယ်။ အကယ်ဒမီ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ ဂီတစာဆို ဆိုတဲ့ ဂုဏ်ထူး ဝိသေသတွေနဲ့ အင်မတန်ထင်ရှား ခဲ့တာပေါ့”

“သမီး…ဦးမြတ်လေးအကြောင်းတွေ ဖတ်ဖူးပါတယ်။ ရုပ်ရှင်တွေတော့ မကြည့်ဖူးပါဘူး။ သီချင်းတွေလဲ နားမထောင်ဖူးပါဘူး ဘဘ”

“ကိုမြတ်လေးရဲ့ သီချင်းတွေမှာ ထူးခြားတဲ့ အချက်တစ်ချက်က အဲဒီတုန်းက ဘဘတို့ လူငယ်တွေ အင်မတန်သဘောကျတဲ့ လက်ဝဲဆန်တဲ့ အသုံးအနှုန်းတွေ၊ အဲ…အဲဒီတုန်းကတော့ နိုင်ငံရေးဆန်တဲ့ စကား တွေလို့ ခေါ်ကြတယ်။ အဲဒီ အသုံးအနှုန်းတွေကို နောထပ်ပြီး လှလှပပဖွဲ့တာပဲကွဲ ” “ပြောပြပါ ဘဘ”

“ပစ္စည်းမဲ့ယဉ်ကျေးမှု” ဆိုတာ အဲဒီတုန်းက ရေပန်းစားတဲ့ လက်ဝဲဆန်တဲ့ အသုံးတစ်ခုပေါ့။ ကိုမြတ်လေးက ဘယ်လိုရေးသလဲဆိုတော့ ။

“’ အချစ်ကြီးတဲ့ ဘဝင်ဆွေးထုနဲ့ ဝေးရန်မြင်လာဖွယ်၊ ၊ ပစ္စည်းမဲ့ယဉ်ကျေးမှုရဲ့ တေးသံရှင်ပါကွယ်’ .တဲ့”

“သိပ်လှတယ်နော် ဘဘ”

“ဘဘတို့ လူငယ်တွေ သိပ်ကြိုက်တာပေါ့ကွယ်။ နောက် ‘အစွန်းထွက်တန်ဖိုး’ ဆိုတာက ဘောဂဗေဒမှာ သုံးတဲ့စကား လက်ဝဲဆန်တယ်… ပေါ့၊ ကိုမြတ်လေးက ခွန်းဆက်ရန်ငြိုးအမိရယ် အမိရယ်၊ အစွန်းထွက်တန်ဖိုး မရှိတယ် မရှိတယ်…တဲ့”

“ဟုတ်ကဲ့ပါ”

“ကိုမြတ်လေးရဲ့ နာမည်ကျော် ‘ပင်လုံထိပ်ထားဦး’ ဇာတ်ကားမှာ ဇာတ်ဝင်သီချင်းကကို မြတ်လေးပဲရေးတာ။ အဲဒီမှာ နဘေထပ်အဖွဲ့ တစ်ခုက “လူ့လောကဟန်ပန်ရေးနဲ့ ပျမ်းမျှကြေး အဖြေ၊ ဥရောပဆန်ဆန်တွေးတဲ့ ရှမ်းမလေးရေ”တဲ့”

“သိပ်ကောင်းတာပဲနော် ဘဘ”

“အမှတ်တရပြောစရာ တစ်ခုကနဘေထပ်အဖွဲ့တွေနဲ့ ထင်ရှားတဲ့ ကဗျာဆရာတစ်ယောက် ရှိသေးတယ်ကွဲ။ တွံတေးသက်ဦးတဲ့။ နဘေသက်ဦးလို့လဲ ခေါ်ကြတယ်။ သူ့ကဗျာတွေထဲက “ခံခက်ချေ မာန်မက်မေ မုန်းမေ့မို့ နုန်းပျော့ပျော့နွမ်း’ဆို တဲ့ အဖွဲ့ကလေးကိုတော့ ဘဘ မှတ်ဉာဏ်ထဲမှာ ကျန်နေလေသေးရဲ့”

“ဟုတ်ကဲ့ပါ”

“ဒီတော့ ခေတ်အဆက်ဆက်ဖွဲ့ခဲ့ကြတဲ့ နဘေထပ် အဖွဲ့တွေဟာ အသံချိုသာတဲ့အတွက် စာဖတ်သူတွေရဲ့ အာရုံထဲမှာ စွဲငြိကျန်ခဲ့ပြီး မမေ့နိုင်စရာ စာပေအလှ ကွက်ကလေးတွေ ဖြစ်နေတယ်ဆိုတဲ့ အချက်ဟာ ဘာသာစာပေပေါင်းကူးအမြင်နဲ့ ရှုမြင်မိတဲ့ အချက် တစ်ချက်ပဲပေါ့ကွယ်”

“သမီးတော့ မှတ်သားစရာတွေ အများကြီးရသွား ပါပြီ ဘဘ”။

မြန်မာ့အလင်း

live broadcast

cocacola girl

myanmar digital news