“ဘဘရေ၊ ညက လေတွေတိုက်လို့ သမီးတို့ အိမ်နောက်ဘက်က သစ်ပင်ကြီးလဲသွားတာ ဝုန်းခနဲကြားလိုက်ရတယ်။ အကျယ်ကြီးပဲ ဘဘ”

“အေး..ဘဘလဲ အဲဒီဝုန်းဆိုတဲ့ အသံကြီးကြားလို့ ညက အိပ်ရာကလန့်နိုးသွားတယ်”

“ကြောက်စရာကြီးနော် ဘဘ”

“အေး…အေး၊ အဲဒီကြောက်စရာကြီး အကြောင်းကိုပဲ ပြောကြရအောင်။ သစ်ပင်ကြီး လဲသွားတော့ ဘယ်လိုအသံမြည်တယ်…”

“ဝုန်းလို့ မြည်ပါတယ် ဘဘ”

“အဲဒီမြည်တဲ့အသံကို စာနဲ့ရေးကြတာတို့၊ ပါးစပ်နဲ့ ပြောကြတာတို့ကို ဘယ်လိုခေါ်ပါလိမ့်”

“မြည်သံစွဲစကားပါ ဘဘ၊ မြည်သံစွဲလို့ ခေါ်ပါတယ်”

“ဟုတ်တယ်။ အဲဒီမြည်သံစွဲ စကားတွေဟာလဲ တကယ်မြည်တဲ့အသံကို သရုပ်ဖော်တဲ့ စကားလုံးတွေမို့ စိတ်ဝင်စားစရာပဲ သမီးရဲ့ ”

“ဟုတ်ကဲ့ပါ။ ဆယ်တန်းမှာသင်တဲ့ အလင်္ကာတွေထဲမှာ မြည်သံစွဲအလင်္ကာလဲပါပါတယ် ဘဘ”

“ဟုတ်တယ်။ မြည်သံစွဲအလင်္ကာဟာ စာပေ အရာမြောက်တဲ့ အလင်္ကာအဖွဲ့တွေပဲကွဲ။ စာရေးဖွဲ့တဲ့သူက သူကြားတဲ့မြည်သံကို အခုလိုဖွဲ့လိုက်တဲ့အခါ စာဖတ်တဲ့သူက မြည်သံကို တကယ်ကြားရသလို စိတ်ထဲမှာထင်သွားပြီး သဘောကျသွားတာ ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ဒါထက်- သမီးဘုရားဖူးတဲ့အခါ စေတီတော် က ဆည်းလည်းလေးတွေ မြည်တဲ့အသံ ကြားဖူးမှာပေါ့”

“ဘယ်လိုမြည်သလဲ သမီး”

“ခြွင်ခြွင်လို့ မြည်တယ်ထင်ပါတယ် ဘဘ”

“အေး -ဘဘတို့လဲဆည်းလည်း မြည်သံကို ‘ခြွင်ခြွင်’ လို့ကြားတာပဲ။ အင်းဝခေတ်က ပျို့တွေ ထဲမှာ ဆည်းလည်းမြည်သံကို ဖွဲ့ထားတာ သမီး မှတ်မိလား”

“မမှတ်မိပါဘူး ဘဘ”

“အေး..ရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းပျို့ထဲမှာ နတ်သမီးတွေရဲ့ နန်းဆောင်က ဆည်းလည်းကလေးတွေ မြည်တဲ့အသံက သိပ်သာယာတယ်။ ‘ညောင်းညောင်းညုန်းညုန်း’တဲ့”

“ဟာ…ဟုတ်သားပဲဘဘ၊ သမီးသင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမှတ်တမဲ့ ဖြစ်သွားလို့ ဆည်းလည်းမြည်သံမှန်း သတိမထားမိပါဘူး ဘဘ”

“စာဆိုရှင် အဂ္ဂသမာဓိရဲ့ နားထဲမှာကြားတဲ့ အသံလို့ ပြောရမှာပေါ့။ “ည”ဆိုတဲ့အသံက နှာခေါင်း သံကလေးပါပြီး နွဲ့နွဲ့ချိုချို ကလေးလေ၊ နားဝင် ချိုတာပေါ့ကွယ်”

“ဘဘ ပြောပြမှ အရသာပေါ်သွားပါတယ် ဘဘ”

“အဲ… ဦးပုည တီးပြတဲ့ ဆိုင်းသံရော သမီး နားထောင်ဖူးသလား”

“ဟင်..ဘဘကလဲ၊ ဦးပုည ဆိုင်းတီးပြတယ်လို့ သမီးတော့ မကြားဖူးပါဘူး”

“သမီး သတိမထားမိလို့ပါ။ ဦးပုညက ‘နွားတစ်ကောင်အသုံး’ ဆိုတဲ့ လင်္ကာတစ်ပုဒ် ရေးထားတာရှိတယ်။ နွားတစ်ကောင်ရဲ့ အသားတွေ၊ သားရေတွေ၊ ချိုတွေ၊ ဝမ်းထဲက ကလီစာတွေနဲ့ အို..နောက်ဆုံး နွားမြီးပါမကျန် အသုံးဝင်ပုံ ကို ရေးထားတာလေ၊ ပျော်စရာကြီးပဲ”

“သမီးမဖတ်ဖူးပါဘူး ဘဘ”

“ခုဟာက ဆိုင်းသံအကြောင်းပြောဖို့ဆိုတော့၊ တခြားဟာတွေတော့ မပြောတော့ဘူး။ ဒါပေမဲ့ ဦးပုညရဲ့လက်စွမ်းကို သတိထားမိအောင် နွားမြီး အသုံးဝင်ပုံဖွဲ့ထားတာ ဘဘ ဆိုပြမယ်”

“ဟုတ်ကဲ့ပါ”

“ ကျန်နေသည့် အမြီးမှာ၊ မီးတွင်း မိန်းမ၊ နို့မရ၍၊ သားကတစာစာ၊ မာကြုံလှီ၊ နို့ရည် မလိုက်၊ ရှိသည်ခိုက်တွင်၊ ပြောလိုက်မည်အပြီး၊ သည်နွားမြီးကို၊ မီးဖုတ်ချက်ခြင်း၊ တောက်တောက် စဉ်း၍၊ ဟင်းခါးလည်းချက်၊ ကြောင်ပန်းရွက်နှင့်၊ နို့ပျက်မိန်းမ၊ သောက်လိုက်ရလျှင်၊ နို့လုံးရွှင်သည်။ ‘သူ့လင်စို့တော့မကုန်တည်း’..တဲ့ဗျ”

“ဟဲ…ဟဲ။ ကောင်းလိုက်တာ ဘဘရယ်။ ဟဲဟဲ”

“သမီး သဘောကျသွားပြီ မဟုတ်လား။ ကလေးမွေးဖွားပြီးစ မိန်းမက နို့မထွက်လို့ ကလေးကတငိုငိုဖြစ်ပြီး ဒုက္ခရောက်နေရင် နွားမြီးကို မီးဖုတ် တောက်တောက်စဉ်းပြီး ကြောင်ပန်းရွက်နဲ့ ဟင်းခါးချက်သောက်ပါ..တဲ့။ နို့ရွှင်လွန်းလို့ ကလေးတင်မကဘူး သူ့လင်ဝင်စို့တောင် နို့ရည်က မကုန်ဘူး - တဲ့။ ဘယ်လောက်များ အရေးကောင်း လိုက်သလဲ။ ကဲ ဆိုင်းတီးတဲ့အကြောင်း ပြောတော့မယ်။ နွားသားရေနဲ့ဗုံတွေ၊ ပတ်မတွေ၊ အိုးစည်တွေ လုပ်ရတယ်မဟုတ်လား။ အဲဒါကို ဦးပုညက သရုပ် ဖော်ထားတယ်။ ဒီတစ်ခါတော့ သမီးအလှည့်ပဲ။ဟောဒီအပိုဒ်ကလေးကို အသံထွက်ပြီး ဖတ်ကြည့် စမ်းကွယ်”

“ဟုတ်ကဲ့ပါ၊ အဲ..ဗိတ် ပိမ့် ဗိန်း အိုးစည်၊ မြည်နိုင်မျှဗုံသာ၊ ဆိုင်းဆရာမှာ၊ ပူနာတာပုံတေး၊ ပတ်ကလေးတွေ၊ သားရေမြည်ဟန်၊ ကျန်သည့် ပတ်မကြီး၊ တီးလိုက်လျှင်ထီးဗျ၊ သုံး၍မယုတ်၊ တုတ်ပလုတ်တုတ်ဖြုန်း၊ ဗောမှာလည်း သုံးရ သည်…”

“ရပြီ၊ ရပြီ။ ကဲ - ဘယ်နှယ်လဲ၊ ဆိုင်းသံဗုံသံ တွေ ကြားလိုက်ရတယ်မဟုတ်လား”

“ဟုတ်ပါတယ် ဘဘရယ်၊ အိုးစည်သံရော၊ ပတ်မသံရော၊ ဗြောသံရော စုံနေတာပါပဲ”

“ဦးပုညက စကားနိုင်နင်းတဲ့ စာဆိုမို့ ဆိုင်းသံ ဗုံသံတွေကို ခုလိုနားစွဲအောင်ဖွဲ့နိုင်တာပေါ့ကွယ်။ ဦးပုညတီးခဲ့တဲ့ ဆိုင်းသံ၊ ဗုံသံတွေဟာ စာထဲမှာ ခုအထိအသက်ဝင်နေတုန်းပဲလေ”

“ဟုတ်ကဲ့ပါ၊ သမီး သဘောပေါက်ပါပြီ”

“ဗြောသံဆိုလို့ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘သံ’ ဆိုတဲ့ ကဗျာမှာလဲ ဗြောသံကလေးနဲ့ အဖွင့်အပိတ်လုပ်ထားတာ သိပ်လှတယ်ကွယ်”

“ဟုတ်ကဲ့ပါ”

“ကဗျာအစမှာ “ပလုတ်ဖြုန်းရယ်နဲ့၊ တောင်ကုန်းရွာ သာစခန်းဆီက၊ ဒေါ်ရွှေမေ ဦးရေချမ်းငယ်တို့၊ သာသနာနေဝါလန်းရန်ဖို့၊ ဆန်းလိုက်တဲ့ဗြောသံစည်”လို့ ‘ပလုတ်ဗြုန်း’ ဆိုတဲ့ဗြောသံကလေးနဲ့ ဖွင့်လိုက်ပြီး ကဗျာအဆုံးမှာ ‘သျှောင်ကြီးရှင် ဆံပင်တင်းပြီကွဲ၊ ညှဉ်းတဲ့ တုတ်ဖြုန်း’ ဆိုပြီး ‘တုတ်ဖြုန်း’ ဆိုတဲ့ ဗြောသံ ကလေးနဲ့ပဲ အဆုံးသတ်လိုက်တာလေ။ ရှင်လောင်းလှည့်ပွဲကို ဗြောသံနဲ့ အဖွင့်အပိတ် လုပ်ထားတာ မဟုတ်လား။ ဘယ်လောက် လှသလဲကွယ်”

“ဟုတ်ပါတယ် ဘဘ”

“ဆရာ ဒေါင်းနွယ်ဆွေရဲ့ ‘လွမ်းလိပ်ပြာတောင်’ ဆိုတဲ့ ကဗျာရှည်ကြီးမှာဒေါနနဲ့ ဝဏ္ဏဆိုတဲ့ သူငယ်ချင်း နှစ်ယောက် မိန်းမတစ်ယောက် အတွက်ကြောင့် ဓားချင်းယှဉ်ခုတ်တဲ့ အဖွဲ့ပါတယ်လေ။ အဲဒီမှာ ဖွဲ့ထားတာက ‘ရှောင်ရှားခုခံ၊ ဤညဉ့်ယံတွင်း ဓားသံခြွင်းခြွင်း မြည်သတည်း’ တဲ့။ ခြွင်းခြွင်းဆိုတဲ့ ဓားခုတ်သံတွေကို ကြားယောင် လာရတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ဪ..သတိရလို့၊ ကိုလိုနီခေတ်တုန်းက မီးရထားတွေပေါ်စက မီးရထားအကြောင်းဖွဲ့တဲ့ ‘တေးထပ်ဆန်း’ ဆိုတဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ အဲဒီမှာလဲရန်ကုန်မှာ မီးရထားကြီးအရှိန်နဲ့ မောင်းလာတုန်း မြည်တဲ့အသံကိုဖွဲ့ထားတာပါတယ်။ အဲ.. ‘တော်သံဂြိုးဂြိမ့်၊ ဆော်ဖန်ညို့ညိမ့်၊ ကျော်သံ သို့သိမ့်၊ ဒိုးဒိမ့်ဒေါင်ငယ်၊ ဗိုးဗလိမ့်ဗောင် ရေကိုလွှားလို့၊ မိုးဘဝိန့်ခေါင် လေကိုဝါးလျက်၊ မြေကို မနား အသွားလျင်စွာ၊ ရထားယာဉ် စကြာ”တဲ့”

“မြည်သံတွေ အများကြီးပဲနော် ဘဘ”

“ကဲ…အဲဒီလို စာထဲမှာ ဖွဲ့တဲ့မြည်သံတွေကို လေ့လာကြည့်ရင် မြည်သံ သုံးမျိုးတွေ့ရတယ်ကွဲ။ တစ်မျိုးက သဘာဝမြည်သံပေါ့။ မိုးခြိမ်းသံတို့၊ လေတိုက်သံတို့၊ သစ်ကိုင်းကျိုးကျသံတို့လို အသံမျိုးပဲ။ ကြိုးကြိုးခြိမ့်ခြိမ့်တို့၊ ဝုန်းဝုန်းတို့၊ ဗြုန်းဗြုန်းတို့ပေါ့။ နောက်တစ်မျိုးက သတ္တဝါတွေရဲ့အော်သံပေါ့။ အောက်အီးအီးအွတ်တို့၊ ညောင်တို့၊ ဝုတ်ဝုတ်တို့၊ ဘွတ်အဲတို့ပေါ့ကွယ်။ ဒေါင်းတွန်တဲ့ အသံကိုတော့ ‘အိုးဝေ’ လို့ကဗျာဆန်ဆန် သရုပ်ဖော်ထားတယ်လေ။ ဒါလဲဘာသာစကားက စာပေကို ပေးတဲ့လက်ဆောင်ပေါ့ကွယ်”

“ဟုတ်တယ်နော် ဘဘ”

“နောက်တစ်မျိုးကတော့ လူလုပ်တဲ့အသံပေါ့။ ဒူဝေဝေတို့ နောင်တို့၊ ဒိုင်းတို့၊ ဒက်ဒက်ဒက်ဒက်တို့၊ ဗေထိတို့၊ ပလုတ်ဖြုန်းတို့ လူဖန်တီးတဲ့ အသံတွေ ပေါ့ကွယ်။ ဒီမြည်သံတွေကို အလင်္ကာမြောက်အောင်ဖွဲ့ရင် မြည်သံစွဲအလင်္ကာပေါ့။ ပါဠိလို “အနုကရဏသဒ္ဒ’လို့ ခေါ်တယ်။ စာပေသုံးစကားကတော့ အိုနိုမာတိုးပီးယား (Onomatopoeia) လို့ခေါ်တယ်။ သမီးသိမှာပေါ့”

“ဟုတ်ကဲ့ပါ”

“နောက်ဆုံးအနေနဲ့ စာရေးဆရာကြီး နှစ်ယောက်မှတ်တမ်းတင်ခဲ့တဲ့ မြည်သံ နှစ်သံကို ပြောပြမယ်။ နှစ်ယောက်စလုံး သမွန်ခတ်သံတွေကို ကြားတဲ့အတိုင်း မှတ်တမ်းတင်ထားတာလေ”

“ပြောပြပါ ဘဘ”

“ဆရာ သိပ္ပံမောင်ဝက သမ္ဗန်သွားတုန်း သမ္ဗန် ခတ်တဲ့အသံကို မှတ်တမ်းတင်ထားတယ်။ ‘ကျွိကျွိ အီးဖတ်ဖတ်’ တဲ့။ ဆရာရန်ကုန်ဘဆွေ သမွန်နဲ့ သွားတုန်း ကြားတဲ့အသံကတော့ ‘ဂျော်ဂျစ် ဖြဲဖြဲဖြဲဖြဲ’တဲ့။ သမ္ဗန်ခတ်လိုက်တော့ တက်နဲ့ ရေနဲ့ထိပြီး မြည်တဲ့အသံတွေပေါ့ကွယ်။ ခုအထိ စာပေထဲမှာ တည်တံ့နေလေရဲ့ ”

မြန်မာ့အလင်း