“အရင်အပတ်တုန်းက ရှင်မဟာရဋ္ဌသာရရဲ့ ဘာသာစကား နိုင်နင်းပုံ၊ စကားလုံးတွေရဲ့ အသွေးအရောင် အမျိုးမျိုးကို အဆင်အကွက်ချပြီး စာပေ အလှကွက်ကလေးတွေ ဖန်တီးခဲ့ပုံတွေ ဘဘ ပြောခဲ့တယ်နော်”

“ဟုတ်ပါတယ် ဘဘ၊ သမီးသေသေချာချာ မှတ်သားထားပါတယ်”

“ပြောလက်စနဲ့ ရှင်မဟာရဋ္ဌသာရရဲ့ စွမ်းရည် အကြောင်း ဆက်ပြောရအုံးမယ်။ အရင်အပတ်က ပြောခဲ့တဲ့အတိုင်းပဲ စာဆိုရဲ့ လက်ရာတွေဟာ ငယ်တုန်း ရွယ်တုန်း လက်စွမ်းပြတဲ့ သဘောလဲပါတာ ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“တစ်ခုတော့ရှိတယ်။ စကားလုံးတူ အသံတူတွေကို တမင်စုပြီး ပုံဖော်ရတဲ့သဘောတော့ ရှိတာပေါ့။ တမင်လုပ်ထားတဲ့ အလှကွက်တွေမို့ လှတော့ လှတယ်၊ ဒါပေမဲ့ သိပ်မလေးနက်လှဘူးလို့ ဆိုရမှာပေါ့။ ပညာရှင်တွေက အဲဒီလို ယူဆကြတယ်”

“ဟုတ်ကဲ့ပါ”

“ဆိုလိုတာက မ-အက္ခရာလေးလုံး ရအောင်၊ တ-အက္ခရာလေးလုံး ရအောင်ဆိုတာမျိုး အက္ခရာတူ အသံတူတွေရအောင် ဦးစားပေးရတာမို့ စကားလုံးရှေ့ဆောင်တဲ့နောက်ကို အဓိပ္ပာယ်က လိုက်နေရတယ်လို့ ဝေဖန်တာတွေရှိတယ်ကွဲ”

“ဟုတ်ကဲ့ပါ။ သမီးမှတ်ထားပါ့မယ်”

“စာဆိုကို ချီးကျူးစရာ ကောင်းတာကတော့ မြန်မာစာပေမှာ အစဉ်အလာကြီးမားတဲ့ ‘ပျို့’ ဆိုတဲ့ ကဗျာအစဉ်အလာကြီးကို စတင်တည်ထောင်ခဲ့တဲ့ ကြိုးပမ်းမှုပဲ။ အံ့သြစရာကောင်းတာက မြန်မာ စာပေမှာ ပထမဆုံးပြူလို့ ခေါ်ရမဲ့ ဘူရိဒတ်လင်္ကာကြီးကို ရေးစဉ်တုန်းက ရှင်မဟာရဋ္ဌသာရဟာ အသက် ၁၆ နှစ်ပဲရှိသေးတဲ့ သာမဏေကလေးကွဲ”

“ဟုတ်ပါတယ် ဘဘ၊ သမီးတို့သင်ခဲ့ရပါတယ်”

“၁၆ နှစ်အရွယ် လူငယ်ကလေးက ပျို့လို စာကြီး ပေကြီးမျိုးကို စပြီးရေးခဲ့တာလေ။ ပြီးတော့ပိုပြီး အံ့ဩစရာကောင်းတာက ဘူရိဒတ်လင်္ကာကြီးရေးတော့ ရှေ့မှာနမူနာယူစရာ စာတစ်စောင် တစ်ဖွဲ့မှ မရှိဘူးလေ။ အသစ်စဖွဲ့ရတာ။ အင်မတန်လဲ ကောင်းတယ်။ ဒီတော့ပညာရှင်တွေက ရှေ့မှာ နမူနာယူစရာမရှိဘဲ စာဆိုလူငယ်ကလေးဟာ ဒီလိုပျို့ကြီးမျိုးကို ဘယ်လို ဖွဲ့နိုင်တာပါလိမ့်လို့ စဉ်းစားကြတာပေါ့”

“ဟုတ်ကဲ့ပါ”

“အဲဒီမှာ ဆရာကြီးဒေါက်တာလှဘေရဲ့ အယူအဆတစ်ခုကို ပြောရမယ်။ ရှင်မဟာရဋ္ဌသာရဟာ နမူနာယူစရာ စာပေမျိုး ရှေ့မှာမရှိဘဲ ခုလိုရေးဖွဲ့ နိုင်တဲ့အကြောင်းက သူ့နောင်တော်ရဲ့ အကူအညီ ကြောင့် ဖြစ်နိုင်တယ်…တဲ့”

“ဟင် သူ့နောင်တော်ဆိုတာ ဘယ်သူပါလဲ ဘဘ”

“ရှင်မဟာရဋ္ဌသာရရဲ့ အတ္ထုပ္ပတ္တိမှာပါတယ်လေ။ စာဆိုရဲ့ နောင်တော် ရှင်ဝရစက္ကပါလဆိုတာ သိင်္ဃိုဠ်…အဲ သီဟိုဠ်ပေါ့။ အခုသီရိလင်္ကာပေါ့။ အဲဒီမှာ ပညာသွားသင်ခဲ့လို့ သိင်္ဃိုဠ်ရောက် ဆရာတော်လို့ ထင်ရှားတယ်လေ”

“ဟုတ်ကဲ့၊ သမီးမှတ်မိပါပြီ ဘဘ”

“အဲဒီဆရာတော် သီဟိုဠ်မှာ ရှိစဉ်တုန်းက သီဟိုဠ်မှာ ဇာတကဝတ္ထုတွေကို ကဗျာရှည်ကြီးတွေ ဖွဲ့တဲ့အလား ထွန်းကားနေလေ-တဲ့။ သီဟိုဠ်စာပေ သမိုင်းကိုကြည့်ရင် အဲဒီကဗျာတွေအကြောင်းတွေ့ နိုင်တယ်။ တို့သိတဲ့ ဘုရားလောင်းဂုတ္တိလစောင်း ဆရာကြီးအကြောင်း ဖွဲ့တဲ့ ဂုတ္တိလဇာတ်ကဗျာ သီဟိုဠ်မှာ ပေါ်ပေါက်နေတယ်လေ။ ဒီတော့ ဆရာကြီးဒေါက်တာလှဘေကဘယ်လိုယူဆသလဲဆိုရင် သိင်္ဃဠ်ရောက် ဆရာတော်ဟာ အဲဒီကဗျာတွေအကြောင်းကို ညီဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရကို ပြန်ပြောပြလို့ စိတ်ကူးပေါ်ပေါက်ပြီး ဇာတကပျို့ တွေဖွဲ့တာဖြစ်နိုင်တယ်လို့ ယူဆတယ်။ မှတ်သားစရာပေါ့ကွယ်” ။

“မှတ်သားထားပါ့မယ် ဘဘ”

“အဲဒီ ဘူရိဒတ်လင်္ကာကြီးမှာလဲ အလှကွက်တွေပါတယ်ကွဲ့။ လက်စွမ်းပြကဗျာတွေလို စကားလုံး တူတွေချည်း ဦးစားပေးတာတော့ မဟုတ်ဘူး။ ဆိုပါတော့ ပျို့ရဲ့အချပိုဒ်သုံးပိုဒ်မှာ ‘ကြောင့်ကြအိုး သို့ဝေသတည်း၊ ‘ပျောင်းချည့်ကြိုးသို့ ခွေသတည်း’ ‘နှင်းရည်မိုးသို့စွေသတည်း’ ဆိုပြီး ဆက်ဖွဲ့တာမျိုးပေါ့။ ပုံစံတူ ဝါကျကလေး သုံးခုအပြိုင်ဖွဲ့တဲ့အပြင် ‘ဝေ၊ ခွေ၊ စွေ’ ဆိုပြီး ကာရန်တူ စကားလုံးကလေးတွေ အလဲအလှယ်လုပ်ထားတာ အင်မတန်လှတဲ့အကွက်ကလေးပေါ့ကွယ်”

“ဟုတ်တယ်နော် ဘဘ”

“ဒါ..နမူနာပြောတာပါ။ စတုဓမ္မသာရ ကိုးခန်းပျို့ထဲမှာ ဘာသာစကားအသုံးကြောင့် စာပေ အထောက်အထားအဖြစ် ဘဘတို့ အမြဲကိုးကားနေရတဲ့ အဖွဲ့တစ်ခုရှိတယ်…ကွဲ့”

“ပြောပြပါ ဘဘ”

“ကိုးခန်းပျို့ အပိုဒ်၂ မှာ ဖွဲ့ထားတဲ့ ပဒကလေးသုံးခုပါ၊ ‘သံပြတ်သာအိန့်၊ ဤသို့မိန့်၏၊ ကျော်ထိန့် အံ့ဖွယ်…’တဲ့။ အကြောင်းအရာက ဘုရားရှင်ဟာ သာယာတဲ့အသံနဲ့ မိန့်ကြားတော်မူတယ်ဆိုတဲ့ အကြောင်းအရာပဲ၊ ဇာတ်လမ်းဆက်ထားတဲ့ သာမန်အကြောင်းအရာကလေးပဲ။ အဲ… အကြောင်း အရာက သာမန်ပေမဲ့ အရေးအဖွဲ့ကတော့ အင်မတန်ထူးခြားတယ်ဘွဲ့၊ မှတ်သားစရာ ကိုးကားစရာ အင်မတန်ကောင်းတယ်”

“သမီးမသိပါဘူး ဘဘ၊ ဘယ်လိုထူးခြား တာပါလဲ”

“အဲဒီမှာ ကာရန်ယူထားတဲ့စကားလုံးတွေကို သမီးကြည့်ပြီး ပြောပြစမ်းပါ”

“အိန့်ရယ်၊ မိန့်ရယ်၊ ထိန့်ရယ်ကာရန်ယူထား ပါတယ် ဘဘ”

“ဟုတ်တယ်၊ အဲဒီ အိန့်-မိန့်-ထိန့် ဆိုတဲ့ စာလုံး သုံးလုံးဟာ ဘယ်လိုထူးခြားသလဲ၊ သမီး သိသလား”

“မသိပါဘူး ဘဘ”

“အေး.. အဲဒါပြောမလို့။ မြန်မာစာမှာ လုံးကြီးတင်နသတ်အောက်မြစ်ရေးထုံးသတ်ပုံဟာ အဲဒီ အိန့်၊ မိန့်၊ ထိန့် သုံးလုံးပဲ ရှိတယ်…ကွဲ့၊ အဲဒါ ထူးခြားတာပဲ”

“ဟင်၊ ဟုတ်လား ဘဘ”

“ဟုတ်တယ်။ သမီးတို့ဆရာတွေ ကိုးခန်းပျို့ သင်ပေးတုန်းက သင်ခဲ့မှာပေါ့။ သမီးသတိမထား မိလို့နေမှာပါ။ ‘အိန့်’ ဆိုတာ သာယာတယ်၊ ချိုသာတယ်လို့ အဓိပ္ပာယ်ရတယ်၊ ‘မိန့်’ကတော့ မိန့်ကြား တယ်ပေါ့။ ‘ထိန့်’ ကတော့ ကျော်စောတယ်၊ ကျော်ကြားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာ ရှာကြည့်ရင် လုံးကြီးတင် နသတ်အောက်မြစ်နဲ့ စာလုံးပေါင်းက ဒီသုံးလုံးပဲရှိတယ်။ ကဲ…စဉ်းစားကြည့်လေ။ မြန်မာစာမှာ သုံးလုံးထပ်ရှိတဲ့ စာလုံးသုံးလုံးကို အဓိပ္ပာယ်လဲ ဆီလျော်အောင် ကာရန်ယူပြီး ဖွဲ့ခဲ့တဲ့စာဆိုရဲ့ အဲဒီအရေးအဖွဲ့ဟာ စာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်ပြီး ဘဘတို့ ခုအထိ ကိုးကားနေရတဲ့ အဖွဲ့ ပေါ့ကွယ်”

“သိပ်တော်တာပဲနော် ဘဘ”

“ဟုတ်တယ်။ မြန်မာစာဘယ်လောက်နိုင်နင်း တယ်ဆိုတာကို ဖော်ပြနေတာပေါ့ကွယ်။ ပြောရအုံးမယ်။ ကုန်းဘောင်ခေတ်မှာ စိန္တကျော်သူ ဦးဩက ကဝိလက္ခဏာ သတ်ပုံ သံပေါက်ရေးတော့ အဲဒီအကြောင်း ထည့်ရေးတယ်။ စိန္တကျော်သူက ရှင်မဟာရဋ္ဌသာရကို အင်မတန် ကြည်ညိုလေးစားပြီး ဆရာတင်ထားတာမို့ ဘယ်လိုဖွဲ့သလဲဆိုရင် “အိန့် -မိန့် -ထိန့်” သုံးလုံးကလွဲပြီး လုံးကြီးတင် နသတ်အောက်မြစ်နဲ့ရေးရတဲ့ စာလုံးကို ရှာနိုင်တဲ့သူကို ဆရာတင်ပါ့မယ်တဲ့။ ရှာနိုင်ရင် ရှာကြပါလို့ ခုခေတ်စကားနဲ့ပြောရရင် စိန်ခေါ် တာပေါ့ကွယ်။ အဲဒီသံပေါက်တော့ ဘဘဆိုမပြတော့ဘူး၊ သမီး ရှာဖတ်ကြည့်ပေတော့”

“ဟုတ်ကဲ့ပါ”

“ပညာရှင်တွေက ကြိုးစားပြီး ရှာပြကြ သေးတယ်။ ‘သိန့်’ တို့၊ ‘ဖိန့်’ တို့ပေါ့။ ဒါပေမဲ့ ‘သိန့်’ ဆိုတာ ‘သိန်’ ကို ကာရန်ငဲ့ပြီး အောက်မြစ်ထည့် ထားတာမို့ မူရင်းမဟုတ်ဘူး ‘ဖိန့်’ ကလဲ ‘ဖိန်း’ ကိုကာရန် ငဲ့ထားတာပဲလေ။ တကယ်တော့ ဘယ်သူမှ ဒီသုံးလုံးထက်ပိုပြီး မပြနိုင်ပါဘူးကွယ်”

“မှတ်သားထားပါ့မယ် ဘဘ”

“နောက်ဆုံးအနေနဲ့တော့ သံဝရပျို့မှာ ရှင်မဟာရဋ္ဌသာရဖွဲ့ပြတဲ့ အလှကွက်ကလေးအကြောင်းပဲ။ သံဝရမင်းသားက သူ့နိုင်ငံသာယာဝပြောတဲ့ အကြောင်းပြောပြတဲ့အခန်းမှာ ဝပြောတဲ့အဓိပ္ပာယ် ထင်ရှားအောင် ပျို့အပိုဒ်(၁၁)ပိုဒ်မှ အချပိုဒ်တွေကို ဝဆွဲပါတဲ့ စာလုံးတွေနဲ့ချည်း ချထားတယ်ပထမပိုဒ်က ‘ပေးစမငြီးငွေ့သတည်း’တဲ့။ ‘ငြီးငွေ့’ ဆိုတော့ ‘ငွေ့’ က ဝဆွဲပါတာပေါ့။ နောက်အပိုဒ်တွေမှာ ‘ရမ်းကျွေး၊ သိမ်မွေ့၊ ကောက်ကွေ့၊ ခုန်ဆွေ၊ ပန်းနှယ်သွေ့၊ မျဉ်းခွေ့၊ မရွေ့၊ မတွေ့၊ ရှည့်နှယ်စွေ့၊ လက်ပေွ့” အားလုံး ၁၁ လုံးပေါ့။ နောက်တော့သမီး အေးအေးဆေးဆေး ဖတ်ကြည့်လေ”

“ဟုတ်ကဲ့ပါ”

“အဲဒီဝဆွဲ ၁၁ လုံးနဲ့ရေးတဲ့ စာလုံးတွေမှာ ရရစ်တို့၊ ယပင့်တို့၊ ဟထိုးတို့မပါဘဲ ဝဆွဲချည်း သက်သက်လေ။ တိုင်းပြည်ဝစေဖို့ဆိုတဲ့ အဲဒီ အဓိပ္ပာယ်နဲ့ရေးတဲ့ အဲဒီ သဝေထိုးဝဆွဲအောက်မြစ် ရေးထုံးဟာလဲ ဒီ ၁၁ လုံးပဲရှိတယ်တဲ့။ စာဆိုက အဲဒီလိုရည်ရွယ်တဲ့အကြောင်း ဖော်ပြထားသေး တယ်-ကွဲ့။ ဘာသာစကားကို လှလှပပသုံးပြီး စာပေအလှကွက်ဖော်တဲ့ သာဓကတစ်ခုပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘဘ”