“နောက်တစ်ချက်က သဘောသဘာဝချင်းတူတဲ့ အကြောင်းအရာ အချက်အလက်တွေကို ထပ်ကာထပ်ကာရေးရင် အရေးအသားမှာလဲ ပုံစံ တူတွေနဲ့ထပ်ကာထပ်ကာရေးမိတတ်တဲ့ အချက်ပဲ”

“ဘဘပြောတာ သမီးရုတ်တရက်တော့ နားမလည်သေးပါဘူး ဘဘ”

“ဒီလိုဆိုရင် စမ်းကြည့်ရအောင်။ သမီးက နေရာသုံးနေရာမှာ။ အဲဈေးသုံးခုမှာဆိုပါတော့၊ အဲဒီဈေးသုံးခုမှာ ပစ္စည်းသုံးမျိုးဝယ်ခဲ့တဲ့အကြောင်း ဘဘကို ပြောပြမယ်ဆိုရင် ဘယ်လိုပြောမလဲ။ ပြောကြည့်စမ်းကွယ်”

“ဪ.. ဟုတ်ကဲ့၊ သမီးက သိမ်ကြီးဈေးမှာ ဖိနပ်ဝယ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ဈေးမှာ စာအုပ်ဝယ်ခဲ့ပါတယ်။ ပုဇွန်တောင်ဈေးမှာတော့ အင်္ကျီဝယ်ခဲ့ ပါတယ် ဘဘ”

“ဟုတ်ပါပြီ။ အခုသမီးပြောတာကို ဘဘက မှတ်တမ်းတင်မယ်ဆိုပါတော့။ ‘ခိုင်ခိုင်သည် သိမ်ကြီးဈေးတွင် ဖိနပ်ဝယ်၍ ဗိုလ်ချုပ်ဈေးတွင် စာအုပ်ဝယ်ပြီး ပုဇွန်တောင်ဈေးတွင် အင်္ကျီဝယ်ခဲ့ သည်’ လို့ မှတ်တမ်းတင်လိုက်မှာပဲလေ”

“ ဟုတ်ပါတယ် ဘဘ”

“ ကဲ… အခု ဘဘရေးထားတဲ့ ဝါကျကိုကြည့်လေ။ သမီးဈေးသုံးဈေးမှာ ပစ္စည်းသုံးမျိုးဝယ်တာကို ပုံစံတူစကားစုသုံးစုနဲ့ ရေးထားတာ မဟုတ်လား။ ‘သိမ်ကြီးဈေးတွင်-ဗိုလ်ချုပ်ဈေးတွင်-ပုဇွန်တောင် ဈေးတွင်’ ဆိုပြီး …တွင်နဲ့ဆုံးတဲ့ ပုံစံတူစကားက သုံးစု၊ ‘ဖိနပ်ဝယ်၍-စာအုပ်ဝယ်ပြီး-အင်္ကျီဝယ် သည်’ ဆိုပြီး၊ ဝယ်ဆိုတဲ့ကြိယာကို ထပ်ထပ်သုံးတဲ့ ပုံစံတူစကားက သုံးစု ဟုတ်တယ်မဟုတ်လား”

“ဪ…ဟုတ်ပါတယ် ဘဘ”

“သမီးပြောတဲ့စကားမှာ ဝယ်တဲ့နေရာ ဈေးသုံးခုရယ်၊ ဝယ်တဲ့ပစ္စည်းသုံးမျိုးရယ်ပါတယ် မဟုတ်လား။ ဈေးသုံးခုက ဈေးဆိုတဲ့ သဘော သဘာဝချင်းတူတယ်။ ဝယ်တဲ့ပစ္စည်းသုံးခုကလဲ အသုံးအဆောင်ဆိုတဲ့ သဘောသဘာဝချင်းတူတယ်။ အဲဒီအကြောင်းအရာကို သမီးပြောပြတော့ ပြောတဲ့စကားပုံစံတွေကလဲ သဘောသဘာဝချင်း တူတယ်နော်”

“ဟုတ်ပါတယ် ဘဘ”

“ဒီတော့ဘဘ မေးမယ်။ သမီးက အဲဒီ သဘော သဘာဝချင်း တူတဲ့အကြောင်းအရာ သုံးမျိုးကို ပြောတော့မယ်လို့ စိတ်ထဲမှာ စဉ်းစားတဲ့အခါ ငါတော့ သဘောချင်းတူတဲ့ အကြောင်းအရာတွေပြောမှာမို့ ပုံစံတူစကားစုသုံးစုနဲ့ ပြောလိုက်မယ် လို့ ကြို စဉ်းစားပြီးမှ ပြောတာလား သမီး”

“ဟာ၊ မဟုတ်ပါဘူး ဘဘရယ်။ သမီးအဲဒီလို စဉ်းစားဖို့ဆိုတာ လုံးဝစိတ်ကူးမရပါဘူး။ အဲဒီလို စဉ်းစားပြီး ပြောနိုင်တယ်ဆိုတာကိုလဲ လုံးဝမသိပါဘူး။ ဘဘက အဲဒီအကြောင်းပြောပြပါဆိုတာနဲ့ အဲဒီစကားတွေ သမီးပါးစပ်က သူ့အလိုလို ထွက်လာတာပါ ဘဘ”

“ ဟုတ်ပါပြီ။ သမီးပြောတဲ့ သူ့အလိုလို ထွက်လာတာဆိုတဲ့ အချက်က အရေးကြီးတယ်။ ရှေ့မှာပြောခဲ့တဲ့ သာဓကတွေမှာတုန်းကလိုပဲ။ ကဗျာစာဆိုတွေက ရေးမဲ့အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ အသံတွေ၊ ကာရန်တွေ စိတ်ထဲက ရွေးလိုက်သလိုသမီးရဲ့ စိတ်ကူးထဲမှာ လိုက်ဖက်တဲ့ ပုံစံတူတွေ ပေါ်လာတာဖြစ်မယ်လို့ စဉ်းစားကြည့်နိုင်တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘဘ။ သမီးစဉ်းစားကြည့်ပါ့မယ်”

“ ဒီတော့ တို့နေ့တိုင်းပြောနေတဲ့ သာမန်စကားတွေမှာတောင် အဲဒီသဘောရှိရင် ကဗျာတွေ၊ စကားလုံးတွေ ရေးတဲ့နေရာမှာလဲ အဲဒီလိုပဲ။ အကြောင်းအရာတူတွေကို ပုံစံတူတွေနဲ့ရေးတတ်တဲ့ သဘောမျိုးဟာ ပိုပြီး ထင်ရှားတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“မိန်းကလေးတစ်ယောက်ကို ချီးကျူးရေးထားတဲ့ စာကလေးတစ်ကြောင်း စာပိုဒ်ထဲမှာ တွေ့လို့ ဘဘ ဖတ်ပြမယ်။ ‘ဤမိန်းကလေးသည် ရုပ်ကလည်းချော၊ သဘောကလည်းကောင်း၊ ပညာကလည်း တတ်ပေရာ အဘယ်မှာဆိုဖွယ် ရှိအံ့နည်း’တဲ့”

“ဪ ဟုတ်ကဲ့ပါ”

“အဲဒီဝါကျမှာ ‘ရုပ်ကလည်းချော၊ သဘောကလည်း ကောင်း၊ ပညာကလည်းတတ်’ ဆိုတဲ့ ပုဒ်သုံးခု၊ အဲ…စကားစုသုံးစုဆိုပါတော့ အဲဒီ စကားစုတွေဟာ ပုံစံတူစကားစုတွေပဲမဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“ဘယ်လိုပုံစံတူတာလဲကွယ်”

“ ပုဒ်သုံးခုစလုံးမှာ ‘..ကလည်း..’ ဆိုတဲ့ စကားကို ပုံစံတူသုံးခါ ထပ်သုံးထားပါတယ် ဘဘ။ ရှေ့က ‘ရုပ်’၊ ‘သဘော’၊ ‘ပညာ’ဆိုတဲ့ နာမ်သုံးခု ကလဲ ပုံစံတူပါတယ်။ နောက်က ‘ချော’၊ ‘ကောင်း’၊ ‘တတ်’ ဆိုတဲ့ ကြိယာသုံးခုကလဲ ပုံစံတူပါတယ်။ ပုံစံတူပုဒ်သုံးခုကို ထပ်ကာထပ်ကာနဲ့ သုံးထား တာပါ ဘဘ”

“အဲဒီလို ပုံစံတူတွေထပ်ကာထပ်ကာ ဖွဲ့တာကို အပြိုင်ဖွဲ့တယ်လို့ခေါ်တယ်။ “ပုံစံတူအပြိုင်အဖွဲ့”လို့ ခေါ်နိုင်တာပေါ့ကွယ်”

“မှတ်ထားပါ့မယ် ဘဘ”

“ဘယ်လိုပုံစံတူတာလဲ ဘယ်လိုအပြိုင်ဖွဲ့ တာလဲဆိုတာကိုတော့ သမီးခုန ခွဲခြမ်းစိတ်ဖြာကြည့်သလို စနစ်တကျနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်မှ မြင်နိုင်တာပေါ့ကွယ်။ ရေးတဲ့ပုံစံတူသလို အကြောင်းအရာက ရောကွယ်” ။

“မိန်းကလေး ရုပ်ချောတာ၊ သဘောကောင်းတာ၊ ပညာတတ်တာဆိုတဲ့ အရည်အချင်းသုံးမျိုးကို ရေးပြတာပါ ဘဘ”

“ဟုတ်တယ်။ ဒီတော့ မိန်းကလေးရဲ့ ဂုဏ်သုံးရပ်ကို ပုံစံတူအပြိုင်ဖွဲ့ ထားတယ်လို့ ခေါ်နိုင်တာ ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ဘဘက ပုံစံတူအပြိုင်အဖွဲ့တွေမှာ သဘောချင်းတူတဲ့ အကြောင်းအရာတွေကို ဖွဲ့ထားတဲ့ အကြောင်းပြောထားတော့ ထပ်ပြောစရာတစ်ခု ရှိသေးတယ်။ သဘောချင်းတူတဲ့အကြောင်းအရာ တွေကို ပုံစံတူအပြိုင်ဖွဲ့သလိုသဘောချင်း ခြားနားတဲ့၊ ဆန့်ကျင်တဲ့အကြောင်းတွေကိုလဲ ပုံစံတူ အပြိုင်ဖွဲ့လေ့ရှိတယ်…ကွဲ့”

“ဟုတ်ကဲ့၊ ဘယ်လိုအကြောင်းအရာမျိုးပါလဲ ဘဘ”

“သမီးမြင်သာအောင် စကားပုံနှစ်ခုရဲ့ ပုံစံကို သာဓကပြမယ်။ စကားလုံးဆိုတာလဲ ဘာသာစကားကို ကျစ်ကျစ်လျစ်လျစ် ဖွဲ့ထားတဲ့စကားတွေပဲလေ။ တစ်ခုက ‘အမိမဲ့သား ရေနည်းငါး’ တဲ့။ နောက်တစ်ခုက ‘ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ’ ”

“ဟုတ်ကဲ့ပါ”

“အမိမဲ့သား ရေနည်းငါးဆိုတာက အမေမရှိတဲ့သားနဲ့ မှီခိုစရာရေနည်းနေတဲ့ ငါးနဲ့တူတဲ့ သဘောချင်း ထပ်တူပြုထားတဲ့ စကားပုံလေ။ ‘အမိ’ နဲ့ ‘ရေ’ ဆိုတဲ့ နာမ်ချင်း၊ ‘မဲ့’ နဲ့ ‘နည်း’ ဆိုတဲ့ ကြိယာချင်း၊ ပြီးတော့ ‘သား’ နဲ့ ‘ငါး’ ဆိုတဲ့ နာမ်ချင်းပုံစံတူ ထပ်ထားတာ မဟုတ်လား။ သဘောချင်းလဲတူ၊ ပုံစံချင်းလဲတူတာပေါ့”

“ဟုတ်ကဲ့ပါ”

“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတာက ကုသိုလ်နည်းပြီး အကုသိုလ်များတာ၊ ဆန့်ကျင် ဘက်သဘောလေ။ ကုသိုလ်နဲ့ ငရဲ၊ တစ်ပဲနဲ့ တစ်ပိဿာလဲ ဆန့်ကျင်ဘက်တွေပဲပေါ့။ အဲဒီဆန့်ကျင် ဘက်သဘောနှစ်ခုကို ပုံစံတူအပြိုင်ဖွဲ့ထားတာလေ။ ကုသိုလ်နဲ့ငရဲက နာမ်ချင်းတူတယ်၊ တစ်ပဲနဲ့ တစ်ပိဿာလဲ ပမာဏချင်းတူတယ်”

“ဟုတ်ကဲ့ပါ”

“ဆရာကြီးပီမိုးနင်းက ဆန့်ကျင်ဘက် သဘောနှစ်ခုကို ပုံစံတူအပြိုင်ဖွဲ့ပြထားတဲ့ သာဓက ကလေးတစ်ခု ဘဘ ပြမယ်။ သမီးဖတ် ကြည့်စမ်းပါ”

“အရည်အချင်းချင်းတူညီလျက် တစ်ယောက်က စိတ်နှလုံးယဉ်ကျေး၍ တစ်ယောက်ကရိုင်းစိုင်းချေက ယဉ်ကျေးသူမှာ သူဌေးဖြစ်နိုင်၍ ရိုင်းသူမှာ ခွေးဖြစ်နိုင်မည်။ ပြီးပါပြီ ဘဘ”

“အေး ပုံစံတူအပြိုင်ဖွဲ့ထားတာ ဘယ်လောက် ထိမိသလဲ၊ ‘ယဉ်ကျေး’ နဲ့ ‘ရိုင်းစိုင်း’ ၊ ‘သူဌေး’ နဲ့ ‘ခွေး’၊ ဆန့်ကျင်ဘက်ချင်း ယှဉ်ပြထားတာလေ။ ဝါကျထဲက စကားစုတွေကတော့ ပုံစံတူပဲလေ”

“တော်တော်ထိမိတယ်နော် ဘဘ”

“ဆက်ပြောရရင် ဝါကျတစ်ခုထဲက ပုဒ်တွေကို ပုံစံတူအပြိုင်ဖွဲ့သလိုပဲ ဝါကျတစ်ခုနဲ့တစ်ခုလဲ ပုံစံတူအပြိုင်ဖွဲ့လေ့ရှိတယ်။ ဘဘတို့ပြောခဲ့ကြတဲ့အတိုင်း သဘောချင်းတူတဲ့အချက်တွေ၊ ဒါမှမဟုတ် သဘောချင်း ဆန့်ကျင်တဲ့အချက်တွေကို ဝါကျတစ်ခုထဲမှာ ပုံစံတူပုဒ်တွေနဲ့ အပြိုင်ဖွဲ့သလို ပုံစံတူ ဝါကျတွေစုပြီးတော့လဲ အပြိုင်ဖွဲ့နိုင်တာပေါ့”

“သဘောပေါက်ပါပြီ ဘဘ”

“စာရေးသူရဲ့ စိတ်အာရုံထဲမှာ သဘောချင်း တူတဲ့အကြောင်းတွေကို ရေးဖို့ဖြစ်လာရင် လက်က ရေးချလိုက်တဲ့အခါ ပုံစံတူဝါကျတွေနဲ့ သမီးပြောသလိုပဲ သူ့အလိုလို ရေးမိတတ်တာ သဘာဝပဲပေါ့ကွယ်။ ပုဂံခေတ်က ကျစွာမင်းရဲ့ မိထွေးတော်ဟာ သားတော်ဘုရင်မင်းမြတ်က သူ့ကိုချီးမြှင့်တဲ့ အိမ်တွေ၊ ကျွန်တွေ၊ လယ်တွေကို အသုံးပြုတဲ့အကြောင်း ဂုဏ်ယူစိတ်က စေ့ဆော်တဲ့အခါကျတော့ ‘အိမ်လည်းငါနေ၏။ ကျွန်လည်း ငါစေ၏။ လယ်လည်းငါစား၏’ ဆိုပြီး ပုံစံတူ ဝါကျသုံးခုနဲ့ ကျောက်စာအဖြစ် မှတ်တမ်းတင်ထားတဲ့ စာမျိုးပေါ်လာတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အဲဒီလို သဘောချင်းတူတဲ့ ဆန့်ကျင်တဲ့ အကြောင်းအရာတွေကို ပုံစံတူပုဒ်တွေ၊ ဝါကျတွေနဲ့ အပြိုင်ဖွဲ့ထားတဲ့ အဖွဲ့တွေမှာ အကျိုးတရားသုံးခု ရှိတယ်လို့ ပညာရှင်တွေကပြောကြတယ်”

“ပြောပြပါ ဘဘ”

“တစ်ခုက ပုံစံတူကလေးတွေဖွဲ့ထားတဲ့ အတွက်ဖတ်ရတာ ချိုသာပြေပြစ်လို့ နှစ်သက်စရာကောင်းတယ်။ နောက်တစ်ခုက တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ် ထပ်ကာထပ်ကာ ပြောတဲ့အတွက် ပိုပြီး လေးနက်လာတယ်။ နှစ်ထပ်ရှိတော့ မှတ်မိဆိုတာကို ပိုပြီးမှတ်မိတယ်။ နောက်ဆုံးတစ်ခု ကတော့ အပြိုင်ဖွဲ့ထားတဲ့ အနက်အဓိပ္ပာယ်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးနေတဲ့အတွက် ဆက်စပ် ပုံလို့နားလည်ရတယ်။ အဲဒီအချက်တွေပဲပေါ့ကွယ်”

“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဘဘ”

မြန်မာ့အလင်း