“ရေးတဲ့အကြောင်းအရာနဲ့ ရေးသူရဲ့ စိတ်အစဉ်ကိုလိုက်ပြီး ဝါကျအတိုအရှည် ပမာဏကွဲပြား တတ်ပုံကို ဘဘတို့ ပြောပြီးကြပြီနော်။ ခုတစ်ခါ ရေးသူရဲ့ အလေးပေးလိုတဲ့ သဘောထားအရ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းတွေ အနေအထား ကွဲပြားတတ်ပုံကို ပြောရအုံးမယ်”

“ဟုတ်ကဲ့၊ ပြောပြပါ ဘဘ”

“လက်တွေ့သာဓက တစ်ခုပြောရအောင်။ သမီးသင်တန်းတစ်ခု တက်နေတာ မနေ့က ကောင်းကောင်း နေမကောင်းပေမဲ့ သင်တန်းမဖျက်ချင်လို့ သွားတက်လိုက်တယ်လို့ သမီးပြောတယ် မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“ဒီတော့ ဘဘက အဲဒီအကြောင်း ပြောမယ်ဆိုပါတော့။ ‘ခိုင်ခိုင်ဟာ နေမကောင်းပေမဲ့ သင်တန်း တက်တယ်’ လို့ ပြောမှာပေါ့။ ဟုတ်တယ် မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“ဒီလိုမပြောဘဲ ခိုင်ခိုင်ဟာ သင်တန်းတက်ပေမဲ့ နေမကောင်းဘူး” လို့ ပြောရင်လဲဖြစ်တာပဲ မဟုတ်လား”

“ဟုတ်တယ်နော် ဘဘ။ အဲဒီလိုပြောလဲ ဖြစ်တာပေါ့”

“အဲဒီပြောပုံနှစ်မျိုးက ဘယ်လိုကွာတယ်ထင် သလဲ သမီး”

“ဟုတ်ကဲ့၊ အဓိပ္ပာယ်ကတော့ မကွဲပါဘူး၊ အတူတူပဲထင်ပါတယ်။ အဲ… ဒါပေမဲ့ နည်းနည်း တော့ ကွာသလိုပဲ ဘဘ”

“အဲဒါကို စဉ်းစားကြည့်ခိုင်းတာလေ သမီးရဲ့ ”

“သမီးထင်တာ ပြောကြည့်ပါမယ်။ ‘နေမကောင်းပေမဲ့ သင်တန်းတက်တယ်’ လို့ ပြောရင် သင်တန်းတက်ကြောင်း အဓိကပြောတာလို့ ထင်ပါတယ် ဘဘ”

“အဲ.. သင်တန်းတက်ပေမဲ့ နေမကောင်းဘူးလို့ ပြောရင်ရော”

“ဒါကျတော့ နေမကောင်းကြောင်း အဓိက ပြောတာလို့ ထင်ပါတယ် ဘဘ”

“သမီးထင်တာ မမှားပါဘူး။ သမီးက စဉ်းစား တတ်တဲ့သူပဲဟာ။ နောက်တစ်ဆင့် စဉ်းစားကြည့် ရအောင်။ ပြောတဲ့ စကားကို နားထောင်ကြည့်ရုံနဲ့ ဘာဖြစ်လို့ အဲဒီလို ထင်ရတာလဲသမီး”

“ဘာဖြစ်လို့ အဲဒီလိုထင်ရတာလဲဆိုတာတော့ သမီးရေရေရာရာ ရှင်းမပြတတ်ပါဘူး ဘဘ”

“ဟုတ်ပါပြီ။ အဲဒီတော့ တို့မြန်မာစကားရဲ့ သဘာဝကို ကြည့်ရအောင်။ မြန်မာဝါကျတွေမှာ ဘယ်အစိတ်အပိုင်းက ပဓာနလဲ သမီး”

“ကြိယာက ပဓာနကျတယ်လို့ မှတ်သားထား ပါတယ်ဘဘ။ ဝါကျတစ်ခုကို ကြိယာနဲ့အဆုံးသတ် ဖော်ပြလိုက်တော့မှ ဆိုလိုတဲ့အဓိပ္ပာယ် ပြည့်စုံသွားတာမို့ ကြိယာဟာ ပဓာနကျတယ်လို့ သင်ဖူးပါတယ်။”

“ဟုတ်ပါတယ်။ မြန်မာဝါကျဟာ ကြိယာနဲ့ အဆုံးသတ်တယ်။ ပညာရှင်တွေက မြန်မာစကားကို ကြိယာနဲ့ အဆုံးသတ်တဲ့ ဘာသာစကား (verb final language) လို့ခေါ်တာ သမီးသိမှာပါ။ ဒီ့အပြင် ပုဒ်တွေကို လိုအပ်သလို နေရာအမျိုးမျိုးပြောင်းနိုင်ပေမဲ့ ကြိယာကိုတော့ ဝါကျအဆုံးမှာပဲ ထားလေ့ရှိတယ်။ ဒီတော့ အဲဒီလိုပဓာနကျတဲ့ ကြိယာနဲ့ ဖော်ပြတဲ့အကြောင်းအရာဟာလဲ ပဓာနကျတဲ့ အကြောင်းအရာ ဖြစ်မှာပေါ့ကွယ်”

“ဟုတ်ကဲ့ ဘဘ”

“ကဲ… ဒီတော့ ‘ခိုင်ခိုင်ဟာ နေမကောင်းပေမဲ့’ လို့ ပြောပြီးရပ်ထားလို့ မရသေးဘူးလေ။ ဝါကျ မဆုံးသေးတဲ့အတွက် ပဓာနအချက်လဲ မဟုတ်သေးဘူး။ ‘သင်တန်းတက်တယ်’ လို့ ဝါကျကို အဆုံးသတ်လိုက်တော့မှ ဆိုလိုတဲ့အချက်ကို ရောက်ပြီး သင်တန်းတက်တယ်ဆိုတာ အဓိက ပြောချင်တဲ့ အကြောင်းဖြစ်တယ်ဆိုတာ သိသာ တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အဲဒီလိုပဲ ‘ခိုင်ခိုင်ဟာ သင်တန်းတက်ပေမဲ့’ ဆိုပြီးရပ်ထားရင်လဲ အဓိကအချက်ကို မရောက်သေးဘူး။ ‘နေမကောင်းဘူး’ လို့ အဆုံးသတ်လိုက်တော့မှ အဓိကအချက် ထင်ရှားသွားတယ်လေ”

“နားလည်ပါပြီ ဘဘ”

“ဒီတော့ ဘာသာစာပေပေါင်းကူးအမြင်နဲ့ကြည့်ရင် ဘာသာစကားအနေနဲ့ ဝါကျဖွဲ့ရာမှာ အဓိကကျတဲ့ အချက်ကို ကြိယာနဲ့ ဖော်ပြလေ့ရှိတယ်ဆိုတဲ့ အချက်နဲ့ ခိုင်ခိုင်သင်တန်းတက်တာက အဓိကကျတာလား၊ နေမကောင်းတာက အဓိကကျတာလားဆိုတဲ့ အကြောင်းအရာ ဖော်ပြချက်ဟာ လိုက်ဖက်မှုရှိတယ်လို့ဆိုရမှာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အချက်အလက်နှစ်ခုကို ခုလိုယှဉ်ပြီး ပြောတဲ့အခါ ဘယ်အချက်အလက်ကို အလေးပေးချင်တာလဲဆိုတာကို မူတည်ပြီး ပြောပုံချင်းကွဲပြားသွားတာပေါ့ကွယ်။ အချက်အလက်တွေကို ခုလိုဝါကျထဲက ကြိယာတွေအဖြစ် မပြောဘဲ နာမ်တွေအဖြစ် ပြောတာမျိုးလဲ ရှိနိုင်တာပေါ့”

“ပြောပြပါ ဘဘ”

“ပြောတဲ့အချက်အလက်ဟာ သိပြီးသား အချက်အလက်လား။ ဒါမှမဟုတ် အချက်အလက် သစ်လားဆိုပြီးတော့လဲ ခွဲလေ့ရှိကြတယ်ကွဲ”

“ဪ.. ဟုတ်ကဲ့၊ သမီးမကြားဖူးသေးပါဘူး ဘဘ”

“အဲဒီအချက်အလက်နှစ်မျိုးကို ယှဉ်ပြီးပြောရင် သိပြီးသား အချက်အလက်ကတော့ အားလုံးသိနေတာမို့လို့ သိပ်မထူးခြားဘူးဆိုပါတော့။ အချက်အလက်သစ်ကတော့ ခုမှပြောတာဖြစ်တဲ့အတွက် ထူးခြားတယ်လို့ ဆိုနိုင်တာပေါ့ကွယ်”

“သာဓကကလေး…”

“အေးပါ၊ အေးပါ။ သာဓကနဲ့ ပြောမှရှင်းမှာပေါ့။ ဆိုပါတော့ ဘဘတို့ရပ်ကွက်ထဲက သိန်း တစ်သောင်း ထီပေါက်တဲ့ သူတစ်ယောက်အကြောင်း ပြောမယ်ဆိုပါတော့။ အဲဒီလူရဲ့ နာမည်က ဦးဖိုးခွေး ဆိုပါတော့ကွယ်”

“ဟုတ်ကဲ့”

“ဒီအကြောင်းပြောတဲ့သူက ‘ဦးဖိုးခွေးကတော့’ လို့ စလိုက်ရင် ဦးဖိုးခွေးကို အားလုံးသိတာမို့ သိပြီးသားအချက်ပေါ့။ ဘာမှမထူးခြားသေးဘူး။ ဒါပေမဲ့ ‘ဦးဖိုးခွေးကတော့ ဒီလ သိန်းတစ်သောင်းထီဆုကြီး ဆွတ်ခူးတဲ့ ပုဂ္ဂိုလ်ပါပဲ’ လို့ ဆက်လိုက်ရင် အဲဒီအချက်က အများမသိသေးတဲ့ အချက်သစ် ဖြစ်သွားတာပေါ့။ အချက်သစ်ဖြစ်တဲ့အတွက် အများစိတ်ဝင်စားတာပေါ့ကွယ်။ ပြောရာမှာလဲ ဒီအချက်ကို အလေးပေးရာကျတာပေါ့”

“ဟုတ်တယ်နော် ဘဘ၊ တော်တော်သိမ်မွေ့တာပဲ”

“ကဲ… သိန်းတစ်သောင်းဆုကြီး ထွက်သွားပြီလို့တော့ကြားတယ်။ ဆုရှင်က ဘယ်သူဘယ်ဝါမှန်း မသိသေးဘူးဆိုပါတော့။ ‘ဒီလသိန်းတစ်သောင်းဆုကြီးကို ဆွတ်ခူးသွားသူကတော့’ လို့ ပြောလိုက်ရင် သိန်းတစ်သောင်းဆု ထွက်သွားတာ သိပြီးသားမို့ မထူးခြားသေးပေမဲ့ ‘ကျွန်တော်တို့ ရပ်ကွက်ထဲက ဦးဖိုးခွေးပါပဲခင်ဗျာ’ လို့ဆက်လိုက်တဲ့အခါကျတော့ ဦးဖိုးခွေးဟာ အများမသိသေးတဲ့ အချက်အလက်

သစ်ဖြစ်နေတာပေါ့ကွယ်။ ခုမှသိရတဲ့အချက်မို့ စိတ်ဝင်စားစရာကောင်းတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အဓိကကျတဲ့အချက်ကို ဝါကျရဲ့ နောက်ပိုင်းမှာ ထားတာဟာ နားထောင်သူ၊ စာဖတ်သူရဲ့ အာရုံကို တဖြည်းဖြည်းဆွဲဆောင်ရာ ရောက်လို့ အာနိသင်ရှိတယ်လို့ ပညာရှင်တွေ ပြောကြတယ်။ မြင်သာအောင် ဝါကျကလေးတစ်ခုနဲ့ သာဓကပြတာပါ။ ဒါထက်ရှည်တဲ့ စာပေအဖွဲ့ တွေမှာလဲ ဒီသဘောရှိပါတယ်။”

“ဟုတ်ကဲ့ပါ”

“ဆိုပါစို့။ ‘အောင်အောင်ရဲ့ အဖေနဲ့ အမေ ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် အောင်အောင် ကျောင်းဆက်မတက်နိုင်တော့ဘူး’ လို့ပြောရင် အဖြစ်အပျက်တစ်ခုပဲပေါ့။ ဒီအဖြစ်အပျက်ကို အဲဒီလို မပြောဘဲ ‘အောင်အောင် ကျောင်းထွက်လိုက်ရတဲ့ အကြောင်းကတော့’ ဆိုပြီး နားထောင် နေတဲ့သူရဲ့ အာရုံကိုဆွဲဆောင်လိုက်ပြီးမှ ‘သူ့ အဖေနှင့်အမေ ရုတ်တရက် ကွယ်လွန်သွားကြလို့ပါပဲ’ လို့ အဆုံးသတ်လိုက်ရင် အဲဒီအချက်က ပိုပြီးလေးနက်သွားတာပေါ့ကွယ်။ စိတ်ဝင်စားဖို့လဲ ကောင်းသွားတာပေါ့”

“ဟုတ်ကဲ့ပါ”

“ ‘ဆရာစံသည် ဗြိတိသျှနယ်ချဲ့ ကို ရွပ်ရွပ်ချွံချွံ တော်လှန်ခဲ့သော လယ်သမားခေါင်းဆောင်ကြီး ဖြစ်သည်’ လို့ရေးတာနဲ့ ‘ဗြိတိသျှနယ်ချဲ့ကို ရွပ်ရွပ်ချွံချွံ တော်လှန်ခဲ့သော လယ်သမားခေါင်းဆောင် ကြီးကား ဆရာစံပင်တည်း’ လို့ ရေးတာနဲ့ ဘယ်ရေးပုံက ပိုပြီးဆွဲဆောင်မှုရှိသလဲဆိုတာ သမီး စဉ်းစားကြည့်ပေါ့ကွယ်”

“ဟုတ်ကဲ့၊ သမီးစဉ်းစားကြည့်ပါမယ် ဘဘ”

“အကြောင်းအရာက အတူတူလို့ ထင်ရပေမဲ့ ရေးပုံကိုလိုက်ပြီး အလေးပေးပုံ ကွဲတာမျိုးတွေ သတိထားကြည့်ရင် တွေ့နိုင်ပါတယ်”

“ ‘ဘတ်စကားက ကိုယ်ပိုင်ကားကို ဝင်တိုက်မိတယ်’ ဆိုတာရယ်၊ ‘ကိုယ်ပိုင်ကားက ဘတ်စကားကို ဝင်တိုက်မိတယ်’ ဆိုတာရယ်၊ ‘ကိုယ်ပိုင်ကားနဲ့ ဘတ်စကားတိုက်မိတယ်’ ဆိုတာရယ် ဘယ်လိုကွာ သလဲလို့ စဉ်းစားကြည့်စမ်းပါ၊ သမီး ဘယ်လို ထင်သလဲ”

“ဘဘ၊ ဘတ်စကားက ကိုယ်ပိုင်ကားကို ဝင်တိုက်မိတယ်ဆိုတာက ရှေ့ကသွားနေတဲ့ ကိုယ်ပိုင်ကား၊ ဒါမှမဟုတ် ရပ်ထားတဲ့ကိုယ်ပိုင် ကားကိုနောက်ကဘတ်စကားက ဝင်တိုက်တာဖြစ် နိုင်ပါတယ်”

“ဟုတ်ပြီ”

“ကိုယ်ပိုင်ကားက ဘတ်စကားကို ဝင်တိုက် မိတယ်ဆိုရင်တော့ ဘတ်စကားက ရပ်ထားတာ၊ ဒါမှမဟုတ် ရှေ့ကသွားနေတာ၊ ကိုယ်ပိုင်ကားက နောက်ကဝင်တိုက်တာနေမှာပေါ့။ ကိုယ်ပိုင်ကားနဲ့ ဘတ်စကား ဝင်တိုက်မိတယ်ဆိုရင်တော့ ခေါင်းချင်းဆိုင်ပြီး တိုက်မိတာဖြစ်ဖို့များမယ် ထင်ပါတယ် ဘဘ”

“ဖြစ်နိုင်ပါတယ်။ ဘာသာစကား အသုံးပြုပုံနဲ့ ရေးတဲ့အကြောင်းအရာရဲ့ အဓိပ္ပာယ်သက်ရောက် ပုံတို့ ဘယ်လို ဆက်သွယ်နေတယ်ဆိုတာ လေ့လာ စရာတွေ အများကြီးပါပဲကွယ်။ ကဲ နားကြစို့”

မြန်မာ့အလင်း