“ဘဘတို့ ကဗျာသာဓကတွေ တော်တော်များများ ကြည့်ပြီးပြီဆိုတော့ ဒီတစ်ခါ စကားပြေဘက်ကို လှည့်ကြဦးစို့”

“ဟုတ်ကဲ့ပါ ဘဘ”

“ဆရာသိပ္ပံမောင်ဝရဲ့ အဆိုအမိန့်တစ်ခုရှိတယ်ကွဲ့။ စာရေးရာမှာ အကြောင်းအရာနဲ့ အရေးအသား လိုက်ဖက်ရင် ကောင်းတယ်ဆိုတာကို သာဓကဆောင်ထားတာလေ။ ဘယ်လိုပြောသလဲဆိုတော့ မင်္ဂလာဆောင်မှာ ဖတ်မယ့် ဩဘာစာကို ဝါကျတိုတိုကလေးတွေနဲ့ရေးရင် လူရယ်စရာဖြစ်မယ်…တဲ့။ အဲဒီလိုပဲ ရန်ဖြစ်တဲ့အကြောင်း၊ မီးလောင်လို့ ပြေးရလွှားရတဲ့အကြောင်းကို ရေးတဲ့အခါ မင်္ဂလာဩဘာစာလို ဖွဲ့ ဖွဲ့နွဲ့နွဲ့ရေးနေရင်လည်း လူရယ်စရာဖြစ်မယ်… တဲ့”

“ဪ… ဟုတ်ကဲ့ပါ။ မှတ်သားစရာပဲနော် ဘဘ”

“အဲဒီတော့ ရေးတဲ့အကြောင်းအရာနဲ့ ဝါကျအတိုအရှည် ပမာဏနဲ့ လိုက်ဖက်ဖို့လိုတယ်ဆိုတာ ဂရုပြုစရာပေါ့ကွယ်”

“ဝါကျအတိုအရှည် ပမာဏကို ဘယ်လို သတ်မှတ်တာပါလဲ ဘဘ”

“အေး.. မေးစရာပဲ။ ဝါကျတစ်ခုဟာ ဘယ်လောက်ပမာဏရှိရမယ်၊ ဘယ်လောက်ရှည်ရမယ်လို့ သတ်မှတ်ချက်မှ မရှိတာ။ သမီး စဉ်းစားကြည့်လေ။ ‘လာ၊ သွား၊ ထိုင်’ ဆိုတဲ့ အမိန့်ပေးစကားတွေက အတိုဆုံး ဝါကျတွေမဟုတ်လား။ အပြည့်အစုံပြောရင်တော့ ‘နင်လာ၊ ခင်ဗျားသွား၊ မင်းထိုင်’ ဆိုတာမျိုးရေးရမှာပေါ့။ ဒါပေမယ့် စကားမြှုပ်ပြီး ခုလိုတစ်လုံးတည်းရေးရင်လည်း အမိန့်ပေးဝါကျ ဖြစ်တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အဲ… ဝါကျရှည်မယ်ဆိုရင်လည်း ဘယ်လောက်အထိ ရှည်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိသလား။ သမီးဘယ်လိုထင်သလဲ”

“ဘဘ၊ ဝါကျတစ်ခုကို အဆုံးမသတ်ဘဲ ‘၍’ တို့၊ ‘သဖြင့်’ တို့၊ ‘လျှင်’ တို့နဲ့ ဆက်ဆက်ရေးရင် အကန့်အသတ်မရှိ ရှည်နိုင်တယ်လို့ သမီးထင်ပါတယ်”

“ဟုတ်ပါ့။ ဒါကြောင့် သမီးက စဉ်းစားတတ်ပါတယ်လို့ ချီးကျူးရတာလေ။ သမီးပြောသလို စကားဆက်တွေနဲ့ ဆက်ဆက်ရေးရင် ဝါကျတစ်ခုဟာ အတိုင်းအတာ အကန့်အသတ်မရှိ ရှည်နိုင် တာပေါ့။ အရှည်ဆုံးဝါကျရယ်လို့ သတ်မှတ်လို့ မရနိုင်ဘူးလေ”

“ဟုတ်ကဲ့ပါ။ သမီးသဘောပေါက်ပါတယ်”

“ဆိုပါတော့ကွယ်။ သမီးက ခုနပြောတဲ့ ‘၍၊ သဖြင့်’ ဆိုတဲ့ စကားဆက်တွေနဲ့ စာလုံးပေါင်း တစ်သိန်းရှိတဲ့ ဝါကျရှည်ကြီးတစ်ခု ရေးထားတယ် ဆိုပါတော့။ ရေးရင်ဖြစ်တယ်ဆိုတဲ့ သဘောကိုပြောတာပါ။ တကယ်တော့ ဝါကျတစ်ခုကို ဒီလောက်အရှည်ကြီးဖြစ်အောင် ဘယ်သူမှရေးမှာ မဟုတ်ပါဘူး။ ကဲ…ထားပါတော့။ သမီးက နောက်ထပ်စာလုံးရေ နှစ်သိန်းပါတဲ့ ဝါကျရှည်ကြီးတစ်ခု ထပ်ရေးတယ်ဆိုပါတော့”

“ဒါဆိုတော်တော်လက်ညောင်းမှာပဲနော် ဘဘ”

“အေး- ညောင်းပေမယ့် ပြီးအောင်ရေးပေတော့။ အဲဒီလို စာလုံးရေတစ်သိန်းရှိတဲ့ ဝါကျရှည်ကြီးနဲ့ စာလုံးရေ နှစ်သိန်းရှိတဲ့ ဝါကျရှည်ကြီးကို ‘၍’ ဆိုတဲ့ နောက်ဆက်ပစ္စည်းနဲ့ ဆက်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲသမီး”

“ဟာ.. စာလုံးရေ သုံးသိန်းရှိတဲ့ ဝါကျရှည်ကြီး ဖြစ်သွားမှာပေါ့ ဘဘ”

“အေး… ဝါကျတစ်ခုဟာ အတိုင်းအဆမရှိ ရှည်ချင်သလောက်ရှည်နိုင်တယ်ဆိုတာ ထင်ရှား အောင် စကားအဖြစ် ပြောတာပါ။ ဒီတော့ အတိုဆုံးဝါကျက စာလုံးတစ်လုံးတည်းပါတဲ့ ဝါကျဖြစ်ပေမယ့် အရှည်ဆုံးဝါကျဆိုတာ မရှိနိုင်ဘူးလို့နားလည်ရမှာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘဘ”

“ဒီတော့ ခုနပြောတဲ့ဝါကျတိုတို၊ ဝါကျရှည်ရှည် ဆိုတာက ဘယ်လောက်တိုပြီး ဘယ်လောက်ရှည်တာလဲလို့ တိတိကျကျမပြောနိုင်ဘူးပေါ့။ ဒါပေမယ့်ပုံမှန်ရှိသင့်တဲ့ အတိုင်းအတာထက် သိသိသာသာ တိုနေတဲ့ ဝါကျကို ‘ဝါကျတို’ လို့ ခေါ်နိုင်တယ်။ ပုံမှန်ရှိသင့်တဲ့ အတိုင်းအတာထက် သိသိသာသာ ရှည်နေတဲ့ ဝါကျကိုပဲ ‘ဝါကျရှည်’ လို့ ခေါ်နိုင်တာ ပေါ့ကွယ်”

“နားလည်ပါပြီ ဘဘ”

“ဆရရာသိပ္ပံမောင်ဝတို့ခေတ်တုန်းက ‘ဝါကျ တိုရေးတာကောင်းတယ်၊ ဝါကျရှည်ရေးတာကောင်းတယ်’ ဆိုပြီး သူရိယသတင်းစာတို့လို သတင်းစာထဲမှာ အပြန်အလှန် ရေးကြတာ၊ ငြင်းကြခုံကြတာ တွေ့ရတယ်”

“ဪ… ဟုတ်ကဲ့ပါ”

“လေ့လာကြည့်ရင် ဝါကျရှည်တယ်၊ တိုတယ် ဆိုတာ ပုံသေပြောလို့မရကြောင်း တွေ့နိုင်တာပေါ့။ သိသာတာတစ်ခုကတော့ ကဗျာ ကာရန်စနစ် အကြောင်း ပြောနေတုန်းကလိုပဲ သွက်လက်လှုပ်ရှားတဲ့ အကြောင်းအရာကို ရေးရင် ဝါကျဟာ တိုသွားတတ်တယ်။ အမျှင်မပြတ်တဲ့ အကြောင်း အရာကိုရေးရင် ဝါကျဟာ ရှည်သွားတတ်တယ်လို့ ဆိုနိုင်တယ်လေ”

“ဟုတ်ကဲ့ပါ”

“ဆရာသိပ္ပံမောင်ဝရဲ့ စကားကို ပြန်စဉ်းစားကြည့်လေ။ ရန်ဖြစ်ပြီး ထိုးကြသတ်ကြတဲ့ အကြောင်းတို့၊ မီးလောင်လို့ ပြေးရတဲ့အကြောင်းတို့၊ ခုခေတ်နဲ့ ဆီလျော်တာပြောရရင် ဘောလုံးပွဲမှာ ဘောလုံးကန်ပုံကို တိုက်ရိုက်ထုတ်လွှင့် ကြေညာတာတို့၊ အဲဒီလိုသွက်လက်တဲ့ လှုပ်ရှားမှုကို ဖော်ပြရင် စကားနဲ့ပဲ ပြောပြော၊ စာနဲ့ပဲရေးရေး၊ ဝါကျတွေဟာ တိုတို သွက်သွက် ဖြစ်နေတာပေါ့ကွယ်။ ဘောလုံးပွဲ ကြေညာတာ နားထောင်ကြည့်ပါလား။ ‘ဟော… သယ်သွားပြီ၊ သယ်သွားပြီ ကန်သွင်းတော့မယ်၊ ဟာ တစ်ဖက်က ဖျက်လိုက်လို့ မသွင်း နိုင်တော့ဘူး။ ဟော.. ဘောလုံးပြန်ရလို့ ကပ်လိုက် ပြီ၊ ဟာ ဂိုးသွားပြီ’ ဆိုပြီး မြူးမြူးသွက်သွက် ကြေညာသွားတာမဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“အဲ.. မင်္ဂလာဆောင်မှာ ဘိသိက်ဆရာက မင်္ဂလာစကားပြောရင်တော့ အဲဒီလို သွက်သွက် မပြောဘူးလေ။ သိုင်းသိုင်း ဝိုင်းဝိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောရတာပေါ့။ ဒါမှ အကြောင်းအရာနဲ့ လိုက်တော့မပေါ့”

“ဟုတ်ပါတယ် ဘဘ”

“အဲ… နောက်တစ်ခုက ရေးတဲ့၊ ပြောတဲ့သူရဲ့ စိတ်အစဉ်ပေါ်လည်းတည်တယ်။ စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်ပြောင်းလဲနေတဲ့ အကြောင်းအရာကိုပြောရင် ဝါကျတိုတိုကလေးတွေ ဖြစ်သွားတတ်တယ်။ စိတ်ထဲမှာ အမျှင်မပြတ် တစ်ဆက်တစ်စပ်တည်း ဖြစ်နေတာဆိုရင်တော့ အဲဒီ အကြောင်းအရာကို ပြောရင် ဝါကျရှည်တွေဖြစ် သွားမှာပဲလေ။ ဒါလည်း ဘာသာစကားနဲ့ စာပေဆက်စပ်တဲ့ သာဓကတစ်ခုပဲပေါ့”

“သာဓကကလေးတွေသိချင်ပါတယ် ဘဘ”

“ဆရာကြီး ပီမိုးနင်းရဲ့ စာတစ်ပုဒ်မှာ ‘ကံသည် ဘုရားမဟုတ်၊ ကံသည်သိကြားမဟုတ်၊ ကံသည် နတ်မဟုတ်၊ ကံသည် အဝိညာဏက ဖြစ်၏။ သင်းလုပ်ပေါင်းခံရမည်လား .. တဲ့။ ဝါကျကလေး တွေက တိုတိုပြတ်ပြတ်ပဲလေ။ ဆရာကြီးက ကံအကြောင်းကို လေးနက်အောင်တစ်ခုပြီးတစ်ခု ဆင့်ဆင့်ပြောနေတာလေ။ သူ့စိတ်အစဉ်က သွက် လက်နေတာ။ ဝါကျတွေလည်း တိုသွားတာပေါ့”

“ဘဘ ရှင်းပြလို့ အဲဒီသဘောကို သိရပါတယ် ဘဘ”

“ရှေးစာပေထဲကပြရရင် ကုန်းဘောင်ခေတ်မှာ ယောမင်းကြီး ဦးဘိုးလှိုင်ရေးတဲ့ ဥတုဘောဇန သင်္ဂဟကျမ်းထဲမှာ ဥတုနဲ့အာဟာရအကြောင်း ရေးရာမှာ ဥတုသဘာဝနဲ့ အသီးအနှံတွေရဲ့ ဂုဏ်သတ္တိတွေကို ရေးထားတာ ဝါကျတိုကလေးတွေနဲ့ ရေးတာလေ။ ဝဿာနဥတုလို့ခေါ်တဲ့မိုးဥတု အကြောင်းရေးရာမှာ ‘ဤဝဿာနဥတု၌ စိုစွတ်၏။ ပူတုံအေးတုံ ရှိ၏။ အိုက်၏။ ကောင်းကင်၌ မိုးတိမ် မပြတ်ရှိ၏။ အနောက်က လေကျတတ်၏’ ဆိုပြီး ဝါကျတိုကလေးတွေနဲ့ ရေးသွားတာ။ ရေးသူရဲ့ သွက်လက်မြန်ဆန်တဲ့ စိတ်အစဉ်အတိုင်း ဝါကျတို တွေဆုံးတော့ လိုက်ဖက်တာပေါ့ကွယ်”

“ဘဘ၊ ဝါကျတိုတွေ ဆက်တိုက်ဖတ်ရတာ လည်း ၄-၁၊ ၄-၂ကာရန်တွေဖတ်ရသလို သွက်တာပဲနော်”

“ဟုတ်တာပေါ့ကွယ်။ အခြေခံသဘောက အတူတူပါပဲ”

“ဝါကျရှည်သာဓကရော ရှိမှာပေါ့နော် ဘဘ”

“ရှိတာပေါ့။ ဇာတ်လမ်းတစ်ခုလုံးကို အစကအဆုံး အမျှင်မပြတ် ပြောချင်တဲ့စိတ်ကစေ့ဆော်လို့ ထင်ပါရဲ့ ရှေးစကားပြေ တချို့မှာ ဇာတ်တော် တစ်ပုဒ်လုံးရဲ့ ဇာတ်လမ်းကို ‘၍’ တွေ၊ ‘သဖြင့်’ တွေ၊ ‘သော’ တွေနဲ့ဆက်ဆက်ရေးသွားတာ ‘ဟူသတည်း’ ဒါမှမဟုတ် “ဟူလိုသောဝ်” လို့ ဝါကျဆုံးတော့မှ ဇာတ်လမ်းလည်း ဆုံးတာလေ”

“ဘယ်ဝတ္ထုပါလဲ ဘဘ၊ သမီးဖတ်ချင်လို့ပါ”

“ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တွေနဲ့ သာဓကပြထားတဲ့ဝတ္ထုတွေပေါ့။ ထင်ရှားတာက ညောင်ရမ်းခေတ်မှာရေးတဲ့ မဏိကုဏ္ဍလ ဝတ္ထုလေ။ ဝရောဘိ သင်္ဃနာထ ဆရာတော်ရေးတာ။ တချို့သာဓက တွေဆိုရင် ဇာတ်လမ်းဆုံးတာတောင် ဝါကျက မဆုံးသေးဘဲ ‘အကြောင်းပြု၍လည်းကောင်း’ လို့ စကားဆက်ပြီးနောက် ဇာတ်လမ်းတစ်ခုဆက် ရေးတာ။ ဇာတ်လမ်း သုံးလေးပုဒ်ပြီးမှ ‘ဟူလိုသောဝ်’ လို့ အဆုံးသတ်တာလေ”

“သမီးဖတ်ပါ့မယ် ဘဘ၊ စိတ်ဝင်စားလို့ပါ”

“အမျှင်မပြတ်ရေးပုံကို ပြောရဦးမယ်။ ပင်းယခေတ်၊ အင်းဝခေတ်က အလှူမှတ်တမ်း ကျောက်စာတွေမှာလည်း ဝါကျအရှည်ကြီးတွေ တွေ့ရတယ်။ ကောင်းမှုပြုတဲ့ ဘုရင်မင်းမြတ်ရဲ့ဂုဏ်ကို နာမဝိသေသနပုဒ်တွေ အများကြီးနဲ့ အထူးပြုတာလေ။ ‘နေမင်းကဲ့သို့ ဘုန်းတန်ခိုးကြီးထသော’ လို့ အစချီလိုက်ပြီးတော့ အဲဒီလိုပဲ ‘ထသော’ နဲ့ ဆုံးတဲ့ အထူးပြုပုဒ်တွေ ဆက်ဆက်ရေးတာ ကျောက်စာ တစ်မျက်နှာဆုံးပြီး နောက်တစ်မျက်နှာကူးတဲ့အထိပဲ။ အလယ်လောက်ရောက်မှ ‘မင်းတရားသည်’ လို့ ကတ္တားပုဒ်ကို ဖော်ပြတယ်။ ပြီးတော့ ‘မိဖုရားကြီးနှင့်အတူ ကုသိုလ်ကောင်းမှု ပြုတော် မူ၏’ ဆိုပြီး ဝါကျလည်း အဆုံးသတ်လိုက်ရော ကျောက်စာရဲ့မျက်နှာနှစ်ဖက်စလုံး ပြည့်ခါနီးမှ ဆုံးတဲ့ ဝါကျရှည်ကြီးလည်းပြီးရော”

“ဟာ… အံ့ဩဖို့ကောင်းလိုက်တာ”

“စာဖတ်ရင် အနည်းဆုံး ဝါကျတစ်ခုတော့ ဆုံးအောင်ဖတ်လေ့ရှိတာ သဘာဝပဲလေ။ ဒီတော့ ဝါကျမဆုံးမချင်း စာဖတ်သူရဲ့ အာရုံကို ထိန်းထားပြီး ဝါကျဆုံးတဲ့ အထာပေါ်သွားတဲ့ သဘောပေါ့ ကွယ်။ ကဲ… နားဦးစို့”

မြန်မာ့အလင်း