ဘာသာစာပေပေါင်းကူး (၅)
“ဘဘ၊ သမီးတစ်ခုမေးချင်လို့ပါ”
“မေးပေါ့”
“ကဗျာဆရာတွေက သွက်လက်မြန်ဆန်တဲ့ လှုပ်ရှားမှုတွေ၊ ပြောင်းလဲမှုတွေကို ဖွဲ့တော့မယ် ဆိုရင် ဘဘပြောသလို ၄-၂ ကာရန်ကို သုံးတာပေါ့နော်။ သမီးသိချင်တာက ဘာဖြစ်လို့ အဲဒီ ၄-၂ ကာရန်ယူနည်းကို ရွေးပြီးသုံးရတာလဲလို့ သိချင်တာပါ”
“အင်း… သမီးဆိုလိုတာကို ဘဘ နားလည်ပါတယ်။ ကဗျာဖွဲ့တယ်ဆိုတာ ကဗျာဆရာရဲ့ စိတ်ကူးဉာဏ် ကိစ္စဆိုတော့ အင်မတန်သိမ်မွေ့တယ်ကွေ့။ ဘယ်အကြောင်းအရာကို ဖွဲ့မယ်ဆိုရင် ဘယ်ကာရန်စနစ်ကို သုံးမယ်ဆိုပြီး ကဗျာဆရာက ကြိုတင်ပြင်ဆင်ထားတာတော့ မဟုတ်ဘူးပေါ့ကွယ်။ စိတ်ကူးဉာဏ်နဲ့ ကဗျာဖန်တီးနေတုန်းမှာ အဲဒီလို ကြိုတင်အကွက်ချထားဖို့လဲ စိတ်ကူးရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကဗျာဆရာရဲ့ စိတ်ကူးဉာဏ်အစွမ်းကြောင့် အကြောင်းအရာနဲ့ လိုက်ဖက်ဆီလျော်တဲ့ ရေးဖွဲ့ပုံဟာ ရေးဖွဲ့ရင်း ပုံပေါ်လာတာ လို့ ပြောရမယ်ထင်တယ်”
“တော်တော်လေးနက်တဲ့ ကိစ္စပဲနော်ဘဘ။ သမီးနားလည်အောင် ကြိုးစားကြည့်ပါ့မယ်”
“အေး.. အေး ဟုတ်ပါပြီကွယ်။ ဘဘတို့ သမီးတို့လိုလူတွေကတော့ ကဗျာဆရာတွေ ရေးဖွဲ့တဲ့ အကြောင်းအရာနဲ့ အရေးအဖွဲ့ကိုလေ့လာကြည့်ပြီး ဘယ်နေရာမှာ ဘယ်လိုလိုက်ဖက်တယ်၊ ဘာကြောင့် လိုက်ဖက်တယ်ဆိုပြီး နည်းစနစ် ထုတ်ကြည့်ရတာကိုးဘွဲ့”
“ဟုတ်ကဲ့ပါ”
“ဆရာဇော်ဂျီမိန့်ဆိုထားတဲ့ စကားတစ်ခုရှိပါတယ်။ ‘စာသည် ရှေ့ဆောင်ဖြစ်၍ နည်းသည် နောက်လိုက်ဖြစ်သည်’ တဲ့”
“သမီး ဖတ်ဖူးပါတယ် ဘဘ”
“ကဗျာဆရာတွေ၊ ဝတ္ထုရေးဆရာတွေ။ အဲ - ရသစာပေဖန်တီးတဲ့သူတွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေက ခံစားမှုအမျိုးမျိုး၊ စိတ်ကူးဉာဏ်အမျိုးမျိုးနဲ့ ကဗျာတွေ၊ ဝတ္ထုတွေ ရေးဖွဲ့ကြတယ်။ အဲဒီစာတွေကို စာပေလေ့လာတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေ သင်ကြားပို့ချတဲ့သူတွေက နောက်ကလိုက်လေ့လာပြီး ဘယ်နည်းတွေနဲ့ ရေးဖွဲ့ထားလို့ ဘယ်လိုကောင်းတယ်ဆိုတဲ့ နည်းနာထုတ်ကြည့်တဲ့ အလုပ်ကို လုပ်ကြတာပေါ့ကွယ်။ ခုလဲ… အဲဒီနည်းနာ ထုတ်ပုံတွေကို ဘဘတို့ ဆွေးနွေးနေကြတာပေါ့”
“နားလည်ပါပြီ ဘဘ”
“သမီးပိုရှင်းသွားအောင် ဆက်ပြောအုံးမယ်။ အခုပြောတဲ့ ကာရန်ကိစ္စပေါ့။ လေးလုံးစပ်ကဗျာ တွေမှာ ပုံမှန်က ဘာပြောသလို ‘တင့်လှပေဟန်၊ ဖက်မရန်တည့်၊ ခြောက်တန်နတ်ရွာ’ ဆိုတာမျိုး ‘ဟန်-ရန်- တန်’ ဆိုတဲ့ စာလုံးတွေကို ကာရန်ယူ တဲ့ပုံစံပဲ။ နံပါတ်တပ်ပြောရင် ၄-၃-၂ ပေါ့။ တစ်ဆင့် စီရန်သွားတာမို့ ခြေလှမ်းမှန်မှန် လမ်းလျှောက် နေသလိုပဲ။ ပုံမှန်အနေအထား ပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ၊ ‘ကျန်းမာစေကြောင်း၊ ဆုမွန် တောင်းသည်။ ပေါင်းဆွေသဟာ’ လို့ ဖွဲ့မယ်ဆိုပါတော့။ ကာရန်ယူပုံကို ဘယ်လိုနံပါတ်တပ်မလဲ ကွယ်”
“အဲ..၄-၃- ၁ ပါဘဘ။ ‘ကြောင်း- တောင်း-ပေါင်း’ ကာရန်ယူထားတာပါ”
“ဟုတ်ပါတယ်။ အဲဒီ ‘၄- ၃- ၁’ ကလဲ ပုံမှန် သဘောပါပဲ။ ဆိုကြည့်ရင် သိသာပါတယ်။ အဲဒီအကြောင်းအရာတွေကလဲ ပုံမှန်အကြောင်း အရာတွေပါပဲ။ အလှဘွဲ့တို့၊ မေတ္တာဘွဲ့တို့ ဖွဲ့နေ တာလေ။ အဲဒီလို ပုံမှန်ဖွဲ့နေရာက သွက်လက် လှုပ်ရှားတဲ့ လှုပ်ရှားမှုမျိုးကို ဖွဲ့လိုက်တာနဲ့ ကဗျာ ဆရာရဲ့ စိတ်ကူးဉာဏ်က သွက်လက်လှုပ်ရှားတဲ့ ကာရန်ယူပုံမျိုးကို ပြောင်းသွားအောင် ရုတ်တရက် စေ့ဆော်လိုက်တော့ ကာရန်ယူပုံပြောင်းသွားတယ်လို့ ဆိုရမှာပေါ့ကွယ်။ ဘဘ ထင်ပါတယ်။ တစ်ခါ တစ်ခါ အဲဒီလို ကာရန်ယူပုံပြောင်းသွားတာကို ကဗျာဆရာကိုယ်တိုင် သတိထားမိချင်မှ ထားမိ လိုက်မှာလေ”
“ဪ.. ဟုတ်ကဲ့ပါ”
“သမီးတို့ သင်ဖူးတဲ့ ရှင်ဥတ္တမကျော်တောလား ကို ကြည့်ကွယ်။ ရှေ့ပိုင်းမှာ ၄-၃-၂ တို့ ၄-၃-၁ တို့ပုံမှန်ဖွဲ့နေရာက တိမ်တွေရဲ့ ပုံသဏ္ဌာန် တစ်မျိုး ပြီးတစ်မျိုး ဖြုန်းခနဲပြောင်းသွားပုံကို ဖွဲ့ထားတာ သမီးမှတ်မိသေးလား”
“မှတ်မိပါတယ် ဘဘ။ သမီးဆိုကြည့်ပါ့မယ်။ ‘တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့် တိမ်ပြာရောယှက်၊ မရမ်းဖက်၍ ၊ တိမ်သက်တံရောင် ၊ အဝါဘောင် ဝယ်’ ။”
“အဲ… အဲ၊ ခဏရပ်ပါအုံး။ အဲဒီမှာ တိမ်တွေရဲ့ အရောင်အမျိုးမျိုးကိုဖွဲ့နေတာနော်။ ကောင်းကင် ကို ကြည့်လိုက်တော့ တိမ်တွေက အညိုရောင်၊ မိလ္လာရောင်၊ မိလ္လာရောင်ဆိုတာ ကြေးညိုရောင်ပေါ့၊ ကာပန်းရောင်၊ မရမ်းရောင်၊ သက်တံရောင်၊ အဝါရောင်တွေရှိတာပေါ့။ အဲဒီမှာ ကာရန်ယူပုံကို ကြည့်ပါအုံး”
“၄-၃-၂ ကာရန်တွေပါ ဘဘ”
“ဟုတ်တယ်နော်။ တိမ်တွေ အရောင်အမျိုးမျိုး ရှိနေပုံကို ပုံမှန်ဖွဲ့ နေတာလေ။ ကဲ.. ‘အဝါဘောင် ဝယ်’ ပြီးတော့ ဘယ်လိုဆက်ပြီး ဖွဲ့သလဲ။ ဆက်ဆို ကြည့်ပါအုံး”
“အဝါဘောင်ဝယ်၊ မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တစ်လီ၊ ရီခဲ့တစ်ဖုံ၊ မှုန်ခဲ့တစ်ချက်၊ ယုဂန်ထက်က…”
“အဲ… ဟုတ်ပြီ။ ဟုတ်ပြီ။ အဲဒီမှာ ခုနပြောတဲ့ တိမ်တွေက မှောင်သွားလိုက်၊ ပြာသွားလိုက်၊ ညိုသွားလိုက်၊ ရီရီမှိုင်းမှိုင်း ဖြစ်သွားလိုက်၊ မှုန်သွားလိုက်နဲ့ တစ်မျိုးပြီး တစ်မျိုးပြောင်းနေတာကို ဖွဲ့ထားတာလေ။ တစ်မျိုးပြီးတစ်မျိုး ဖျပ်ခနဲ။ ဖျပ်ခနဲ ပြောင်းသွားတာ သိပ်မြန်တဲ့ လှုပ်ရှားမှုပေါ့။ ကဲ… ကာရန်ယူပုံကရော”
“ဘဘ၊ ကာရန်ယူပုံက ၄-၁ ပါ ဘဘ။ အပေါ် ပိုဒ်ရဲ့ နံပါတ် ၄ စာလုံးတွေနဲ့ အောက်ပိုဒ်ရဲ့ နံပါတ် ၁ စာလုံးတွေကို ကာရန်ယူထားတာပါ”
“အသွက်ဆုံး ကာရန်ယူပုံပေါ့ကွယ်။ တိမ်တွေ ခုတစ်မျိုးတစ်မျိုး ပုံပြောင်းသွားပုံနဲ့ လိုက်ဖက်တဲ့ အရေးအဖွဲ့ပေါ့”
“ဒီလိုဆိုရင် ကဗျာစာဆိုရဲ့ စိတ်ကူးထဲမှာ တိမ်တွေ ဖျပ်ခနဲ ဖျပ်ခနဲ ပြောင်းသွားပုံကို ရေးဖို့ စိတ်ကူးဉာဏ်နဲ့အတူ ၄- ၁ ကာရန်တွေလည်း တစ်ပါတည်း ပေါ်လာတာနေမှာပေါ့နော် ဘဘ”
“သမီးက သဘောပေါက်ပါတယ်။ စိတ်ကူးက ရှေ့ဆောင်သလို လက်က လိုက်တယ်လို့ဆိုရမှာပေါ့။ အဲဒီလို ရေးဖွဲ့နိုင်တဲ့ အတွေ့အကြုံတွေလဲ စာဆိုမှာရှိမှာပေါ့ကွယ်”
“သိပ်ကောင်းပါတယ် ဘဘ”
“ကဲ… ခုဘဘတို့ပြောခဲ့ကြတဲ့ သာဓကတွေကို ပြန်ကြည့်ရအောင်။ ပျဉ်းမငုတ်တိုကြီး လောကဓံ အမျိုးမျိုး ဆက်တိုက်ခံရတဲ့ အဖွဲ့ရယ်၊ တိမ်တွေ ဆက်တိုက်ပြောင်းနေတဲ့ အဖွဲ့ရယ်ဆိုတော့ သက်မဲ့ အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုတွေပေါ့။ အခု-သက်ရှိ တွေရဲ့ အမူအရာကိုဖွဲ့တဲ့ အဖွဲ့တစ်ခုကို ကြည့်ရအောင်။ ကုန်းဘောင်ခေတ်စာဆို စိန္တကျော်သူက အလောင်းမင်းတရားကြီး ရေတပ်နဲ့ စစ်ချီရာမှာ လိုက်ပါလာတာမို့ ဓနုဖြူဆိပ်ကမ်းမှာ စစ်သည်တော်တွေ ကြုံတွေ့ရတဲ့အတွေ့အကြုံကို ရတုတစ် ပုဒ်ဖွဲ့ထားတယ်လေ”
“ ‘ဓနုဖြူတွင်’ အစချီတဲ့ ရတုပါဘဘ”
“ဟုတ်ပါပြီ။ အဲဒီရတုမှာ အလောင်းမင်းတရားရဲ့ ရေတပ်ကြီး ဟံသာဝတီကို စစ်ချီရာမှာ ဓနုဖြူ ဆိပ်ကမ်းကို မိုးချုပ်ခါနီးမှာ ရောက်လာပြီး ရပ်နာ ဖို့ ပြင်နေတုန်း လေကြီး မိုးကြီးကျလာတာမို့ စစ်သည်တွေ ဒုက္ခရောက်ကြပုံကို သရုပ်ဖော်ထားတာ မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
“အဲဒီမှာ ဖွဲ့ထားတယ်လေ။ ‘တောင်မြောက် အုံမှိုင်း၊ ရှေ့အတိုင်းလျှင်၊ မှီခိုင်ကမ်းရပ်၊ တင်း ကျမ်းစပ်မျှ၊ မလပ်ဆိပ်ခင်း၊ လေပြင်းလှိုင်းရိုက်၊ ဝဲဝိုက်ကလိုင်၊ မနိုင်ခိုင်းမက်၊ ပဲ့တက်မစား၊ ထိုးဝါး မမှီ၊ ခတ်ချီမပါ၊ ရေကြီးရာတွင်” တဲ့၊ အဲဒီအထိ သိပ်မဆိုးသေးဘူး”
“ဟုတ်ကဲ့ပါ”
“လေပြင်းတွေတိုက်၊ ဝဲတွေထလာတော့၊ လှေတွေကိုပဲ့ကိုင်လို့လဲ မရတော့ဘူး။ ထိုးဝါးထောက်လို့လဲ မမီတော့ဘူး။ တက်နဲ့လှော်ခတ်တိုင်းလဲ မပါတော့ဘူးလေ။ အဲဒီအခြေအနေကို ဖွဲ့ထားတာ ရှေ့ပိုင်းမှာတော့ ပုံမှန်ပဲ။ အဲ- ‘ပဲ့ တက် မစား၊ ထိုးဝါးမမှီ၊ ခတ်ချီမပါ’ ကျတော့ ၄-၂ကာရန်တွေ ဖြစ်လာပြီး အကြောင်းအရာကလဲ ဗရုတ်သုတ်ခ လှုပ်ရှားနေရပုံစလာပြီ။ ပြီးတော့ ဘာဆက်ဖွဲ့သလဲသမီး”
“ရေကြီးရာတွင် ဆုတ်လာလှေချင်း၊ ဦးသွင်းပဲ့ဆုတ်၊ ချိတ်ကုတ်မမြဲ၊ ရေထဲကူးသန်း၊ မြုပ်မွမ်း စုပ်ဖွား၊ ကြိုးဖောင်ငင်နွဲ၊ ခုန်ဆွဲများကိုင်း” လို့ ဖွဲ့ထားပါတယ် ဘဘ။ ၄-၂ ကာရန်တွေပါ”
“အဲဒီမှာ ကြည့်လေ။ လှေတွေ အစီအစဉ်တကျ ကမ်းမကပ်နိုင်တော့ဘဲ လှေချင်းရှုပ်ထွေးပြီး ဦးဘက်ကခွင်းတဲ့လှေက ခွင်း၊ ပဲ့ဘက်က ဆုတ်တဲ့ လှေက ဆုတ်၊ လှေကကြိုးနဲ့ ကမ်းနားမှာ ချည်ဖို့ကျတော့လဲ ချိတ်ကမမြဲတော့ ရေထဲခုန်ဆင်းရင်း မြုပ်သွားပြီး ရေမွန်းတဲ့သူကမွန်း၊ ပြန်ပေါ်လာတော့လဲ သျှောင်ထုံးကြီးတွေနဲ့ဆိုတော့ ဆံပင်စုတ်ဖွား ဖြစ်နေ၊ ကြိုးဖျားကို ကိုင်၊ ကမ်းပေါ်က ဖောင်းပင်၊ ကိုင်းပင်တွေကို ခုန်ဆွဲပြီး လှေတွေကို ဖြစ်သလို ကြိုးချည်ရတာလေ”
“တော်တော်သရုပ်ပေါ်တယ်နော် ဘဘ”
“အေး အညာဒေသက စစ်သားကြီးတွေ အောက်ပြည်အောက်ရွာမှာ လေဒဏ် မိုးဒဏ် ရုတ်တရက်ခံရပြီး ဒုက္ခရောက်ကြပုံတွေကို ဖွဲ့တာပေါ့။ ကာရန်ကလဲ ၄-၂ ကာရန်ဆိုတော့ လှုပ်ရှားပုံနဲ့ လိုက်ဖက်ပြီး သရုပ်ပေါ်တာပေါ့ကွယ်။ ကဲ…. တစ်ထောက်နားကြအုံးစို့”
“ဟုတ်ကဲ့ပါ ဘဘ”
မြန်မာ့အလင်း