“ဘဘကို တစ်ခုမေးချင်လို့ပါ”

“မေးလေ သမီး ဘာပါလိမ့်”

“စာပေဟောပြောပွဲတစ်ခုမှာ ဟောပြောတဲ့ စာရေးဆရာကြီးက ပျဉ်းမငုတ်တို ကဗျာအကြောင်း ဟောပြောတာ သမီးနားထောင်ဖူးပါတယ် ဘဘ”

“ဟုတ်ပါပြီ၊ ဒီတော့”

“ဆရာကြီးမင်းသုဝဏ်ရေးဖွဲ့တဲ့ ပျဉ်းမငုတ်တို ကဗျာအစချီပုံဟာ ကဗျာရဲ့ အကြောင်းအရာနဲ့ အလွန်လိုက်ဖက်တယ်ဆိုတဲ့အကြောင်း ဟောပြောတာပါ”

“ဘယ်လိုလိုက်ဖက်သတဲ့လဲကွယ်”

“ကဗျာစစချင်း ‘ဖုထစ်ရွတ်၊ ငှက်လင်းတ သို့၊ ပျဉ်းမငုတ်တို’ လို့အစချီပုံကိုပြောတယ်။ ‘ဖုထစ်-ရွတ်-တွ’ ဆိုတဲ့ စကားလုံးလေးလုံးဟာ နားဝင်မချိုတဲ့ အသံတွေချည်းပဲ…တဲ့။ ပါးစပ်ကလဲ ရွတ်ပြတယ်။ အဲဒီအသံကြမ်းတွေနဲ့ ရေးဖွဲ့တဲ့ ပျဉ်းမငုတ်တိုကြီးရဲ့ ပုံသဏ္ဌာန်ကလဲ လင်းတကြီး တစ်ကောင် ငုတ်တုတ်ထိုင်နေသလို ကြမ်းတမ်းတဲ့ ပုံသဏ္ဌာန်မျိုးဖြစ်နေတဲ့အကြောင်း စာဆိုတွေဟာ အကြောင်းအရာနဲ့ အရေးအဖွဲ့လိုက်ဖက်အောင် ဖွဲ့ကြတဲ့အကြောင်း ပြောပြတာပါ ဘဘ”

“ဟုတ်ပါပြီ။ ဒီတော့ အခုဘဘတို့ ပြောနေတဲ့ ဘာသာစကားနဲ့ စာပေဆက်သွယ်ပုံကို စဉ်းစား ကြည့်ရအောင်။ ‘ဖုထစ်ရွတ်တွ’ ဆိုတဲ့အသံတွေကို ဆိုကြည့်လေ။ တစ်သံမှ နားဝင်မချိုဘူးမဟုတ်လား။ အသံအားလုံး ‘သံလတ်’ လို့ခေါ်တဲ့ ပြတ်ပြတ် တောက်တောက် အသံတွေ ဖြစ်နေတယ်မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ။ ‘ထစ်’ က စသတ်သံ၊ ‘ရွတ်’ ကလဲ တသတ်သံဆိုတော့ ဒီအသံမျိုးကို ရပ်သံလို့လဲ ခေါ်ပါတယ် ဘဘ”

“ဟုတ်တယ်။ ‘ဖု’ နဲ့ ‘တွ’ ကလဲ အောက်မြစ် သံလို့ခေါ်တဲ့ အသံတွေလေ။ ဒီတော့ အသံလေး သံစလုံးဟာ ကြမ်းတဲ့အသံတွေပေါ့”

“ဘာသာစကားကို သရုပ်ဖော်ရင် အဲဒီလိုတွေ့ရမှာပေါ့။ တစ်ခါက ဖွဲ့ထားတဲ့ကဗျာကို စာပေဘက် ကကြည့်ပြီး အကဲဖြတ်ရင် ဘယ်လိုတွေ့ရသလဲ”

“အမြင်ဆိုးပြီးကြမ်းတမ်းတဲ့ ပျဉ်းမငုတ်တိုကြီးကို မသတီစရာဖြစ်အောင် ဖွဲ့ထားတယ်လို့ ပြောနိုင်မယ်ထင်ပါတယ် ဘဘ”

“ဟုတ်ပါပြီ။ ဒီတော့ ဒီလိုရေးဖွဲ့တဲ့ ကဗျာအဖွဲ့မှာ အသုံးပြုတဲ့ ဘာသာစကား အရည်အသွေးနဲ့ ပုံဖော်ထားတဲ့ စာပေအရည်အသွေး၊ ဘာသာ စကားအရည်အသွေးနဲ့ ပုံပေါ်လာတဲ့ စာပေအရည် အသွေး အင်မတန်လိုက်ဖက်တယ်ဆိုတာ တွေ့နိုင် တာပေါ့ကွယ်”

“နားလည်ပါပြီ ဘဘ”

“ပြောလက်စနဲ့ ပျဉ်းမငုတ်တို ကဗျာအကြောင်း ဆက်ပြောရအောင်။ ဘာသာ-စာပေပေါင်းကူး ရှုထောင့်က ပြောကြတာပေါ့။ ပျဉ်းမငုတ်တိုကြီး ကုန်းပေါ်မှာ တစ်ပင်တည်းရှိနေပုံကို လင်းတအိုကြီးတစ်ကောင် ထိုင်နေပုံနဲ့ ဥပမာပေးထားတာ၊ ပျဉ်းမငုတ်တိုကြီးရဲ့ ခွဆုံနားမှာရှိတဲ့ သစ်ခေါင်းဆွေးကြီးကလဲ အနာဖေးတွေတက်နေတဲ့အိုင်း အနာကြီးကို ဟက်ပက်ကြီးကွဲနေပုံ၊ အဲဒီမှာ ခြအိမ်ပျက်ကြီးတစ်ခုကလဲ တွယ်နေပုံတွေကို သရုပ်ဖော်ထားတာလေ။ လင်းတအိုတို့၊ အိုင်းအမာတို့နဲ့ ဥပမာပေးပြီး အလင်္ကာမြောက်အောင်ဖွဲ့ထားလို့ သရုပ်ပေါ်တာပေါ့။ ခုနလိုပဲ ကာရန်ယူထားတဲ့ အသံတွေကိုကြည့်ပါအုံး။ ‘ခွဆုံအကွေး၊ သစ်ခေါင်း ဆွေးလည်း၊ အဖေးတက်လာ’ တဲ့။ ကာရန်ယူထား တဲ့ စကားလုံးတွေကို ပြောပြပါ”

“ ကွေး-ဆွေး-ဖေး ပါဘဘ ”

“အဲဒီအသံတွေကလဲ သံလေးလို့ခေါ်တဲ့ ဝစ္စပေါက်သံတွေလေ၊ ဘယ်မှာသာယာလို့လဲ။ ပျဉ်းမ ငုတ်တိုကြီးရဲ့ အခြေအနေနဲ့ လိုက်ဖက်တာပေါ့။ ကဲ…နောက်တစ်ပိုဒ်က”

“ကုန်းမိုကမ်းပါး၊ မြေပပ်ကြားတွင် စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း၊ စစ်ရောက်စခန်း လက်ပြညွှန်း”

“ဟုတ်ပြီ။ အဲဒီမှာလဲ ကြည့်လေ။ ကာရန်ယူ တဲ့စကားလုံးတွေက ပါး- ကြားဆိုတဲ့ ဝစ္စပေါက်သံ တွေရယ်၊ ‘မောက်-ခြောက်-ရောက်’ ဆိုတဲ့ ရပ်သံတွေရယ်ဆိုတော့ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ အသံတွေပေါ့။ မြေကြီးတွေက ပပ်ကြားအက်နေပြီး အဲဒီမှာစစ်သားတွေ စွန့်ပစ်သွားတဲ့ စစ်သားခမောက် ပိန်ခြောက်ခြောက်ကြီး တစ်လုံးပဲရှိနေ တယ်လို့ ဖွဲ့ထားတာလေ”

“ဟုတ်ကဲ့ပါ”

“နောက်တစ်ပိုဒ်ကျတော့ ကာရန်ချိတ်ဆက်ဖွဲ့ပုံက ထူးခြားတယ်လေ။ သမီးရတယ်မဟုတ်လား”

“ရပါတယ် ဘဘ ‘ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်၊ စစ်ကိုလည်းကြုံး ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်၊ လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း…”

“ရပြီ၊ ရပြီ။ လေးလုံးစပ် ကာရန်ယူရာမှာ ‘စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်ဆိုတဲ့ အဖွဲ့ကို အသံထွက်ပြီး ဆိုကြည့်စမ်း ဘယ်လိုနေသလဲ”

“အသံကမြန်ပြီး သွက်နေပါတယ် ဘဘ ”

“ဟုတ်တာပေါ့။ ကာရန်ယူပုံက အပေါ်ပိုဒ်က လေးလုံးမြောက်ကာရန်နဲ့ အောက်ပိုဒ်က နှစ်လုံး မြောက်ကာရန်ကို ဆက်ဆက်ယူထားတာလေ။ ‘ကြုံ-အုံ၊ ဖြစ်-ထစ်၊ ခံ-လျှံ’ဆိုတဲ့ ကာရန်တွေလေ။ ဟုတ်တယ်မဟုတ်လား”

“အဲဒီကာရန်ယူပုံကို ၄-၂ ကာရန်အဖွဲ့လို့ ခေါ်ကြတယ်။ ပုံမှန်ကာရန်ယူရင် ‘မဲဇာတောင်ခြေ စီးတွေတွေတည့်၊ မြစ်ရေဝန်းလည်’ ဆိုတာကို၊ ခြေ-တွေ-ရေ ဆိုပြီး သုံးသံတွဲယူတာလေ။ ၄-၃-၂ ကာရန်အဖွဲ့ လို့ခေါ်တယ်။ ပုံမှန်ပေါ့။ အခု ၄-၂ ကာရန် ယူလိုက်တော့ဆိုရတာ ပိုမြန် ပိုသွက်သွား တာပေါ့။ သမီးနားလည်မယ်ထင်ပါတယ်”

“နားလည်ပါတယ် ဘဘ”

“ကာရန်က သိပ်သွက်ပြီး အကူးအပြောင်း မြန်တယ်လေ။ ‘မဲဇာတောင်ခြေ’အပိုဒ်နဲ့၊ ‘စစ်ကို လည်းကြုံ’ အပိုဒ်ကို ယှဉ်ပြီးဆိုကြည့်ရင် အနှေးအမြန်ကွာတာ သိသာပါတယ်”

“ဟုတ်ကဲ့ပါ”

“ရေးဖွဲ့တဲ့ အကြောင်းအရာလဲကြည့်လေ။ ပျဉ်းမငုတ်တိုကြီးဟာ စစ်ဘေးနဲ့ကြုံလိုက်ရ၊ ခြအုံ ဖြစ်လိုက်ရ၊ ဓားထစ်ခံလိုက်ရ၊ နေပူခံလိုက်ရနဲ့ လောကဓံအမျိုးမျိုးကို တစ်ခုပြီးတစ်ခု ဆက်တိုက် ခံရပုံကို ဖွဲ့ထားတာမဟုတ်လား။ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတာကို ၄-၂ ကာရန်နဲ့ သွက်သွက် ဖွဲ့သွားတာ သိပ်လိုက်ဖက်တာပေါ့ကွယ်”

“ဘဘ ရှင်းပြတော့ သမီးမြင်လာပါပြီ ဘဘ”

“ကဲ… နောက်ဆုံးအပိုင်းရောက်ပြီနော်။ ဆက်ပါအုံး”

“ မငိုက်ဦးခေါင်း၊ နွေသစ်လောင်းသော်၊ ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍ လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်။ အသင်ယောက်ျား ကောင်းတကား” ပြီးပါပြီ ဘဘ”

“ ဟုတ်ပြီ။ ဟုတ်ပြီ။ အဲဒီအပိုင်းဟာ ကဗျာရဲ့ အထွတ်အထိပ်ပိုင်းပဲ။ ဖွဲ့ထားတာက လောကဓံရဲ့ ဒဏ်ကို အဲဒီလို အလူးအလဲခံရပေမဲ့ ခေါင်းမီး၊ အရှုံးမပေးတဲ့ ပျဉ်းမငုတ်တိုကြီးဟာ ရွက်သစ်ပြောင်း ရွက်ဟောင်းကြွေတဲ့ နွေဦးအချိန်လဲရောက်ရော၊ ရွက်သစ်ကလေးတွေဝေပြီး ငယ်မူငယ်သွေး ဆင်နေပုံဟာ စိမ်းစိမ်းစိုစိုနဲ့ ဥဒေါင်းပျိုကလေး အမြီးဖြန့်ကနေသလိုပါပဲ…တဲ့။ ဒါကြောင့် ဆရာ ကြီးက လောကဓံရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ပျဉ်းမငုတ်တိုကြီးကို ‘အသင်ယောက်ျားကောင်းတကား’ လို့ ချီးကျူးပြီး ကဗျာကို အဆုံးသတ်လိုက်တယ် မဟုတ်လား”

“ဟုတ်ကဲ့ပါ။ ပျဉ်းမငုတ်တိုကြီးရဲ့ သာယာ ကြည်နူးစရာအပိုင်းပေါ့နော် ဘဘ”

“ဟုတ်တယ်။ အဲဒီအပိုင်းမှာ ဖွဲ့ထားတဲ့ ကာရန်တွေကို ကြည့်ပါအုံး။ ‘ကြွေ-ဝေ-လေ’ က တစ်တွဲ၊ ‘တွင်-ဆင်-သင်’ ကတစ်တွဲ အဲဒီအသံတွေ ကို ဘယ်လိုခေါ်သလဲ သမီး”

“သံလွင်ပါ ဘဘ။ ချိုချိုသာသာအသံတွေပါ”

“ချိုလွင်တဲ့အသံတွေပေါ့။ အကြောင်းအရာက အဆိုးဘက်က အကောင်းဘက်ကို ပြောင်းလာတဲ့ အကြောင်းလဲ၊ အရေးအဖွဲ့ကလဲ ကြမ်းရာကနေ ပြီး ချိုလာတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘဘ၊ သမီးတော်တော်သဘော ပေါက်သွားပါပြီ”

“ပျဉ်းမငုတ်တို ကဗျာဟာ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာကောင်းတစ်ပုဒ်ပေါ့ကွယ်။ လောကဓံရဲ့ ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ လူသားရဲ့ အားမာန်သတ္တိကိုဖွဲ့တဲ့ ကဗျာလို့ဆိုနိုင်တာပေါ့။ ကဲ…ကြုံလို့ ဒီကဗျာအကြောင်း သိကောင်းစရာတွေ ပြောရအုံးမယ်”

“ပြောပြပါ ဘဘ”

“ပျဉ်းမငုတ်တိုကဗျာကို ဆရာကြီး ဒေါက်တာ လုစ် (Dr.G.H.LUU) က The Pyinma Stump ဆိုပြီး အင်္ဂလိပ်ဘာသာပြန်ထားတယ်။ အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ဂျပန်၊ ချက် စတဲ့ဘာသာစကားတွေနဲ့လဲ ဘာသာပြန်ထားတယ်ကွဲ”

“ဟုတ်ကဲ့ပါ”

“၁၉၆၅ ခုနှစ်တုန်းက အမေရိကန်ပြည် ထောင်စုက ပုဂ္ဂိုလ်တချို့က ဆရာကြီးမင်းသုဝဏ် ဆီကို ပန်းချီကားပုံတူတစ်ခု ပို့လိုက်တယ်။ စာရေးဆရာကြီး ဝီလျံဖော့ကနာ- William Faukner ရေးဆွဲတဲ့ ဟင်နရီ (Henry) ဆိုတဲ့ ပန်းချီကားပဲ။ လူငယ်တွေရဲ့ လေးစားစရာစိတ်ဓာတ်ကို ဖော်ပြတဲ့ ပန်းချီလို့ဆိုတယ်။ အဲဒီပန်းချီကားကို ကြည့်ပြီး လိုက်ဖက်တဲ့ကဗျာ တစ်ပုဒ်ဖွဲ့ပေးဖို့လဲဆရာကြီးကို မေတ္တာရပ်ခံသတဲ့။ ဆရာကြီးက ပန်းချီကားကို ကြည့်ပြီးတော့ ကဗျာသစ်မဖွဲ့တော့ဘဲ ပျဉ်းမငုတ်တို ကဗျာကိုပဲ ပို့လိုက်ပြီး အကျိုးအကြောင်း ရှင်းပြတယ်။ ဆရာကြီးလုစ်ရဲ့ ဘာသာပြန်ကိုလဲ ပို့လိုက်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေက ပျဉ်းမငုတ်တိုကဗျာကို ဝမ်းမြောက်ဝမ်းသာလက်ခံပြီး မြန်မာကို ကိုယ်စားပြုတဲ့ ကဗျာအဖြစ် ၆၉ နိုင်ငံက ကဗျာတွေထဲမှာ ရွေးချယ်လိုက်တယ်တဲ့။ စာအုပ်နာမည်က The World’s Great Living Poets (ကမ္ဘာ့သက်ရှိ ကဗျာဆရာကြီးများ)လို့ သိရတယ်။ မှတ်သားစရာ ဂုဏ်ယူစရာပါကွယ်”

မြန်မာ့အလင်း