“အရင်အပတ်က ဘဘပြောတာ သမီး စဉ်းစားခဲ့ပြီးပြီပေါ့နော်”

“ဟုတ်ကဲ့၊ ဘုရားရှင်ကို အာဠဝက ဘီလူးက ခေါ်တဲ့ ‘ငါ့ရှင်ရဟန်း၊ အရှင်ရဟန်း၊ အရှင်ဘုရား’ ဆိုတဲ့ စကားသုံးခွန်းကို နှိုင်းယှဉ်ကြည့်တော့ တစ်ခွန်းထက် တစ်ခွန်း ပိုပိုပြီး ယဉ်ကျေးလာတာ တွေ့ရပါတယ် ဘဘ”

“မဆိုးပါဘူး။ ကဲ…အရင်အပတ်က လိုရင်းပဲ ပြောလိုက်ရလို့ ဇာတ်ရေလည်အောင်ထပ်ပြောကြမယ်။ အာဠ၀ကဘီလူးရဲ့ ဗိမာန်ကိုဘုရားရှင်က ခွင့်မတောင်းဘဲဝင်ပြီး သီတင်းသုံးတော့ ဘီလူးက စိတ်ဆိုးသွားတယ်။ အဲ..ကြုံလို့ပြောရအုံးမယ်။ ဘီလူးနာမည်က ‘အာဠဝက’ နော်၊ ဒါကျမ်းဂန် ထဲကအတိုင်းရေးတာ အမှန်ပဲ။ ‘အာဠာဝက’ မဟုတ်ဘူး။ ရေးချမပါဘူး”

“သမီးသိပါတယ် ဘဘ”

“အဲ…သမီးသိပေမဲ့ ကွန်ပျူတာစာစီစာရိုက်တဲ့သူတွေက သိပုံမရဘူးကွဲ။ ဘဘက ‘အာဠဝက’ လို့ရေးတာကို ‘အာဠာဝက’ လို့ မှားရိုက်တယ်။ ဘဘက မြန်မာစာပေအကြောင်း ရေးနေတာပဲ။ မှားရေးပါ့မလားကွယ်။ သူတို့က ‘အာဠာဝက’ လို့ပဲ ကြားဖူးနေလို့ထင်တယ် ရေးချထည့်ရိုက်ထားတယ်”

“ဟုတ်တယ်၊ ဟုတ်တယ် ဘဘ။ သမီးတွေ့ လိုက်တယ်”

“ပြောလက်စနဲ့ပြောရအုံးမယ်။ မကြာခင်က ၂၀၁၉ ခု မကုန်ခင်ကပေါ့။ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ဒုတိယအကြိမ် ပြန်ထွက်တယ်။ အဲဒီထဲမှာ ဖြည့်စရာ စကားလုံး တချို့ ကို ဖြည့်ထားတယ်။ ဒီသတ်ပုံကျမ်းကို အစိုးရအဖွဲ့ကိုတင်ပြပြီး အတည်ပြုချက်ယူပြီးလို့ အားလုံးကိုဖြန့်နေပြီလေ။ ဒီတော့ ဒီသတ်ပုံ ကျမ်းထဲကအတိုင်း လိုက်ရေးဖို့ပြဋ္ဌာန်းထားတဲ့ အဓိပ္ပာယ်ပေါ့။ အထူးသဖြင့် အပြောသုံးစကား တွေဖြစ်တဲ့ ‘လဲ’ ရယ်၊ ‘ပေမဲ့’ ရယ်၊ ‘အုံး’ ရယ်၊ အဲဒီ စာလုံးတွေကို အပြောစကားမှာ အဲဒီအတိုင်းရေးဖို့ ပြဋ္ဌာန်းထားပြီးပြီလေ။ အဲဒါကို လိုက်ပြင်တဲ့သူတွေ လဲပြင်တယ်။ တချို့က မပြင်ဘဲအရင်ကအတိုင်းပဲ အပြောစကားတွေမှာ ‘လည်း’၊ ‘ဦး’၊ ‘ပေမယ့်’ ဆိုတဲ့ စာသုံးတွေအတိုင်း ကွန်ပျူတာရိုက်နေကြတုန်းပဲကွဲ။ အဲဒါတွေ ပြင်သုံးရမှာလေ”

“ဟုတ်ကဲ့ပါ ဘဘ”

“ကဲ…စကားစတောင် ပျောက်သွားပြီ။ အဲဒီ အာဠဝကမှာ သူ့ဘိုးဘွားတွေ ရေးပေးထားတဲ့ အမေးရှစ်ခု၊ အဖြေရှစ်ခုရှိတယ်တဲ့။ နှစ်တွေ ကြာလာတဲ့အခါကျတော့ အာဠဝကက အမေး တွေပဲ မှတ်မိတော့တယ်၊ အဖြေတွေကို မေ့သွားတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး သူ့ဗိမာန်ကို ဝင်လာကြည့်တဲ့ရဟန်းတွေ၊ လူတွေကို အဲဒီအဖြေတွ ေဖြေခိုင်းတယ်။ မဖြေနိုင်ကြတော့ အဲဒီရဟန်းတွေ၊ လူတွေကို အမျိုးမျိုးနှိပ်စက် ညှဉ်းဆဲနေတာ တော်တော်ကြာပြီပေါ့။ ဘုရားရှင်ကိုလဲ လက်နက်တွေနဲ့ အမျိုးမျိုးတိုက်ခိုက်တယ်။ မအောင်မြင်တော့ မေးခွန်းတွေမေးပြီး မဖြေနိုင်ရင် နှိပ်စက်မယ်ဆိုတဲ့ အကြံနဲ့မေးတာလေ”

“ဪ၊ ဟုတ်ကဲ့ပါ၊ သမီးပြန်သတိရပါပြီ”

“ပထမမေးခွန်းလေးခုမေးတော့ လေသံက ခပ်ပြတ်ပြတ်ပဲ၊ “ငါ့ရှင်ရဟန်း” တဲ့။ တန်းတူချင်း ခေါ်တဲ့စကားနဲ့ခေါ်တာ၊ အာဠဝက က ဘုရားရှင်ကို ခုခေတ်စကားနဲ့ပြောရင် သူနဲ့ ‘လယ်ဗယ်ချင်း’ လို သဘောထားပြီးခေါ်တာပေါ့။ မေးခွန်းတွေက သိပ်ကောင်းတယ်။ သမီးလဲ သင်ခဲ့ရမှာပေါ့။ ‘မည်သို့သောအသက်မွေးခြင်းသည် မြတ်သော အသက်မွေးခြင်းနည်း’ ဆိုတဲ့ မေးခွန်းကစတယ်။ ဘုရားရှင်က ‘ပညာဖြင့် အသက်မွေးခြင်းသည် မြတ်သော အသက်မွေးခြင်းတည်း’ လို့ ပြန်ဖြေပြီး အကျယ်ရှင်းပြတယ် မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“အဲဒီလိုပဲ မေးခွန်းလေးခုစလုံးကို ဘုရားရှင်က ပြေလည်အောင်ရှင်းပြလိုက်တော့ အာဠဝက ကျေနပ်သွားတာပေါ့။ ဒီတော့ နောက်မေးခွန်း လေးခုထပ်မေးတယ်။ ခေါ်ပုံလဲပြောင်းသွားတယ်။ ‘အရှင်ရဟန်း’..တဲ့”

“ဘဘရှင်းပြလို့ သမီးမြင်လာပါပြီ။ အာဠဝက ဘီလူးက ဘုရားရှင်အပေါ် စိတ်ထားပြောင်း လာတာပေါ့နော်ဘဘ။ဒါကြောင့်ခေါ်ပုံပိုယဉ်ကျေး လာတာပေါ့”

“အဲဒါထင်ရှားနေတာပဲလေ။ အဲဒီမေးခွန်း လေးခုကိုလဲ ဘုရားရှင်က ပြေလည်အောင် ဖြေရှင်းပေးလိုက်တော့၊ အာဠဝက တရားရသွားပြီလေ။ သာမန်မဟုတ်တော့ဘူး။ သောတာပန် တည်သွားပြီ မဟုတ်လား။ ဒီတော့ နောက်ထပ် မေးချင်တဲ့ အကြောင်းအရာတွေကို လျှောက်ထား တဲ့အခါ ကျတော့ လေသံလုံးဝပြောင်းသွားပြီလေ”

“ဟုတ်ပါတယ် ဘဘ၊ ဘုရားရှင်ကို ‘အရှင် ဘုရား’ လို့ခေါ်ပြီး လျှောက်ပါတယ် ။

“ကဲ… ဒီတော့ စဉ်းစားကြည့်လေ။ အဲဒီလို အခေါ်တွေ ပိုပိုပြီးယဉ်ကျေးလာတာ ဘာကြောင့် ဖြစ်မလဲ”

“အာဠဝက က ဘုရားရှင်အပေါ်ထားတဲ့ သဘောထား တဖြည်းဖြည်းပြောင်းလာလို့ ပိုပို ယဉ်ကျေးလာတာပါ ဘဘ”

“ဟုတ်တယ် ပထမအဆင့်က ရန်သူလို သဘောထားတဲ့ အဆင့်၊ ဒီတော့ပြောတဲ့ စကား ကလဲခပ်ကြမ်းကြမ်းပဲ ‘ငါ့ရှင်ရဟန်း’ တဲ့၊ လေးစားတဲ့ သဘောမပါဘူး။ ဒုတိယအဆင့်ကျတော့ ကျေနပ်စပြုလာတဲ့အဆင့်။ ဒီတော့ ‘အရှင်ရဟန်း’ ဆိုပြီး ပြေပြေပြစ်ပြစ် ပြောလာတော့ နောက်ဆုံး အဆင့်က သောတာပန် တည်သွားပြီဆိုတော့ ‘အရှင်ဘုရား’ လို့ ရိုရိုသေသေ ခေါ်တော့တာပေါ့ကွယ်”

“ဘဘရှင်းပြတာ ကောင်းလိုက်တာ ဘဘရယ်”

“ရေးဟန်လေ့လာတာကို ပြန်ကောက်ရရင် ရှင်မဟာသီလဝံသရဲ့ ရေးဟန်ဟာ အကြောင်းအရာနဲ့ အရေးအသား ဘယ်လောက်လိုက်ဖက်တယ်ဆိုတာ တွေ့ရတယ်လေ။ တစ်ဖက်က အာဠဝကရဲ့ စကားသုံးခွန်း အာလုပ်စားလို့ ခေါ်တာပေါ့။ အဲဒီစကားသုံးခွန်းကို သရုပ်ဖော်ပြီး တစ်ဖက်က အာဠဝကရဲ့ စိတ်သဘောထား ပြောင်းလာပုံကို အထင်အရှား ပြတာပေါ့ကွယ်။ ဒီတော့ အာဠဝကရဲ့ စကားသုံးခွန်းကို ဘာသာစကား ရှုထောင့်က သရုပ်ဖော်ပြီး အာဠဝကရဲ့ သဘောထား ပြောင်းလဲလာတဲ့ စရိုက်ကို ဒီစကား သုံးခွန်းအရ တန်ဖိုးဖြတ်တာပေါ့ကွယ်”

“ ဟုတ်ပါတယ် ဘဘ”

“သာမန်ပဲကြည့်ရင်တော့ ‘ရှင်မဟာသီလဝံသသည် အာဠဝက၏ အာလုပ်စကားများ တစ်ခု နှင့်တစ်ခု မထပ်အောင် စကားပရိယာယ်ကြွယ်ဝစွာ ရေးသားထားသည်’ လို့ အကဲဖြတ်နိုင်တာပေါ့။ ဒီလောက်ပြောရုံနဲ့ မလုံလောက်ဘူးလေ၊ စိတ်နေ သဘောထားပြောင်းလဲမှုကို တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြတဲ့ စကားတွေအဖြစ် အကဲဖြတ်မှ ဘာသာစကားနဲ့ စာပေဆက်စပ်ပုံဟာ လေးနက်ထင်ရှား လာမှာပေါ့ကွယ်” ။

“နားလည်ပါပြီ ဘဘ”

“ကဲ…နောက်သာဓကတစ်ခုပြောရအောင်။ သမီးသိပြီးသား သာဓကပါပဲ။ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ မဲဇာတောင်ခြေရတု၊ သမီးရတယ် မဟုတ်လား”

“ရပါတယ် ဘဘ”

“အမတ်ကြီး မဲဇာတောကြီးထဲ ရောက်သွားချိန်မှာ ရာသီဥတုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရတယ် မဟုတ်လား။ ဆီးနှင်းတွေက မိုးရွာသလို အလွန်အမင်းကျနေတာလေ။ အမတ်ကြီးက အဲဒီအကြောင်းကို ဘယ်လိုဖွဲ့ထားသလဲ သမီး၊ ဆိုပြစမ်းပါ”

“ဟုတ်ကဲ့ ‘သံဝါဖြောက်ဖြောက်၊ ဆီးနှင်း ပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်’ လို့ ဖွဲ့ထားပါတယ် ဘဘ”

“အဲဒီ အဖွဲ့မှာ ကာရန်ယူထားတဲ့ စကားလုံးတွေကို ထုတ်ပြစမ်းပါ။ “ဖြောက်-ပေါက်-လောက်” ဆိုတဲ့စကားလုံးတွေပါ ဘဘ”

“ဟုတ်ပြီ။ အဲဒီစကားလုံးတွေကို အသံထွက်ပြီးဆိုကြည့်တော့ ဘယ်လိုထင်သလဲ။ အသံတွေက နူးညံ့သလား၊ ကြမ်းတမ်းသလား”

“ကြမ်းတမ်းပါတယ် ဘဘ”

“ ‘ဖြောက်-ပေါက်-လောက်’ ဆိုတဲ့ အသံတွေဟာ နားဝင်မချိုတဲ့အသံကြမ်းတွေ မဟုတ်လား။ ဆီးနှင်းတွေ ငေါက်ခနဲ ငေါက်ခနဲအရှိန် ပြင်းပြင်းနဲ့ကျနေတဲ့ အသံမျိုးလေ။ ဒီတော့ရေးဖွဲ့တဲ့ အကြောင်းအရာနဲ့ ရေးဖွဲ့တဲ့စကားလုံးတွေနဲ့ အင်မတန် လိုက်ဖက်ဆီလျော်တယ်လို့ ဆိုရမှာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“စကားသံတွေကို လေ့လာကြည့်တဲ့အခါ အဲဒီ ‘ဖြောက်-ပေါက်-လောက်’ဆိုတဲ့ ‘က’ သတ်သံတွေဟာ လည်ချောင်းထဲက အသံကြိုးကို ပိတ်ထားရာက ရုတ်တရက် ဖွင့်ထုတ်လိုက်တဲ့အတွက် အရှိန်နဲ့ ပြတ်ပြတ်တောက်တောက်နဲ့ ထွက်လာတဲ့ အသံတွေပေါ့ကွယ်။ “ကသတ်၊ စသတ်၊ တသတ်၊ ပသတ်” ဆိုတဲ့ အသတ်လေးမျိုးပါတဲ့ အသံတွေဟာ အဲဒီလိုပြတ်တောက်တဲ့ သဘာဝ ရှိတယ်။ အဲဒီအသံတွေကို ဘာသာစကားလေ့လာတဲ့ ပညာရှင်တွေက ‘သံရပ်၊ သံပြတ်’လို့ ခေါ်ကြတယ်”

“ဟုတ်ကဲ့ပါ ဘဘ”

“အဲဒီတော့ ပြင်းထန်တဲ့အသံနဲ့လိုက်ဖက်အောင် ပြတ်တောက်တဲ့ ရပ်သံတွေကို သုံးထားတယ်လို့ သရုပ်ဖော်နိုင်တာပေါ့ ကွယ်”

“ ဟုတ်ကဲ့ပါ”

“အဲဒီလိုဆိုရင် ကွဲကွဲပြားပြားမြင်သွားအောင် ‘မဲဇာတောင်ခြေ’ ရတုရဲ့ အစပိုဒ်ကလေးကို ဆိုကြည့်ပါအုံး”

“ဟုတ်ကဲ့ပါ မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ”

“ရပြီ၊ ရပြီ။ အခုဒီအပိုဒ်ကလေးကို သမီး ဆိုလိုက်တော့ စိတ်ထဲမှာသာယာတယ်လို့ ထင်သလား၊ ကြမ်းတမ်းတယ်လို့ ထင်သလား၊ဘယ်လို ထင်သလဲကွယ်”

“သာယာတယ်လို့ ထင်ပါတယ် ဘဘ”

“အေး…ရေးထားတဲ့အကြောင်းက မဲဇာတောင်ခြေမှာ မဲဇာမြစ်က ရစ်ခွေစီးဆင်းနေပုံ၊ မဲဇာတောက စည်စည်ပင်ပင်နဲ့ လွမ်းစရာကောင်းလို့ နေပြည်တော်ဖြစ်တဲ့ ရွှေဘိုမြို့ကို လွမ်းဆွတ် တမ်းတမိပုံကို ဖွဲ့တာလေ”

“ဟုတ်ကဲ့ပါ”

“ကာရန်ယူထားတဲ့စာလုံးတွေကြည့်ရင် ‘ဝေ-တွေ- ရေ၊ လည်- စည်-ပြည်’ ဆိုတဲ့ သံလွင်လို့ ခေါ်တဲ့ သာယာတဲ့ အသံတွေနဲ့ ဖွဲ့ထားတာလေ။ မဲဇာ၏ ပတ်ဝန်းကျင်သာယာပုံကို သာယာတဲ့ အသံတွေနဲ့ ဖွဲ့ထားတာမို့ အကြောင်းအရာနဲ့ အရေးအဖွဲ့ လိုက်ဖက်တဲ့ ရေးဟန်ပေါ့ကွယ်”။

မြန်မာ့အလင်း