ဘာသာစာပေပေါင်းကူး (၂)
“အရင်တစ်ခါတုန်းက သမီးတို့လိုလူငယ်တွေ ဘဘကိုမေးလို့ မြန်မာစကားနဲ့ မြန်မာစာ အပြန်အလှန် ဘယ်လိုဆက်သွယ်တယ်ဆိုတဲ့အကြောင်း ဘဘ ဆွေးနွေးဖူးပါတယ်”
“သမီး ဘဘဆွေးနွေးတာကို ဖတ်လိုက်ရပါ တယ်”
“အဲဒီတုန်းကတော့ မြန်မာစကားနဲ့ မြန်မာစာ အကြောင်းကိုပဲကွက်ပြီး ပြောထားတာ။ ခုကတော့ ဘယ်ဘာသာစကားပဲဖြစ်ဖြစ်၊ ဘယ်စာပေပဲဖြစ်ဖြစ် ယေဘုယျအကျုံးဝင်တဲ့ ဘာသာစကားနဲ့ စာပေ အပြန်အလှန်ပေါင်းကူးပြီး လေ့လာဖို့ လိုအပ်တဲ့ အကြောင်းဆွေးနွေးဖို့ ရည်ရွယ်တာပါ”
“ကောင်းပါတယ် ဘဘ၊ သမီးတို့ကျယ်ကျယ် ပြန့်ပြန့်သိရတာပေါ့”
“ဒီပြဿနာကို အနောက်နိုင်ငံက ဘာသာ စာပေပညာရှင်တွေစပြီး ဆွေးနွေးကြတာ ဖတ်ရပါ တယ်။ ဘာသာစကားကို စနစ်တကျ လေ့လာတဲ့ ဘာသာဗေဒပညာရပ်၊ Linguistics ပေါ့။ အဲဒီ ပညာရပ်ကို တက္ကသိုလ်တွေမှာ အဆင့်မြင့်မြင့် သင်ကြားပို့ချနေကြတာ သမီးကြားဖူးမှာပေါ့”
“ကြားဖူးပါတယ် ဘဘ၊ ကမ္ဘာကျော်ဘာသာ ဗေဒပညာရှင်တွေက ဘာသာဗေဒသဘောတရား တွေ ဖော်ထုတ်တဲ့အကြောင်း၊ ဘာသာစကားတွေ ကို ဘာသာဗေဒနည်းနဲ့ စနစ်တကျ သုတေသနပြု တဲ့အကြောင်းတွေ သမီးနည်းနည်းပါးပါး ဖတ်ဖူးပါ တယ်”
“အေး..အဲဒီလိုပဲ စာပေလေ့လာတဲ့ ပညာရှင် တွေက စာပေသဘောတရား Literary Theory တို့၊ စာပေဝေဖန်ရေး Literary criticism တို့ကို တက္ကသိုလ်တွေမှာ စနစ်တကျ ပို့ချနေကြတယ်။ ထင်ရှားတဲ့ စာပေသဘော တရားပညာရှင်တွေ၊ စာပေဝေဖန်ရေးပညာရှင်တွေ ရေးသားထားတဲ့ စာအုပ်စာတမ်းတွေ အများကြီး ရှိတာပေါ့”
“ဟုတ်ကဲ့ပါ”
“၂၀ ရာစုအစောပိုင်းအထိ အဲဒီဘာသာဗေဒ ပညာရှင်တွေနဲ့ စာပေသဘောတရား စာပေဝေဖန် ရေးပညာရှင်တွေဟာ ခပ်စိမ်းစိမ်း ဖြစ်နေကြတယ်တဲ့။ ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်အပြစ်မြင်နေကြသတဲ့။ စာပေပညာရှင်တွေက ဘာသာစကား ပညာရှင်တွေကို စက်ရုပ်ဆန်တဲ့သူတွေ၊ ပုံသေနည်းတွေနဲ့ အချိန်ကုန်နေတဲ့သူတွေ၊ အဆုံးပြောရရင် လူသားမဆန်တဲ့သူတွေလို့ အပြစ်မြင်ကြသတဲ့”
“ဪ၊ ဟုတ်ကဲ့”
“ အဲ.. ဘာသာစကား ပညာရှင်တွေကလည်း စာပေပညာရှင်တွေကို နှလုံးသားခံစားမှုကိစ္စ ရှေ့တန်းတင်တဲ့ သူတွေ အကျိုးနဲ့အကြောင်းနဲ့ စနစ်တကျစိစစ်ရာမှာ အားနည်းတဲ့သူတွေလို့ အပြစ်မြင်ကြသတဲ့”
“စိတ်ဝင်စားစရာပဲနော် ဘဘ”
“ဒီတော့ ဘာသာဗေဒပညာရှင်တွေက စာပေ လေ့လာမှုနယ်ပယ်ကို “ တို့နဲ့ မဆိုင်ဘူး၊ တို့ကိစ္စ မဟုတ်ဘူး”လို့ သဘောထားသလို စာပေပညာရှင် တွေက’ ဘာသာဗေဒနယ်ပယ်ကို အဲဒီလိုပဲသဘော ထားတယ်” တဲ့”
“ဪ…အဲဒီလိုလား ဘဘ”
“ဟုတ်တယ်။ အဲ ၂၀ ရာစုနှောင်းပိုင်းကျတော့ အဲဒီပညာရှင်တွေက နှစ်ဖက်စလုံး အမြင်ပြောင်း လာတယ်တဲ့။ ဘာသာဗေဒပညာရှင်တွေက စာပေ ကိုလေ့လာရင် ဘာသာစကားလေ့လာမှုအတွက် အထောက်အကူဖြစ်ကြောင်း သတိပြုမိလာကြ သလို စာပေပညာရှင်တွေကလည်း ဘာသာစကား ကိုလေ့လာရင် စာပေလေ့လာမှုအတွက် အထောက် အကူပြုကြောင်း သတိပြုမိလာကြသတဲ့”
“ကောင်းတာပေါ့နော် ဘဘ”
“အဲဒီအမြင်ကို ဘဘက ‘ဘာသာစာပေ ပေါင်းကူးအမြင်” လို့ ပြောချင်တာလေ။ သမီး စဉ်းစားကြည့်လေ။ စာပေကို ဘာသာစကားနဲ့ ပြုလုပ်ဖန်တီးရတာမို့ ဘာသာစကားကို ထိထိရောက်ရောက်အသုံးပြုပြီး ရေးဖွဲ့နိုင်လေလေ အဲဒီ စာပေဟာ စာပေအရာမြောက်လေလေ ဖြစ် မှာပေါ့ကွယ်။ ဘာသာစကားကို အကောင်းဆုံးဖြစ် အောင် အသုံးပြုထားတာကိုး”
“ဟုတ်ကဲ့ပါ”
“တစ်ဖက်ကကြည့်ရင် စာကောင်းပေမွန်လို့ အသိအမှတ်ပြုခံရတဲ့ စာပေမျိုးဖွဲ့ဖို့ ဘာသာစကား ကို အကောင်းဆုံးဖြစ်အောင် အသုံးပြုရတဲ့အတွက် အဲဒီစာပေထဲက ဘာသာစကားဟာလည်း အာနိသင်ထက်မြက်တဲ့ ဘာသာစကားဖြစ်တာ ပေါ့ကွယ်”
“စာပေနဲ့ ဘာသာစကားဟာ အပြန်အလှန် အထောက်အကူပြု နေတာပေါ့နော် ဘဘ”
“ဟုတ်တယ်၊ အဲဒီသဘောကို ၂၀ ရာစုနှောင်း ပိုင်းမှာ ဘာသာစကားပညာရှင်တွေရော၊ စာပေ ပညာရှင်တွေရော လက်ခံလာကြတာနဲ့အတူ ပညာရပ်တစ်ခု ပေါ်ထွန်းလာတယ်လို့ ပြောကြ တယ်”
“ဘာပညာရပ်လဲ ဘဘ”
“အင်္ဂလိပ်လိုတော့ Stylistics လို့ ခေါ်တာပေါ့။ မြန်မာလိုတော့ “ပြောဟန် ရေးဟန်ပညာ” လို့ တချို့က ခေါ်တယ်၊ တချို့က “ရေးဟန်ပညာ” လို့ ခေါ်တယ်၊ တချို့ကတော့ “ဟန်ဗေဒ’လို့ ခေါ်တယ်။ လူတွေရဲ့ စကားပြောတဲ့ ဟန်၊ စာရေးတဲ့ဟန်ကို လေ့လာတဲ့ပညာရပ်ပေါ့ကွယ်။ အပြောရော၊ အရေး ရော ခြုံမိအောင် ပြောဟန်၊ ရေးဟန်ပညာ ဒါမှ မဟုတ် “ဟန်ဗေဒ’လို့ ခေါ်ကြတာပေါ့”
“ဘဘ၊ အခုဘဘပြောတဲ့ စကားပြောတဲ့ဟန်၊ စာရေးတဲ့ဟန်ဆိုတဲ့ အသုံးအနှုန်းတွေမှာ “ဟန်” ဆိုတာ ဘာပါလဲဘဘ။ သမီးသေသေချာချာ မသိလို့ပါ”
“အေး..အခုသမီးပြောမှ “ဟန်’ဆိုတာ အရင် သိဖို့လိုတယ်ဆိုတာ ဘဘ သတိထားမိတယ်။ ဟန် ဆိုတာ ဘယ်လိုပြုမူတယ်၊ ဘယ်လိုလှုပ်ရှားတယ် ဆိုတဲ့ ပြုမူလှုပ်ရှားပုံ အမူအရာကို ဆိုလိုတာလို့ ပြောရင် သမီးနားလည်မယ် ထင်တယ်”
“ဒီလိုဆိုရင် စကားကို ဘယ်လိုပြောတယ်။ စာကိုဘယ်လို ရေးတယ်ဆိုတာကို ပြောဟန်၊ ရေးဟန်လို့ ဆိုလိုတာပေါ့နော် ဘဘ”
“ဟုတ်ပါတယ်။ ပြုမူလှုပ်ရှားနေတဲ့ သက်ရှိ သက်မဲ့အားလုံးမှာ ဟန်ရှိတယ်လို့ ဟန်လေ့လာတဲ့ ပညာရှင်တွေက ပြောတယ်..ဘွဲ့။ ဆိုပါတော့ “အဖေ လမ်းလျှောက်တဲ့ဟန်”လို့ ပြောရင် အဖေ ဘယ်လို လမ်းလျှောက်သလဲ၊ ခပ်သွက်သွက် ခြေလှမ်းပြီးလျှောက်တာလား…။ တစ်ချက်ချင်း လျှောက်တာလား၊ လမ်းလျှောက်ရင် ကိုင်တဲ့တုတ် ကို လွှဲလွှဲပြီး လျှောက်တာလား စသည်ဖြင့် ဖြစ်မှာ ပေါ့။ အဲဒါ အဖေလမ်းလျှောက်တဲ့ဟန်ပေါ့ကွယ်”
“ဟုတ်ကဲ့၊ သဘောပေါက်သလိုလိုပါပဲ”
“အဲဒီလိုပဲ၊ အငြိမ့်မင်းသမီးတစ်ယောက်ကတဲ့ ဟန်၊ ဦးလေးခြင်းခတ်တဲ့ ဟန်၊ ဆရာမစာသင်တဲ့ ဟန် စသည်ဖြင့် “ဘယ်လို’ဆိုတဲ့ ဝိသေသထည့်ပြီး ပြောတဲ့ အမူအရာမှန်သမျှ ဟန်လို့ ခေါ်တာပေါ့ ကွယ်”
“ဟုတ်ကဲ့ပါ။ သမီးမေးတာနဲ့ ဘဘပြော လက်စစကား ပြတ်သွားပြီထင်တယ်”
“ရေးဟန်ပညာမှာ စာရေးသူက ဘာသာစကားကို ဘယ်လိုအသုံးပြုထားတယ်ဆိုတာကို တစ်ဖက်က သရုပ်ဖော်ပြီး အဲဒီလိုရေးထားတဲ့ စာဟာစာပေအနေနဲ့ ဘယ်လို သွင်ပြင်လက္ခဏာ ရှိတယ်၊ ဘယ်လို အာနိသင်ရှိတယ်ဆိုတာကို တစ်ဖက်က တန်ဖိုးဖြတ်ရတယ်။ သုံးတဲ့ဘာသာ စကားကို သရုပ်ဖော်ရသလို ပုံပေါ်လာတဲ့စာပေကို တန်ဖိုးဖြတ်ရတယ်။ ဒါကြောင့် ရေးဟန်ပညာဟာ ဘာသာစကားလေ့လာမှုနဲ့ စာပေလေ့လာမှုရဲ့ ‘ဆုံမှတ်”ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြတယ်”
“ဟုတ်ကဲ့၊ မှတ်သားထားပါ့မယ် ဘဘ”
“ဒီတော့…ဘာသာစာပေပေါင်းကူးအမြင်ကို အခြေခံပြီးရေးဟန်ပညာ ပေါ်ပေါက်လာတယ်လို့ ဆိုရမှာပေါ့ကွယ်။ ကဲ… စာပေ လေ့လာရာမှာ ဘာသာစာပေ ပေါင်းကူးအမြင်နဲ့ ဆက်စပ်ကြည့် နိုင်ရင် စာရဲ့ အရည်အသွေး၊ စာရဲ့ အရသာ ပိုထင် ရှားတယ်ဆိုတာ သမီးတို့ သင်ဖူးတဲ့သာဓကတစ်ခု နဲ့ ဘဘရှင်းပြမယ်”
“ရှင်းပြပါ ဘဘ”
“အင်းဝခေတ် ရှင်မဟာသီလဝံသရဲ့ ပါရာ ယနဝတ္ထုကို သမီးသင်ဖူးတယ် မဟုတ်လား”
“ကျောင်းသူဘဝတုန်းက စတုတ္ထနှစ်မှာ သင်ရ ပါတယ်။ ဆရာမဖြစ်လာတော့လည်း တပည့်တွေ ကို သင်ပေးရပါတယ် ဘဘ”
“အဲဒီမှာ အာဠာဝကဘီလူးနဲ့ ဘုရားရှင်နဲ့ အမေးအဖြေလုပ်တဲ့အခန်းကို သင်ဖူးမှာပေါ့”
“သင်ဖူးပါတယ် ဘဘ၊ အာဠာဝကမေးတဲ့ အမေးရှစ်ပါးကို ဘုရားရှင်က ပြန်ဖြေတဲ့အဖြေ ရှစ်ပါး အကြောင်းပါ။ လေးပါးစီခွဲပြီး အမေးအဖြေ လုပ်ပါတယ်”
“သမီးက စာကျေသားပဲ။ ဘုရားရှင်က အာ ဝကရဲ့ ဗိမာန်ကို အာဠာဝက မရှိတုန်းဝင်ပြီး သီတင်းသုံးတာ အာဠာဝက သိတော့ သိပ်စိတ်ဆိုးသွားပြီး ဘုရားရှင်ကို လက်နက်အမျိုးမျိုးနဲ့ တိုက်ခိုက်တယ် မဟုတ်လား။ ဘုရားရှင်ကို ဘာမှ မထိခိုက်တော့ အာဠဝက က ပရိယာယ်တစ်မျိုးပြောင်းတယ်။ သူမေးခွန်းရှစ်ခု မေးမယ်၊ ဘုရားရှင် ( ဖြေနိုင်ရင် ချမ်းသာပေးမယ်၊ မဖြေနိုင်ရင် အပြစ်ပေးမယ်လို့ ကြိမ်းဝါးပြီး ဘုရားရှင်ကို ပထမ မေးခွန်းလေးခုမေးတယ် မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
“အဲဒီမေးခွန်းလေးခု စမေးတဲ့အခါအာဠာဝက ( ဘီလူးက ဘုရားရှင်ကို ဘယ်လိုခေါ်လိုက်သလဲ၊ သမီးမှတ်မိလား”
“ငါ့ရှင်ရဟန်း”လို့ခေါ်ပြီး မေးပါတယ် ဘဘ”
“ဟုတ်ပြီ။ အဲဒီမေးခွန်းတွေကို ဘုရားရှင်က ပြေလည်အောင် ဖြေလိုက်တော့ အာဠာဝက ကျေနပ်သွားပြီး နောက်ထပ် မေးခွန်းလေးခု ထပ်မေးတယ်လေ။ အဲဒီလိုမေးတော့ကော ဘုရား ရှင်ကို ဘယ်လိုခေါ်လိုက်ပါလိမ့်”
“သမီးအမှတ်တမဲ့ ဖြစ်သွားပါတယ် ဘဘ၊ မမှတ်မိပါဘူး”
“ကဲ…အခုမှတ်ထား “အရှင်ရဟန်း”လို့ ခေါ်ပြီး မေးတာ”
“အဲဒီမေးခွန်းတွေကို ဘုရားရှင်က ပြေလည် အောင်ပြီးတဲ့နောက်အာဠာဝကက နောက်ထပ် မေးခွန်းတွေ မေးပြန်တယ်။ အဲဒီမှာတော့ ဘုရား ရှင်ကို ဘယ်လိုခေါ်လိုက်သလဲ”
“အရှင်ဘုရားလို့ ခေါ်တယ်ထင်ပါတယ်ဘဘ”
“ထင်ပါတယ် လုပ်မနေနဲ့၊ “အရှင်ဘုရား”လို့ ခေါ်တာအမှန်ပဲ။ ဒီတော့ အာဠာဝကဘီလူးက ဘုရားရှင်ကိုခေါ်ပုံ သုံးမျိုးကွဲတယ် မဟုတ်လား။
“ဘာတွေလဲ”
“ငါ့ရှင်ရဟန်း”ရယ်၊ “အရှင်ရဟန်း” ရယ်၊ “အရှင်ဘုရား’ရယ် သုံးမျိုးပါ ဘဘ”
“အဲဒီအခေါ်သုံးမျိုးကွဲတာကို သမီးတပည့် တွေကို ဘယ်လို ရှင်းပြသလဲ”
“အထွေအထူး ရှင်းမပြခဲ့ပါဘူး ဘဘ။ သူတို့ အဓိပ္ပာယ်သိပြီးသား စကားလုံးတွေမို့ ရှင်းမပြခဲ့ တာပါ”
“အဲဒါ သမီးတို့ဆရာ ဆရာမတွေဘက်က အားနည်းချက်ပဲ။ ဘဘသိပါတယ်။ ပါရာယနဝတ္ထု သင်ရင် သမီးတို့က ခုခေတ်နဲ့မတူတဲ့ အင်းဝ ခေတ်သုံးစကားတွေကို အဓိကထားသင်တာ မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ။ ပါရာယနဝတ္ထုမှာ “စာတီ’ဆိုတာ “စေတီ”ကိုခေါ်တာ၊ “သာလကာ” ဆိုတာ “အလွယ်တကူ”လို့ အဓိပ္ပာယ်ရတယ်။ “အောက်တောကျိုက်’ဆိုတာ “ခါးတောင်းကျိုက်’လို့ အဓိပ္ပာယ်ရတယ် ဆိုတာတွေ သင်ပေးပါတယ်။ ပြီးတော့အင်းဝခေတ်အသုံးအနှုန်းတွေဖြစ်ကြောင်း မှတ်ခိုင်းပါတယ် ဘဘ”
“ကဲ… ခုန ဘဘပြောတဲ့ အခေါ်သုံးခုက ဘာထူးခြားတယ်ဆိုတာ စဉ်းစားပေါ့။ နောက် တစ်ပတ်ပေါ့။”