ဘာသာစာပေပေါင်းကူး (၁)
“ဘဘ၊ မီးပြန်ရောက်နေပါတယ်။ ဘဘ နေကောင်းတယ်နော်”
“ကောင်းပါတယ် သမီးရယ်။ ကျင်းပိတ်ရက် ပြန်လာတာထင်တယ်”
“ဟုတ်ပါတယ် ဘဘ။ ဘဘဆီရောက်တုန်း ပြဿနာတစ်ခု တင်ပြပါရစေ”
“ကိုင်း၊ ဘာပြဿနာပါလိမ့်ဗျာ”
“သမီးတို့ တက္ကသိုလ်မှာ မြန်မာစာတန်းတက်ဖို့ အဆင့်မီတဲ့ သမီးတပည့်ကလေးတွေ မေးတဲ့ပြဿနာပါ ဘဘ”
“ဘာပါလိမ့်”
“မြန်မာစာမှာ မဟာတန်းရောက်ရင် အထူးပြုနှစ်မျိုးခွဲထားတာ ဘဘသိပါတယ်။ ဘာသာစကား အထူးပြုနဲ့ စာပေအထူးပြုဆိုပြီး ခွဲတာပါ”
“ဟုတ်ပါတယ်။ ဒီလိုခွဲတာ တော်တော်ကြာပြီပဲ၊ ဘဘ သိပါတယ်”
“သူတို့က သမီးကို အကြံဉာဏ်တောင်းတယ် ဘဘ။ ဘာသာစကားကို အထူးပြုရမလား စာပေကို အထူးပြုရမလား၊ ဘယ်ဟာ ပိုကောင်း သလဲတဲ့”
“ဒီတော့ သမီးက ဘယ်လိုအကြံပေးလိုက် သလဲကွယ်”
“နှစ်ခုစလုံး ကောင်းတာချည်းပဲ၊ ကိုယ် ဝါသနာထက်သန်တာကို ယူလို့ အကြံပေးလိုက်တာပါ ဘဘ”
“ သမီးကအမြဲတမ်း အကျိုးသင့်အကြောင်းသင့် စဉ်စားတတ်တဲ့ သူပဲကွယ်။ အခုလို အကြံပေးတာ ကောင်းတာပေါ့ ။”
“ပြဿနာက တချို့ ဆရာ ဆရာမတွေက ဘာသာစကားက စာပေထက်ပိုကောင်းတယ်။ ဒါကြောင့် ဘာသာစကား အထူးပြုယူလို့ အကြံပေးတယ်။ တချို့က စာပေက ဘာသာစကားထက် ပိုကောင်းတယ် စာအထူးပြု ယူလို့ အကြံပေးတယ်။ ဒီတော့ ကလေးတွေက ဇဝေဇဝါ ဖြစ်နေတာပေါ့ အဘရယ်”
“ဟုတ်တာပေါ့ကွယ်”
“တချို့က ဘယ်လိုတောင် ပြောသလဲဆိုရင် ဘာသာစကားအထူးပြုက စာနည်းတယ်။ စာပေ အထူးပြုက စာတွေအများကြီးပဲ။ ဘာသာစကားယူရင် နည်းနည်းပဲ ကျက်ရတယ်တဲ့”
“ဪ.. ဖြစ်မှဖြစ်ရလေ”
“တချို့က ဒါထက်ပိုဆိုးတယ်။ ဘာသာစကား အထူးပြုယူရင် အင်္ဂလိပ်လို သင်ရတဲ့ဘာသာတွေ ပါတာမို့ နိုင်ငံခြားသွားရဖို့ ပိုနီးစပ်တယ်”
“ဪ….ဒုက္ခပါလား”
“တချို့ကတော့ စာအထူးပြုယူရင် စာကောင်း ပေကောင်းတွေ အများကြီး လေ့လာခွင့်ရမယ်၊ ဝါသနာပါရင် စာရေးဆရာဖြစ်ဖို့ ပိုနီးစပ်တယ်လို့ ပြောတာကြားရပါတယ်။ ဒါကြောင့် ဘဘကို ဒီပြဿနာ တင်ပြတာပါ”
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဘဘလည်း အရင်က ဒီပြဿနာကို ကြုံဖူးလို့ ဆွေးနွေးပါတယ်။ ဆရာမ ခပ်ကြီးကြီး တစ်ယောက်ဆိုရင် အစည်းအဝေးမှာ ဘာပြောသလဲဆိုတော့ စာပေယူတဲ့သူတွေက ဘာသာစကားယူတဲ့ သူတွေထက် တော်တယ်တဲ့။ ဘာသာစကား ယူတဲ့သူတွေက စာပေးယူတဲ့သူတွေတော် ညံ့တယ်တဲ့။ အတည်ပေါက်နဲ့ ပြောနေတာ။ သူက စာပေယူခဲ့တဲ့သူလေ။ တခြားဆရာကြီး ဆရာမကြီးတွေက စကားဆင်ဆင်ခြင်ခြင် ပြောဖို့ သူ့ကိုဟန့်ကြတယ်”
“ဪ.. ဟုတ်လားဘဘ”
“ဒါက၊ အစွဲနဲ့ သန်ရာသန်ရာ ပြောလို့ ကောက်ချက်ချရမှာပေါ့ကွယ်။ တကယ်တော့ ဘာသာစကားနဲ့ စာပေဆိုတာ ဘဘသာရပ်တွေမှ မဟုတ်တာကွယ်။ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုနေတဲ့ ဘာသာရပ်တွေပဲဟာ”
“သမီးလည်း အဲဒီလိုပဲထင်ပါတယ် ဘဘ။ သေသေချာချာတော့ ရှင်းမပြတတ်ပါဘူး”
“ဒီတော့ သမီးနဲ့ ဘဘနဲ့ ဒီပြဿနာကို အခြေခံကျကျ စဉ်းစားကြည့်ကြမယ်လေ။ “တောင်တောရယ်သာ” ဆိုတဲ့ ကဗျာကလေး သမီးရတယ်မဟုတ်လား။ ဒွေးချိုးကဗျာကလေးလေ။ ဆိုကြည့်စမ်းပါ”
“ရပါတယ် ဘဘ ‘တောင်တော ရယ်သာ။ မာလာက ငုံဖူး၊ တစ်ပင်ကို နှစ်ပင်ယှက်တယ်။ ကျေးငှက်က မြူး’ ပါ ဘဘ”
“ဟုတ်ပါပြီး အဲဒီကဗျာကလေးက အင်မတန် လှတဲ့မြင်ကွင်းကလေးကို ဖွဲ့ထားတာနော်။ သာယာတဲ့ တောထဲတောင်ထဲမှာ ပန်းကလေးတွေ ဖူးပွင့်နေပုံ တစ်ပင်နဲ့တစ်ပင် ယှက်နေပုံ၊ ပင်ပေါ်မှာ ကျေးငှက်ကလေးတွေ ပျော်မြူး နေပုံကို သရုပ်ဖော်ထားတာပေါ့”
“ဒီဒွေးချိုးကို ရေးတဲ့ကဗျာစာဆိုကို မသိရဘူး နော်ဘဘ”
“ဟုတ်တယ်။ ဘယ်သူရေးခဲ့တယ်ဆိုတာ မသိခဲ့ဘူး ‘အမည်မသိစာဆို’ လို့ ညွှန်းပါတယ်။ ရေးသူနာမည် မသိပေမယ့် ကဗျာကလေးက အင်မတန်ကောင်းတယ်။ ခုအထိအများ ရွတ်ဆိုနေကြတုန်းပဲလေ။ သက်ဝင်နေတုန်းပဲ”
“ဟုတ်ပါတယ် ဘဘ”
“အဲဒီလောက်လှတဲ့ ကဗျာကလေးကို စာပေ အဖွဲ့ကောင်းတစ်ခုလို့ အများလက်ခံကြတယ် မဟုတ်လား။ အဲဒီစာပေကို စာဆိုက ဘာနဲ့ ရေးဖွဲ့သလဲကွယ်”
“စိတ်ကူဉာဏ်နဲ့ ရေးဖွဲ့တာပါ ဘဘ”
“ဟုတ်ပါပြီး အရင်းခံကတော့ စာဆိုရဲ့ စိတ်ကူးဉာဏ်ပေါ့။ စာဆိုက ဒီမြင်ကွင်းကလေးကို အမှန်တကယ် တွေ့ခဲ့မြင်ခဲ့တာ ဖြစ်ချင်ဖြစ်မယ်၊ တွေ့မြင်တာကို အခြေခံပြီး ဖြည့်စွက်ပုံဖော်ထားတာ ဖြစ်ချင်ဖြစ်မယ်။ သူ့ စိတ်ကူးဉာဏ်နဲ့ ကဗျာကလေး တစ်ပုဒ်ဖြစ်လာအောင် ပုံဖော်လိုက်တာ မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
“အဲဒီ စိတ်ကူးဉာဏ် ပုံပေါ်လာအောင် ဘာနဲ့ ပုံဖော်ထားတာလဲကွယ်”
“ဟုတ်ကဲ့….ဘာနဲ့ပုံဖော်ထားသလဲဆိုတော့….၊ ဟာ..သမီး သိပါပြီ။ စကားလုံးတွေနဲ့ ရေးပြီး ပုံဖော်ထားတာ မဟုတ်လား ဘဘ”
“ဟုတ်ပါတယ်။ ကဗျာစာဆိုက ‘တောင်တော ရယ်သာ’ အစချီတဲ့ စကားလုံးတွေနဲ့ ပုံဖော်ရေးအဖွဲ့ လိုက်လို့ ဒီကဗျာကလေးကို ဘဘတို့၊ သမီးတို့ ဖတ်ရတာ မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
” စကားလုံးတွေဆိုတာ ကကြီး ခခွေးတွေ၊ ဗျည်းတွေ သရတွေ မဟုတ်လား။ တစ်နည်း ပြောရရင် တို့မြန်မာတွေ ရေးသားပြောဆိုနေတဲ့ စကားပဲမဟုတ်လား”
“ဟုတ်ပါတယ် ဘဘ”
“ကဲ..ဒီတော့ ဒီဒွေးချိုးကလေးလို “စာပေ” တစ်ခု ပေါ်ပေါက်လာအောင် စာဆိုရဲ့ အတွေ့အကြုံတွေ၊ စိတ်ကူးဉာဏ်တွေ ပုံပေါ်လာအောင် သမီးပြောသလို စကားလုံးတွေနဲ့ ပုံဖော်ရတယ်။ တစ်နည်းပြောရရင် ဘာသာစကားနဲ့ ပုံဖော်တယ် မဟုတ်လားကွယ် ”
“ဟုတ်ပါတယ် ဘဘ၊ မီးမြင်ပါပြီ”
“ဟုတ်ပါပြီ။ ဒီတော့ ‘စာပေ’ ဖြစ်လာအောင် ‘ဘာသာစကားနဲ့ ပုံဖော်ရတယ်။ တစ်နည်းပြောရရင် ‘စာပေ’ ကို ‘ဘာသာစကား” နဲ့ ပြုလုပ်ရတယ် လို့ ပြောရမှာပေါ့” “ဟုတ်ပါတယ် ဘဘ” “ဘာသာစကားမပါဘဲ စာပေတစ်ခု ဖြစ်လာနိုင်ပါ့မလား”
“ဖြစ်မလာနိုင်ပါဘူး ဘဘ”
“ ဒီတော့ စာပေနဲ့ ဘာသာစကားဟာ ဘယ်လောက် ဆက်စပ်ပတ်သက်နေတယ်ဆိုတာ ဒီသာဓကနဲ့ပဲ အလွယ်တကူ သိနိုင်ပါတယ်”
“ဟုတ်ကဲ့ပါ”
“မြင်သာတဲ့ ဥပမာပေးရရင်၊ အခု ဘဘထိုင်နေတဲ့ကုလားထိုင်က ဘာနဲ့ လုပ်တာလဲသမီး”
“သစ်သားနဲ့လုပ်ထားတာပါအဘ”
“ဟုတ်တယ်။ ကုလားထိုင်ကို သစ်သားနဲ့လုပ်ထားသလိုပဲ စာပေကို ဘာသာစကားနဲ့ လုပ်ထားတယ်လို့ ခိုင်းနှိုင်းကြည့်နိုင်တယ်”
“ဒီလိုဆိုရင် စာပေက ကုလားထိုင်နဲ့တူပြီး ဘာသာစကားက သစ်သားနဲ့တူတာပေါ့”
“ဟုတ်ကဲ့ပါ”
“ ဒီလိုဆိုရင် ကဗျာဆရာက ဘာနဲ့တူတယ်လို့ ပြောမလဲ”
“ကဗျာဆရာက ကုလားထိုင်လုပ်တဲ့ လက်သမားနဲ့ တူပါတယ် ”
“ဟုတ်တာပေါ့။ လက်သမားက သူ့စိတ်ကူးဉာဏ်နဲ့ သစ်သားကိုသုံးပြီး ကုလားထိုင်တစ်လုံး လုပ်တဲ့ သဘောမျိုး။ ကဗျာဆရာက သူ့စိတ်ကူး ဉာဏ်သုံးပြီး ကဗျာတစ်ပုဒ်ကို စကားလုံးတွေနဲ့ ပုံဖော်လိုက်တာပေါ့ကွယ်”
“နားလည်ပါပြီ ဘဘ”
“ဒီလို ဘာသာစကားနဲ့ စာပေဆက်စပ်ပုံကို ဖော်ပြထားတဲ့ စကားတွေရှိပါတယ်။ ဝတ္ထုလေ့လာတဲ့ ပညာရှင်တစ်ယောက်က ပြောတယ်။ ဝတ္ထုထဲက ဇာတ်ဆောင်တွေကို စကားလုံးတွေနဲ့ တည်ဆောက်ပုံဖော်ထားတာပါတဲ့”
“ဟုတ်တာပဲနော်”
“ဒီနေရာမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ ဖွင့်ဆိုချက်တစ်ခုကို ပြောပြမယ်။ ဆရာကြီးက ‘ကဗျာ ဆိုသည်မှာ အဘယ်နည်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ကဗျာသဘောကို ဖွင့်ဆိုရာမှာ ငပလီ လူရည်ချွန်စခန်းမှာ ဆရာကြီးတွေ့ခဲ့တဲ့ အတွေ့အကြုံနဲ့ ဥပမာပေးတယ်။ လူရည်ချွန်ကလေးတွေက ကမ်းစပ်က ခရုခွံတွေကို ကောက်ပြီး အရုပ်ကလေးတွေ လုပ်နေကြတာကို ဆရာကြီးမြင်ခဲ့တာကို၊ ခရုကလေး တွေကို အမျိုးမျိုးဆက်ပြီး စိတ်ကူးနဲ့ပုံဖော်လိုက်တော့ လူရုပ်တွေ၊ ငှက်ရုပ်တွေ၊ ပန်းပွင့်တွေ၊ ကျောက်ဆောင်တွေ ဖြစ်သွားတာလေ။ ဖက်လိပ်ခရုကလေးကို မတ်တတ်ထောင်ပြီး ခုံးခွံကလေး နှစ်ခုဘေးကကပ်ပြီး နှုတ်သီးကလေး ကပ်လိုက်တော့ ဇီးကွက်ရုပ်ကလေး ဖြစ်သွားတယ်တဲ့။ ဆရာကြီးက အဲဒီအတွေ့အကြုံကို ဥပမာပေးပြီး ကဗျာရဲ့ အဓိပ္ပာယ်ကိုဖွင့်ဆိုတယ်။ ‘ခရုခွံကလေးတွေကို အနုပညာလက်နှင့် သင့်လျော်သလို ဆက်စပ်ဖန်တီး လိုက်သောအခါ ငှက်ကလေးတွေ၊ ပန်းပွင့်ကလေးတွေ ဖြစ်လာသလို စကားလုံးကလေးတွေကို အလင်္ကာလက်နှင့် ဖက်စပ်ဖန်တီး လိုက်သောအခါ ကဗျာကလေးတွေဖြစ်လာသည်” လို့ ဥပမာပေးပြီးတော့ “ကဗျာဆိုသည်မှာ စကားလုံးတို့ကို သင့်လျော်အောင် ဖက်စပ်ဖန်ဆင်း ဖွဲ့ဆိုသီကုံးထားသည့် စကားလုံး အရုပ်ကလေးတွေ ဖြစ်ပါသည်’ တဲ့။ ဘယ်လောက်လှတဲ့ ဖွင့်ဆို ချက်လဲကွယ်”
“သိပ်လှတာပဲနော်ဘဘ”
“အဲဒီမှာ ဘဘတွေ့ရသလဲဆိုတော့ ကဗျာဆိုတဲ့ စာပေအဖွဲ့တစ်ခုဖြစ်လာအောင် စကားလုံးတွေကို တစ်နည်းအားဖြင့် ဘာသာစကားကို သင့်လျော်အောင်တွဲစပ်ပြီး ဖွဲ့ဆိုရတယ်။ ကဗျာဆိုတာ စကားလုံးတွေနဲ့ ဖွဲ့ထားတဲ့ စိတ်ကူးအရုပ်ကလေးတွေပဲ ဆိုတဲ့အချက်ပဲ။ စာပေကို ဘာသာစကားနဲ့ ပြုလုပ်ဖန်တီးရတယ်ဆိုတဲ့ အချက်ပါပဲကွယ်”။
မြန်မာ့အလင်း