မြန်မာယူနီကုဒ် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏ အစည်းအဝေးပြုလုပ် ( သောကြာနေ့၊ ဇူလိုင် ၂၀၊ ၂၀၁၈ ရက်စွဲပါ မြန်မာ့အလင်းသတင်းကို ကူးယူဖော်ပြပါသည်။ ) နေပြည်တော် ဇူလိုင် ၁၉ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ နိုင်ငံတကာသုံး မြန်မာယူနီကုဒ်စံစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတကာသုံးမြန်မာယူနီကုဒ်စံစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေက e-Government စနစ်ကိုထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် ယူနီကုဒ်သုံး မြန်မာစာစံစနစ်ဆိုင်ရာများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲများကို အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် ပြုလုပ်ခဲ့ပြီးသဘောတူဆုံးဖြတ်ချက်များအရ ကို နိုင်ငံတကာ ISO 10646 အသိအမှတ်ပြု မြန်မာဖောင့်ရေးသား ထုတ်လုပ် ဖြန့်ချိသူများသည် မိမိဖောင့်ကိုယူနီကုဒ်စံစနစ်နှင့်ကိုက်ညီအောင် ရေးသားထုတ်လုပ်ရန်၊ မြန်မာယူနီကုဒ်စံစနစ်ကို ဆောလျင်စွာ စမ်းသပ်ကူး ပြောင်းသုံးစွဲရန်၊ ဦးစားပေးရေးဆွဲရန်လိုအပ်သော စံချိန်စံညွှန်းများကို ဆွေးနွေးဖော်ထုတ်သွားရန်၊ နည်းပညာဆပ်ကော်မတီအနေဖြင့် စတင်ရေးဆွဲရန်ဆုံးဖြတ်ထားသည့် စံချိန်စံညွှန်းများအတွက် အဆိုပြုလွှာပုံစံများကို သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်သောကြောင့် နိုင်ငံတကာစံချိန်စံညွှန်းများကိုအတတ်နိုင်ဆုံးမှီငြမ်းကိုးကားပြုစုရေးဆွဲနိုင်ရေးနှင့် စံချိန်စံညွှန်းတစ်ခု(မူကြမ်း)ပြုစုချိန်ကို အကြမ်းအားဖြင့်ခြောက်လသတ်မှတ်နိုင်ရေး၊ အဆိုပြုလွှာပုံစံတွင် ရေးဆွဲမည့် စံချိန်စံညွှန်းတစ်ခုချင်းအတွက် လုပ်ငန်းအစီအစဉ် များနှင့်အတူ တင်ပြနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ(၁) ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးက ISO 10646 နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး ကော်မတီအတွင်းရေးမှူး(၁) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းနှင့် ကော်မတီအတွင်းရေးမှူး(၂) ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်တို့က Keyboard Layout Planများကို အကြံပြုဆွေးနွေးကြသည်။ ဆက်လက်၍ တက်ရောက်လာကြသောဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာယူနီကုဒ်ဧရိယာအဖွဲ့နှင့်မြန်မာစာအဖွဲ့တို့က မိမိတို့ကဏ္ဍအလိုက် လုပ်ဆောင်သွားမည့် ဆောင်ရွက်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

std meeting